9
1 အိဂျစ်ပြည်မှထွက်လာကြပြီးနောက် ဒုတိယနှစ်၊ ပထမလ၌ သိနာတောတွင်မောရှေအား ထာဝရဘုရားက၊
2 အခါသမယ၌ ပသခါပွဲကို ဣသရေလအမျိုးသားတို့ကျင်းပကြစေ။
3 ယခုလဆယ့်လေးရက် ညဉ့်ဦးယံအခါသမယ၌ပင် ထုံးဖွဲ့ဆုံးဖြတ်ခဲ့သမျှသောအချက်အရ ကျင်းပကြလော့ဟု မိန့်တော်မူသည်နှင့်အညီ၊
4 ပသခါပွဲကိုကျင်းပကြစေရန် ဣသရေလအမျိုးသားတို့အား မောရှေဆင့်ဆိုရာ၊
5 ပထမလဆယ့်လေးရက် ညဉ့်ဦးယံ၌ သိနာတောတွင်ပသခါပွဲကို မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ လိုက်နာ၍ကျင်းပကြ၏။
6 ထိုနေ့ရက်၌ သူသေအလောင်းကြောင့် မသန့်ရာရောက်သဖြင့် ပသခါပွဲကိုမကျင်းပရသူအချို့တို့သည် မောရှေ၊ အာရုန်တို့ထံ နေ့ချင်းချဉ်းဝင်ကြပြီးလျှင်၊
7 ကျွန်တော်တို့သည် သူသေအလောင်းကြောင့် မသန့်ရာရောက်ကြသည်မှန်ပါ၏။ အခါသမယ၌ ထာဝရဘုရားထံ ဣသရေလအမျိုးသားတို့ဘောင်တွင် တင်သွင်းလှူဒါန်းခွင့်မရသည်မှာ အသို့နည်းဟုမေးလျှောက်ကြသော်၊
8 မောရှေက၊ သင်တို့နှင့်စပ်လျဉ်း၍ ထာဝရဘုရားအမိန့်တော်ကိုငါမကြားမချင်း ဆိုင်းလင့်ကြဦးဟု ပြန်ဆိုပြီးနောက်၊
9 မောရှေအား ထာဝရဘုရားမိန့်တော်မူသည်ကား၊
10 သင်တို့မှစ၍ သားစဉ်မြေးဆက်တို့အနက်တစ်ဦးဦးသည် သူေသအလောင်းကြောင့် မသန့်ရာရောက်သော်လည်းကောင်း၊ ခရီးလွန်သော်လည်းကောင်း ထာဝရဘုရားရှေ့ ပသခါပွဲကျင်းပခွင့်ရှိကြောင်း ဣသရေလအမျိုးသားတို့အားဆင့်ဆိုလော့။
11 ဒုတိယလ ဆယ့်လေးရက်ညဉ့်ဦးယံ၌ တဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်နှင့်စားကြစေ။
12 အရိုးကိုမချိုးရ။ နံနက်တိုင်အောင် မည်သည်ကိုမျှမကြွင်းစေရ။ ပသခါပွဲထုံးဖွဲ့ချက်ဟူသမျှအတိုင်း ကျင်းပကြရမည်။
13 ခရီးမသွားဘဲသန့်လျက်ပင်၊ ပသခါပွဲကိုမကျင်းပသောသူမူကား အမျိုးမှပယ်ရှားခံစေ။ အခါသမယ၌ ထာဝရဘုရားထံ တင်သွင်းလှူဒါန်းခြင်းမပြုသောကြောင့် အပြစ်ဝန်ကိုထမ်းစေ။
14 သင်တို့တွင်ဝင်နေသူသည် ထာဝရဘုရားရှေ့ ပသခါပွဲကိုကျင်းပလိုလျှင် ပသခါပွဲထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်အတိုင်းကျင်းပစေ။ ဝင်နေသူ၌လည်းကောင်း၊ တိုင်းရင်းသား၌လည်းကောင်း ထုံးဖွဲ့ချက်တစ်ပါးတည်းသာရှိရာသည်ဟု မိန့်တော်မူ၏။
15 စံရာတော်ကိုစိုက်ထူသောနေ့ရက်၌ တိမ်တိုက်သည် သက်သေတော်ရှိတဲတော်တည်းဟူသော စံရာတော်ကိုလွှမ်းမိုးပြီးလျှင် ညဉ့်ဦးမှစ၍နံနက်တိုင်အောင် စံရာတော်အထက် မီးသဏ္ဌာန်တည်၏။
16 အခါခပ်သိမ်း လွှမ်းမိုးသောတိမ်တိုက်သည် ညဉ့်တိုင်းမီးသဏ္ဌာန်ဖြစ်၏။
17 တိမ်တိုက်သည် တဲေတာ်မှတက်သည့်အခါတိုင်း ဣသရေလအမျိုးသားတို့ချီမြဲချီသွားကြ၍ တန့်ရပ်ရာအရပ်တိုင်းလည်း စခန်းချကြ၏။
18 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအမိန့်တော်အရ ချီသွားခြင်း၊ စခန်းချခြင်းပြုလျက် စံရာတော်အထက် တိမ်တိုက်တည်နေသမျှကာလပတ်လုံး စွဲရပ်လေ့ရှိကြ၏။
19 နေ့ရက်ကြာမြင့်စွာစံရာတော်အထက် တိမ်တိုက်တည်နေခဲ့ေသာ် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအမိန့်တော်ကိုကျိုးနွံလျက် မချီဘဲနေကြ၏။
20 စံရာတော်အထက် နေ့ရက်အနည်းငယ်တိမ်တိုက်တည်နေသောအခါလည်း ထာဝရဘုရားအမိန့်တော်အရ စွဲရပ်ခြင်း၊ ချီသွားခြင်းပြုကြ၏။
21 ညဉ့်ဦးမှစ၍ နံနက်တိုင်သာတည်နေလျက် နံနက်အချိန်တက်သော် ချီသွားကြ၏။ နေ့ဖြစ်စေ၊ ညဉ့်ဖြစ်စေ၊ တိမ်တိုက်တက်လျှင်ချီသွားကြ၏။
22 နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ၊ စံရာတော်အထက် တိမ်တိုက်ဆိုင်းလင့်တည်နေလျှင် ဣသရေလအမျိုးသားတို့သည် မချီဘဲစွဲရပ်လျက် တက်မှသာချီသွားကြ၏။
23 ထာဝရဘုရားအမိန့်တော်အရ စခန်းချခြင်း၊ ချီသွားခြင်းပြု၍ ထာဝရဘုရားအမိန့်တော်ကို မောရှေဖြင့်ထုတ်ဆင့်ချက်အတိုင်း ကျိုးနွံကြကုန်သတည်း။