2
1-3 ထိုကြောင့် အရှင်ဘုရား၏ ကောင်းမြတ်ခြင်း အရသာကို ခံပြီးဖြစ်လျှင် ယုတ်မာခြင်း၊ လှည့်ဖြားခြင်း၊ သီလကြောင်ခြင်း ငြူစူခြင်း၊ အသရေဖျက်ခြင်း၊ အမျိုးမျိုးကိုပယ်ရှားပြီးသော် ကယ်တင်တော်မူရာရောက်သည့်တိုင်အောင် ကြီးပွားရအံ့သောငှာ ဖွားစသူငယ်များကဲ့သို့ တရားတော်နို့စစ်ကို တောင့်တကြလော့။ လူတို့ပယ်ထားကြသော်လည်း ဘုရားသခင်ရွေးကောက်တော်မူရာ သက်ရှင်ကျောက်မြတ်တည်းဟူသော ထိုအရှင် ဘုရားထံ သင်တို့ရောက်လာကြပြီးလျှင် ယေရှုခရစ်အားဖြင့် ဘုရားသခင်လက်ခံတော်မူဖွယ် ဝိညာဉ့်ဆိုင်ရာပူဇော်သက္ကာများကို ဆက်ကပ်ရသူ သန့်ရှင်းသောပရောဟိတ်ကြီးများဖြစ်သည့်ပြင် သက်ရှင်ကျောက်များအနေနှင့် တည်ထားသောဝိညာဉ်ဗိမာန်ဖြစ်ကြလော့။ သို့နှင့်အညီကြည့်လော့။ ငါရွေးကောက်ရာထောင့် ကျောက်မြတ်ကိုဇိအုန်မြို့၌ ငါချထား၏။ ကိုယ်တော်ကိုယုံကြည်သူသည် အရှက်မကွဲရဟူသော ကျမ်းတစ်ချက်ရှိ၏။ ထိုကျောက်ကား ယုံကြည်သောသင်တို့၌ မြတ်သော်လည်း တည်ဆောက်သူတို့ပယ်ထားသောကျောက်သည် တိုက်ထောင့်စွန်းကျောက်ဖြစ်သည့်ပြင် တိုက်လဲရာကျောက် ထိလဲရာကျောက် ဖြစ်သည်ဟူသော ကျမ်းချက်အရ မယုံကြည်သူတို့၌ဖြစ်၏။ နားမထောင်ကြသောကြောင့် တရားတော်ကိုတိုက်လဲရန် ခန့်ထားတော်မူသည့်အတိုင်း ထိုသူတို့လဲကြ၏။ သင်တို့မူကားမှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်ထဲသို့ ခေါ်ခဲ့တော်မူသောအရှင်၏ ဘုန်းတော်ကိုဖော်ပြစေခြင်းငှာ ရွေးချယ်သောလူမျိုးတော် ပရောဟိတ်နိုင်ငံတော် သီးသန့်၍ပိုင်ဆိုင် တော်မူရာလူမျိုးတော်ဖြစ်လျက် 10 အထက်ကလူမျိုးတော် မဟုတ်သော်လည်း ယခုဘုရားသခင့်လူမျိုးတော်ဖြစ်ကြ၏။ အထက်ကကရုဏာတော် မခံရဘူးသော်လည်း ယခုခံရကြပြီ။
11 ချစ်သူတို့ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသည့်အတိုင်း နာမ်သက်နှင့် တိုက်လှန်သောရုပ်ခန္ဓာ့ဆိုင်ရာ တပ်မက်ခြင်းများကို ချုပ်တည်းလျက် 12 သင်တို့ကိုလူဆိုးများအဖြစ် လူမျိုးခြားတို့ပြစ်တင်ကြသော်လည်း သင်တို့ကောင်းမှုများကိုထောက်ရှုရသဖြင့် စီရင်တော်မူသည့်နေ့ရက်တွင် ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းကြစေရန် သူတို့ရှေ့ ကောင်းသောအကျင့်များကို ပြုကြမည့်အကြောင်း ငါနှိုးဆော်၏။
