8
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ မီးခုံတော်မျက်နှာစာလင်းစေရန် ဆိုင်ရာမီးခုနစ်ခွက်ကိုတင်ထွန်းရမည့်အကြောင်း အာရုန်အားဆင့်ဆိုလော့ဟု မိန့်မှာတော်မူသည့်အတိုင်း၊
3 အာရုန်လိုက်နာလျက် မီးခုံတော်မျက်နှာစာသို့ မီးခွက်များကိုလှည့်၍ တင်ထွန်းလေ၏။
4 မီးခုံတော်လုပ်နည်းမှာ မောရှေအားထာဝရဘုရားပြတော်မူခဲ့သောပုံစံနှင့်အညီ ခြေကပွင့်ချပ်တိုင်အောင် ရွှေဖြင့်ထုလုပ်သောမီးခုံတော်ဖြစ်သတည်း။
5 မောရှေအား ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊
6 လေဝိအနွယ်သားတို့ကို ဣသရေလအမျိုးသားတို့အနက် ရွေးကောက်၍သန့်စေလော့။
7 သန့်စေရမည့်နည်းဟူမူကား၊ အပြစ်ကင်းရှင်းခြင်းရေဖြင့် သူတို့ကိုဖျန်းပြီးလျှင် မိမိတို့လည်းသန့်ရာရောက်ကြရန် တစ်ကိုယ်လုံးအမွေးရိတ်ပယ်ခြင်း၊ အဝတ်လျှော်ခြင်း၊
8 နွားပေါက်တစ်ကောင်နှင့် ဆိုင်ရာဘောဇဉ်သက္ကာဖြစ်သော ဆီရောပြီးမုန့်ညက်ပါ ဆောင်ယူခြင်းများကိုပြုကြစေ။ အပြစ်ဖြေရာသက္ကာအဖြစ် နွားပေါက်တစ်ကောင်ကိုသင်ထပ်ယူပြီးလျှင်၊
9 တွေ့ဆုံရာတဲတော်ရှေ့ လေဝိအနွယ်သားတို့ကိုတင်သွင်းလျက် ဣသရေလအမျိုးသားအပေါင်း ပရိသတ်ကိုစုရုံးစေလော့။
10 ထာဝရဘုရားရှေ့ လေဝိအနွယ်သားတို့ကိုတင်သွင်းသော် ဣသရေလအမျိုးသားတို့သည် သူတို့အပေါ်တွင်လက်တင်ကြပြီးလျှင်၊
11 ထာဝရဘုရား၏အမှုတော်ကို ဆောင်ရွက်ကြစေရန် ဣသရေလအမျိုးသားတို့အနက် ထာဝရဘုရားမျက်မှောက်တော်တွင် ဦးတိုက်ရာအလှူအဖြစ်ဖြင့် အာရုန်ဦးတိုက်စေ။
12 လေဝိအနွယ်သားတို့လည်း နွားပေါက်များဦးခေါင်းပေါ်တွင် လက်တင်ကြပြီးနောက် အပြစ်ဖြေရာသက္ကာအဖြစ်တစ်ကောင်၊ မီးရှို့ရာသက္ကာအဖြစ်တစ်ကောင်၊ လေဝိအနွယ်သားတို့အပြစ်အဖို့ဖြေခြင်းကိုပြုရန် ထာဝရဘုရားရှေ့ဆက်ကပ်လော့။
13 အာရုန်နှင့်သားတို့ရှေ့တွင်လည်း လေဝိအနွယ်သားတို့ကိုထား၍ ထာဝရဘုရားထံဦးတိုက်ရာအလှူအဖြစ် ဦးတိုက်သဖြင့်၊
14 ငါ့ပိုင်ရာတော်ဖြစ်စေရန် ဣသရေလအမျိုးသားတို့အနက် သန့်ခြားပြီးမှ၊
15 လေဝိအနွယ်သားတို့သည် တွေ့ဆုံရာတဲတော်ဆိုင်ရာအမှုကိုဆောင်ရွက်ရန် ဝင်ခွင့်ရကြလတ္တံ့။ သန့်စေ၍ဦးတိုက်ရာအလှူအဖြစ် ဦးတိုက်ရသည့်အကြောင်းမှာ၊
