34
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ သင်တို့ပိုင်စုကျအံ့သောနယ်စပ်အတိုင်း ခါနာန်ပြည်သို့ရောက်ကြသည့်ကာလ၊
3 တောင်အလားသည် ဇိနတောမှဧဒုံပြည်စွန်းတစ်လျှောက်ဖြစ်သည်နှင့် အရှေ့စွန်း၊ ရေငံအိုင်ကစ၍၊
4 အကရဗ္ဗိမ်တောင်ကြား တောင်မျက်နှာမှလှည့်လျက် ဇိနမြို့သို့ရောက်ပြီးမှ ကာဒေရှဗာနာမြို့တောင်ဘက်စွန်းအထိ၊ ၎င်းမှဟာဇရဒ္ဒါမြို့၊ အဇမုန်မြို့များကိုလျှောက်လျက်၊
5 အိဂျစ်ချောင်းသို့ကွေ့၍ ပင်လယ်၌ဆုံးရမည်။
6 အနောက်အလားမှာ မြေထဲပင်လယ်တည်း။
7 မြောက်အလားကိုကား မြေထဲပင်လယ်မှဟောရတောင်အထိ၊
8 ဟောရတောင်မှ ဟာမတ်မြို့လမ်းဝအထိ သတ်မှတ်လျက်၊
9 ဇေဒဒ်မြို့စွန်းအထိ၊ ၎င်းမှဇိဖြုန်မြို့အထိလားလျက် ဟာဇရေနန်မြို့၌ဆုံးရမည်။
10 အရှေ့အလားကိုကား ဟာဇရေနန်မြို့မှ ရှေဖံမြို့အထိသတ်မှတ်လျက်၊
11 ရှေဖံမြို့မှ အဣနမြို့အရှေ့ရိဗလမြို့အထိ၊ ၎င်းမှ ဂေင်္နသရက်အိုင်အရှေ့ဘက်တောင်ခြေအထိ၊
12 ၎င်းမှ ယော်ဒန်မြစ်အထိဆင်း၍ ရေငံအိုင်၌ဆုံးရမည်။ သင်တို့နေပြည်အလားများသည် ထိုသို့ဖြစ်ကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူသည့်အတိုင်း၊
13 မောရှေက၊ သင်တို့အနက်ကိုးနွယ်နှင့်တစ်ဝက်အားပေးဝေရန် ထာဝရဘုရားမိန့်မှာတော်မူသည့်အလျောက် မဲကျ၍ သင်တို့ပိုင်ရသည့်ပြည်ကား ထိုသို့တည်း။
14 အိမ်ထောင်များအလိုက်ရုဗင့်အနွယ်၊ ဂဒ်အနွယ်သားတို့မှာမူ မနာရှေ့အနွယ်တစ်ဝက်နှင့်တကွ ကိုယ့်ပိုင်စုကိုခံရလေပြီ။
15 ထိုနှစ်နွယ်နှင့်တစ်ဝက်သည် ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာအရပ်၌ပိုင်စုကိုရကြလေပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
16-17 တစ်ဖန်မောရှေအား ထာဝရဘုရားက သင်တို့ပိုင်စုအဖြစ် ပြည်နယ်ကိုပိုင်းခြားရသောသူတို့အမည်များကား ပရောဟိတ်ဧလာဇာ၊ နန်ု့သားယောရှုတို့ပြင်၊
18 တစ်နွယ်လျှင်တစ်ယောက်ကျ ခေါ်ရသောအကြီးအကဲဖြစ်သူ၊
19 ယုဒအနွယ်၊ ယေဖုန္နာ့သား ကာလက်၊
20 ရှိမောင့်အနွယ်အမိဟုဒ်သား ရှမွေလ၊
21-22 ဗင်္ယာမိန့်အနွယ်၊ ခိသလုန့်သားဧလိဒဒ်၊ ဒန့်အနွယ်၊ ယောဂလိသားဗုက္က၊
23 ယောသပ်သားတို့တွင် မနာရှေ့အနွယ်၊ ဧဖုဒ်သားဟံယေလ။
24 ဧဖရိမ့်အနွယ်၊ ရှိဖတန့်သား ကေမွေလ၊
25 ဇာဗုလုန့်အနွယ်၊ ပါနက်သား ဧလိဇဖန်၊
26 ဣသခါ့အနွယ်၊ အဇ္ဇန့်သား ပါလတေလ၊
27 အာရှာ့အနွယ်၊ ရှေလောမိသား အဟိဟုဒ်၊
28 နဿလိအနွယ်၊ အမိဟုဒ်သား ပေဒဟေလတို့တည်းဟု မိန့်တော်မူ၏။
29 ခါနာန်ပြည်တွင် ဣသရေလအမျိုးသားတို့ပိုင်စုကိုပိုင်းခြားရန် ထာဝရဘုရားမိန့်မှာတော်မူသော အကြီးအကဲများကား ဤသူတို့တည်း။