10
1 မောရှေအား ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊
2 ပရိသတ်စည်းဝေးစေခြင်းငှါလည်းကောင်း၊ တပ်များချီစေခြင်းငှါလည်းကောင်း ငွေတံပိုးနှစ်လက်ကိုထုလုပ်လော့။
3 နှစ်လက်လုံးမှုတ်ကြသော် ပရိသတ်ဥဿုံသည် တွေ့ဆုံရာတဲတော်မုတ်ဝအနီး သင့်ထံစုရုံးကြစေ။
4 တစ်လက်တည်းကိုမှုတ်ကြသော် ဣသရေလအိမ်ထောင်များအုပ်ချုပ်သူ အကြီးအကဲတို့သာ သင့်ထံစုရုံးကြစေ။
5 အချက်ပေးသံနှင့်မှုတ်ကြသော် အရှေ့မျက်နှာ၌ ချရပ်သောတပ်များချီကြစေ။
6 အချက်ပေးသံနှင့်နှစ်ကြိမ်မြောက်မှုတ်ကြသော် တောင်မျက်နှာ၌ချရပ်သောတပ်များ ချီကြစေ။ တပ်စဉ်အလိုက်ချီစေခြင်းငှါ အချက်ပေးသံနှင့်မှုတ်ကြရမည်။
7 ပရိသတ်ကိုစုရုံးစေလိုသော်ကား အချက်သံမပေးဘဲ မှုတ်ကြစေ။
8 အာရုန့်သား ပရောဟိတ်ဖြစ်သူတို့သည် သင်တို့အမျိုးအစဉ်အဆက်၊ အမြဲအထုံးအဖွဲ့ဖြစ်ရသောထိုတံပိုးများကို မှုတ်ကြရမည်။
9 နေပြည်တွင် ရန်မူသူတို့ကိုစစ်တိုက်ရန် သင်တို့ချီသောအခါ အချက်ပေးသံနှင့်တံပိုးမှုတ်ကြလျှင် သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ မှတ်သားတော်မူခြင်းကိုခံရသဖြင့် ရန်သူတို့လက်မှလွတ်မြောက်ကြလိမ့်မည်။
10 ရွှင်လန်းဖွယ်ရာနေ့၊ ပြုမြဲပွဲနေ့၊ လဆန်းပွဲနေ့များတွင် မီးရှို့ရာသက္ကာ၊ မိတ်သဟာယပူဇော်သက္ကာများနှင့်စပ်လျဉ်း၍ တံပိုးမှုတ်ကြလျှင် သင်တို့ဘုရားသခင့်ရှေ့ မှတ်သားတော်မူရာအကြောင်းဖြစ်လိမ့်မည်။ ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားပေတည်းဟု မိန့်တော်မူ၏။
11 ဒုတိယနှစ်၊ ဒုတိယလ၊ နှစ်ဆယ်ရက်နေ့တွင် တိမ်တိုက်သည် သက်သေတော်ရှိ စံရာတော်အထက်မှတက်သော်၊
12 ဣသရေလအမျိုးသားတို့သည် သိနာတောမှခရီးကောက်ချီ၍ ပါရန်တောသို့ရောက်ကြလျှင် တိမ်တိုက်တန့်ရပ်၏။
13 မောရှေဖြင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဤပထမအကြိမ်ချီသွားကြသည်မှာ၊
14 ယုဒအနွယ်သားတို့တပ်ပိုင်းသည် တပ်စဉ်အလိုက်တပ်ဦးချီကြရာ၊ ၎င်းတပ်ပေါ်တွင် အမိနဒပ်သားနာရှုန်၊
15 ဣသခါ့အနွယ်သားတို့တပ်ပေါ်တွင် ဇုအာ့သားနာသနေလ၊
16 ဇာဗုလုန့်အနွယ်သားတို့တပ်ပေါ်တွင် ဟေလုန့်သားဧလျာဘတို့ ဗိုလ်လုပ်ကြ၏။
17 ဂေရရှုံ့သား၊ မေရာရိသားတို့သည်ဖြုတ်ချပြီး စံရာတော်ကိုထမ်းဆောင်ချီသွားကြပြီးနောက်၊
18 ရုဗင့်တပ်ပိုင်းသည် တပ်စဉ်အလိုက်ဆက်ချီကြရာ ၎င်းတပ်ပေါ်တွင် ရှေဒုရသားဧလိဇုရ၊