13-14 အထွဋ်အထိပ်ဖြစ်သော ဘုရင်မင်းမှစ၍ မကောင်းပြုကျင့်သူတို့ကို ပြစ်ဒဏ်စီရင်လျက် အကောင်းပြုကျင့်သူတို့ကို ချီးမွမ်းစေခြင်းငှာ ခန့်ထားသူ ဘုရင်ခံမင်းများနှင့် လောကီအစိုးရဟူသမျှအောက် အရှင်ဘုရားအတွက်ဝန်ခံလျက်နေကြလော့။ 15-16 ဘုရားသခင့်အလိုတော်မှာ လူလွတ်ဖြစ်သောသင်တို့သည် လွတ်ခြင်းအခွင့်ကို အဆိုးကွယ်ဝှက်ရန်မသုံးဘဲ ဘုရားသခင့် ကျွန်အဖြစ် အကောင်းပြုကျင့်ခြင်းအားဖြင့် ဉာဏ်ကင်းသူတို့၏ မိုက်မဲရာကို တိတ်ဆိတ်ကြစေရန် ထိုသို့ဝန်ခံခြင်းတည်း။ 17 သူခပ်သိမ်းတို့ကိုထောက်ထားလျက် ညီအစ်ကိုတို့ကိုချစ်လျက် ဘုရားသခင်ကိုခန့်ညားလျက် ဘုရင်မင်းကိုရိုသေလျက်နေကြလော့။
18 အစေခံဖြစ်သူတို့ ကောင်းမွန်နူးညံ့သောသခင်တို့အောက်သာမဟုတ်၊ ကြမ်းတမ်းသောသခင်တို့အောက်လည်း ခပ်သိမ်းသောကြောက်ရွံ့ခြင်းနှင့် ဝန်ခံလျက်နေကြလော့။ 19 အသို့ဆိုသော် ဘုရားသခင်ကိုသိကျွမ်းသော စိတ်ကြောင့် မတရားသောညှည်းပန်းခြင်းကိုခံလျှင် အကျိုးရှိလိမ့်မည်။ 20 သင်တို့သည် အပြစ်ပြုကျင့်၍ ရိုက်ပုတ်ခြင်းကိုသည်းခံလျှင် မည်သည့်ချီးမွမ်းဖွယ်နည်း။ အကောင်းပြုကျင့်၍ ရိုက်ပုတ်ခြင်းကိုသည်းခံလျှင် ဘုရားသခင့်ရှေ့တော်၌ အကျိုးရှိလိမ့်မည်။ 21 ခရစ်တော်သည် သင်တို့အဖို့ ဒုက္ခခံတော်မူလျက် ခြေရာတော်များ၌ ေလျှာက်လိုက်ကြစေရန် ပုံစံထားတော်မူခဲ့သည့်အလျောက် ထိုသို့ခံခြင်းငှာ သင်တို့ကိုခေါ်ထားတော်မူ၏။ 22 ထိုအရှင်သည်အပြစ်ကိုမပြု နှုတ်ထွက်တော်လည်း လှည့်စားခြင်းမတည်။ 23 ကဲ့ရဲ့ခံရသည့်ကာလ တုံ့ပြန်၍ကဲ့ရဲ့ခြင်း ဒုက္ခခံရသည့်ကာလ ကြိမ်းမောင်းခြင်းမပြုဘဲ ဖြောင့်မတ်စွာစီရင်ဆုံးဖြတ်တော်မူသော အရှင့်ထံ ကိုယ်ကိုအပ်နှင်းတော်မူ၏။ 24 အပြစ်နှင့်လွတ်ခွင့် ဖြောင့်မတ်ခြင်းအဖို့အသက်ရှင်ခွင့်ကို ငါတို့ရကြစေရန် ကားတိုင်ပေါ်၌ ကိုယ်ခန္ဓာတော်တွင် ငါတို့အပြစ်ဝန်ကို ကိုယ်တော်တိုင်သည် ပိုးတော်မူရာ ဒဏ်ချက်တော်များကြောင့် သင်တို့သက်သာရကြ၏။ 25 သိုးများကဲ့သို့သင်တို့သည် အထက်ကလမ်းလွဲကြသော်လည်း သင်တို့နာမ်သက်များကို ထိန်းကျောင်း ကြည့်ရှုတော်မူသော အရှင့်ထံ ယခုပြန်ရောက်ကြပြီ။