16-17 အိဂျစ်ပြည်တွင် သားဦးအပေါင်းတို့ကိုဒဏ်ခတ်ခဲ့သောနေ့ရက်၌ပင် ငါ့ပိုင်ရာတော်အဖြစ် ဣသရေလအမျိုးတွင် လူသူတိရစ္ဆာန်သားဦးဟူသမျှကို သီးသန့်ထားသည်နှင့်အညီ ဣသရေလအမျိုးတွင် ဦးစွာဖွားသောသားဦးများအစား လေဝိအနွယ်သားတို့ကို ငါရွေးကောက်သည့်အလျောက် ငါ့အားလွှဲအပ်ရာဖြစ်ကြသောကြောင့်တည်း။
18 ဣသရေလအမျိုးသားဦးများအစား ထိုသူတို့ကိုရွေးကောက်လျက်၊
19 ဣသရေလအမျိုးသားတို့အတွက် တွေ့ဆုံရာတဲတော်ဆိုင်ရာအမှုကို ဆောင်ရွက်စေခြင်းငှါလည်းကောင်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်ကိုချဉ်းကပ်မိကြသဖြင့် ဘေးရောက်မည့်စိုး၍ အကွယ်အကာဖြစ်စေခြင်းငှါလည်ကောင်း၊ အာရုန်နှင့်သားတို့အား ဣသရေလအမျိုးသားတို့အနက် ငါအပ်လေပြီဟုမိန့်တော်မူသည့်အတိုင်း၊
20 မောရှေနှင့်အာရုန်မှစ၍ ဣသရေလအမျိုးသားအပေါင်းပရိသတ်သည် လေဝိအနွယ်သားတို့၌ပြုကြ၏။ သူတို့နှင့်စပ်လျဉ်း၍ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်းပင် ဣသရေလအမျိုးသားတို့ လိုက်နာကြ၏။
21 အာပတ်ကင်းခြင်း၊ အဝတ်လျှော်ခြင်းများကို လေဝိအနွယ်သားတို့ပြုကြပြီးလျှင် အာရုန်သည် ထာဝရဘုရားရှေ့ ဦးတိုက်ရာအလှူအဖြစ်သူတို့ကိုဦးတိုက်လျက် သန့်ရာရောက်စေခြင်းငှါ အပြစ်အဖို့ဖြေခြင်းကိုပြုလေ၏။
22 ထိုနောက်လေဝိအနွယ်သားတို့သည် အာရုန်နှင့်သားတို့ရှေ့တွင် တွေ့ဆုံရာတဲတော်ဆိုင်သောအမှုကို ဆောင်ရွက်ရန်ဝင်သွားကြ၏။ သူတို့နှင့်စပ်လျဉ်း၍ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပင် သူတို့၌ပြုကြသတည်း။
23-24 တစ်ဖန်မောရှေအား ထာဝရဘုရားက လေဝိအနွယ်သားတို့ဆိုင်ရာထုံးနည်းကား၊ အသက်နှစ်ဆယ့်ငါးနှစ်ကျော်သူတို့သည် တွေ့ဆုံရာတဲတော်ကံကျွေးအလုပ်ဝင်၍ ဆောင်ရွက်ကြရမည်။
25 အသက်ငါးဆယ်ကျော်သူတို့မူကား ဆက်လက်မလုပ်မဆောင်ဘဲ ကံကျွေးအလုပ်မှထွက်ကြရမည်။
26 တာဝန်ကင်းလျက် တွေ့ဆုံရာတဲတော်ဆိုင်ရာဝတ်ကို ဆွေမျိုးသားချင်းတို့အားကူညီ၍ ဆောင်ရွက်ခွင့်ရှိစေ။ လေဝိအနွယ်သားတို့ဝတ်နှင့်စပ်လျဉ်း၍ ထိုသို့စီရင်ရမည်ဟု မိန့်တော်မူ၏။