19 ရှိမောင့်အနွယ်သားတို့တပ်ပေါ်တွင် ဇုရိရှဲဒ္ဒဲသားရှေလုမျေလ၊
20 ဂဒ်အနွယ်သားတို့တပ်ပေါ်တွင် ဒွေလသားဧလျာသပ်တို့ ဗိုလ်လုပ်ကြ၏။
21 ရှေ့လွန်စိုက်ထူအံ့သောစံရာတော်အဖို့ ကောဟတ်သားတို့သည် သန့်ရှင်းရာများကို ထမ်းဆောင်ချီသွားကြပြီးနောက်၊
22 ဧဖရိမ့်အနွယ်သားတို့တပ်ပိုင်းသည် တပ်စဉ်အလိုက်ဆက်ချီကြရာ၊ ၎င်းတပ်ပေါ်တွင် အမိဟုဒ်သားဧလိရှာမာ၊
23 မနာရှေ့အနွယ်သားတို့တပ်ပေါ်တွင် ပေဒါဇုရသားဂါမလျေလ၊
24 ဗင်္ယာမိန့်အနွယ်သားတို့တပ်ပေါ်တွင် ဂိဒေါနိသားအဘိဒန်တို့ ဗိုလ်လုပ်ကြ၏။
25 ဒန့်အနွယ်သားတို့တပ်ပိုင်းသည် တပ်စဉ်အလိုက်နောက်တပ်ချီကြရာ ၎င်းတပ်ပေါ်တွင် အမိရှဒ္ဒဲသားအဟေဇာ၊
26 အာရှာ့အနွယ်သားတို့တပ်ပေါ်တွင် သြကရန့်သားပါဂျေလ၊
27 နဿလိအနွယ်သားတို့တပ်ပေါ်တွင် ဧနန့်သားအဟိရတို့ ဗိုလ်လုပ်ကြ၏။
28 ဣသရေလအမျိုးသားတို့သည် တပ်စဉ်အလိုက်ထိုသို့ခရီးကောက်ချီကြသတည်း။
29 ထိုအခါမောရှေက ငါပေးမည်ဟူ၍ ထာဝရဘုရားကတိထားတော်မူခဲ့သောပြည်သို့ ကျွန်ုပ်တို့သွားလျက်ရှိကြပြီ။ ကျွန်ုပ်တို့နှင့်အတူလိုက်ပါလျှင် ကျေးဇူးပြုကြပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးကိုရည်သော မင်္ဂလာစကားမိန့်တော်မူခဲ့ပြီဟု မိဒျန်အမျိုး၊ ရွေလသား၊ ယောက္ခမဖြစ်သူ ဟောဗပ်အားဆိုလျှင် ငါမလိုက်လို။
30 နေရင်းပြည်၊ ဆွေမျိုးသားချင်းရှိရာသို့ပြန်တော့မည်ဟုဆိုသော်၊
31 ကျွန်ုပ်တို့ကိုစွန့်၍ မပြန်ပါလင့်။ သဲတောတွင် ကျွန်ုပ်တို့ချရပ်ရာများကို အဘသိသောကြောင့် ကျွန်ုပ်တို့မျက်စိဖြစ်ပါ၏။
32 အတူလိုက်ပါလျှင် ကျွန်ုပ်တို့၌ ထာဝရဘုရားပြုတော်မူသောကျေးဇူးနှင့်အမျှ၊ အဘအားပြုကြပါမည်ဟုဆိုလေ၏။
33 ထာဝရဘုရား၏တောင်တော်မှ သူတို့သုံးရက်ခရီးချီသွားကြရာ၊ ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာလည်း သုံးရက်ခရီးအတွင်းရှေ့လွန်သွားလျက် ချရပ်ရာကိုရှာဖွေ၏။
34 နေ့အချိန်ချရပ်ရာမှချီသွားတိုင်း ထာဝရဘုရား၏တိမ်တိုက်တော်သည် လွှမ်းမိုးလျက်နေ၏။
35 သေတ္တာတော်ကို ပင့်ဆောင်ကြသောအခါတိုင်း မောရှေက၊ အိုထာဝရဘုရား၊ ထတော်မူ၍ ရန်သူတော်တို့ကွယ်လွင့်ကြပါစေသော။ ကိုယ်တော်ကိုမုန်းသောသူတို့လည်း မျက်မှောက်တော်မှပြေးကြပါစေသော ဟူ၍လည်းကောင်း၊
36 ချရပ်ကြသောအခါတိုင်းလည်း အိုထာဝရဘုရား၊ ဣသရေလလူမျိုးအထောင်အသောင်းရှိရာသို့ ပြန်ကြွတော်မူပါဟူ၍လည်းကောင်း လျှောက်တောင်းလေ့ရှိ၏။