35
ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေအားထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဣသရေလအမျိုးသားတို့သည် ကိုယ့်ပိုင်စုအနက် နေထိုင်ရန်မြို့များနှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကို လေဝိဂိုဏ်းသားတို့ဝတ္ထုကံအဖြစ် လွှဲအပ်ကြစေဟုဆင့်ဆိုလော့။ ထိုမြို့များသည် သူတို့နေထိုင်ရာဖြစ်လျက် ပတ်ဝန်းကျင်လည်း နွား၊ သိုး၊ ဆိတ်၊ အစရှိသောတိရစ္ဆာန်များ စားကျက်ဖြစ်ရမည်။ လေဝိဂိုဏ်းသားတို့အား လွှဲအပ်ရသောမြို့ပိုင်စားကျက်အကျယ်အဝန်းကား မြို့ရိုးအပြင်ပတ်လည်၌ တောင်ရေတစ်ထောင်ရှိစေ။ အလယ်ဗဟိုရှိမြို့ပြင်၊ အရှေ့အနောက်၊ တောင်မြောက်၊ လေးမျက်နာ၌တိုင်းတာရသော တောင်ရေနှစ်ထောင်ကား မြို့ပိုင်စားကျက်ဖြစ်ရမည်။ 6-7 လူသတ်တို့ပြေးသွားခိုဝင်ရာမြို့ခြောက်မြို့ပြင် လေးဆယ့်နှစ်မြို့၊ ပေါင်းလေးဆယ့်ရှစ်မြို့ကို စားကျက်များနှင့်တကွ လေဝိဂိုဏ်းသားတို့အား ဝတ္ထုကံမြို့အဖြစ်လွှဲအပ်ကြရမည်။ ဣသရေလအနွယ်တို့ပိုင်စုအနက် မြို့များကိုလွှဲအပ်ရာတွင် ဦးရေများလျှင်မြို့အများကိုလည်းကောင်း၊ ဦးရေနည်းလျှင်မြို့အနည်းကိုလည်းကောင်းနုတ်လျက် အနွယ်အသီးအသီးတို့သည် ပိုင်စုအလျောက် မြို့များကိုလေဝိဂိုဏ်းသားတို့အား လွှဲအပ်ကြရမည်ဟုမိန့်တော်မူ၏။
9-10 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ ယော်ဒန်မြစ်ကိုကူးချီ၍ ခါနာန်ပြည်သို့ရောက်ကြသည့်ကာလ၊ 11 သူ့အသက်ကို မတော်တဆသတ်မိသောလူသတ်တို့ ပြေးသွားခိုဝင်ရာမြို့များကို ရွေးချယ်ကြလော့။ 12 ထိုမြို့များသည် လူပရိသတ်ရှေ့တရားစီရင်ခံရန် လူသတ်တို့ရပ်ခွင့်မရမချင်း၊ သေစားသေစေသူ့လက်မှ ခိုဝင်ရာမြို့များဖြစ်ရလိမ့်မည်။ 13-14 ခိုဝင်ရာမြို့အဖြစ် ယော်ဒန်မြစ်တစ်ဘက်သုံးမြို့၊ ခါနာန်ပြည်အတွင်းသုံးမြို့ ပေါင်းခြောက်မြို့ကို လွှဲအပ်ကြလော့။ 15 ထိုခြောက်မြို့ကား ဣသရေလအမျိုးသားဖြစ်စေ၊ ဝင်နေသူဖြစ်စေ၊ အာဂန္တုဖြစ်စေ၊ သူ့အသက်ကိုမတော်တဆသတ်မိသောလူတိုင်း ပြေးသွားခိုဝင်ရာဖြစ်သတည်း။ 16-18 သို့သော်လည်း သံလက်နက်ဖြင့် အသေသတ်လျှင်လည်းကောင်း၊ သေလောက်သောကျောက်ခဲကိုကိုင်၍ အသေသတ်လျှင်လည်းကောင်း၊ သေလောက်သောတုတ် လက်နက်ကိုကိုင်၍ အသေသတ်လျှင်လည်းကောင်း လူသတ်မှုမြောက်၍ မုချသေဒဏ်ခံစေ။ 19 သေစားသေစေသူသည် လူသတ်ကိုတွေ့ရာတွင် ကိုယ်တိုင်သတ်စေ။ 20-21 မုန်းထားလျက်တွန်းထိုး၍သော်လည်းကောင်း၊ ချောင်းမြောင်းလျက်ပစ်ခတ်၍သော်လည်းကောင်း၊ ရန်မူလျက်လက်သီးနှင့်ထိုး၍သော်လည်းကောင်း အသေသတ်လျှင် လူသတ်မှုမြောက်သည့်အတိုင်း မုချသေဒဏ်ခံစေ။ သေစားသေစေသူသည် လူသတ်ကိုတွေ့ရာတွင်သတ်စေ။ 22-23 ရန်ကင်းလျက် ရှောင်တခင်တွန်းထိုးမိ၍သော်လည်းကောင်း၊ အသက်အန္တရာယ်မရှာ၊ မချောင်းမြောင်းဘဲမျက်ကွယ်လျက် ရန်ဘက်မဟုတ်သူ့အပေါ်တွင် သေလောက်သည့်ကျောက်ခဲမှစသော တစ်စုံတစ်ခုဖြင့်ပစ်ခတ်မိ၍သော်လည်းကောင်း သေစေလျှင်မူကား၊ 24 လူပရိသတ်သည် သတ်မိသူနှင့်သေစားသေစေသူတို့ကြားတွင် ဤဆုံးဖြတ်ချက်များနှင့်အညီစီရင်၍၊ 25 သေစားသေစေသူ့လက်မှ ထိုလူသတ်ကိုကယ်လွှတ်လျက် ပြေးရောက်ပြီး ခိုဝင်ရာမြို့သို့ပြန်ပို့စေ။ သန့်ရှင်းသောဆီဖြင့် ဘိသိက်ခံပရောဟိတ်မင်းမလွန်မချင်း ၎င်းမြို့တွင်ထိုသူနေထိုင်ရမည်။ 26 သို့ရာတွင် လူသတ်သည် မည်သည့်အခါမဆို ပြေးရောက်ပြီးခိုဝင်ရာမြို့နယ်မှထွက်သည်နှင့်၊ 27-28 ခိုဝင်ရာမြို့နယ်အပြင် သေစားသေစေသူတွေ့၍သတ်လျှင် ပရောဟိတ်မင်းမလွန်မချင်း ခိုဝင်ရာမြို့တွင်တည်နေထိုက်သောကြောင့် သွေးသွန်းပြစ်ကင်းစေ။ ပရောဟိတ်မင်းကွယ်လွန်ပြီးမှသာ ပိုင်ရာမြေသို့ လူသတ်ပြန်ခွင့်ရလိမ့်မည်။ 29 ထိုအချက်များသည် သင်တို့အမျိုးအစဉ်အဆက် နေရာအရပ်ရပ်၌ ထုံးဖွဲ့ဆုံးဖြတ်ချက်ဖြစ်လိမ့်သတည်း။ 30 အကြင်သူသည်သူ့အသက်ကို သတ်အံ့။ ထိုလူသတ်သည် သက်သေခံအများထွက်ဆိုသည့်အတိုင်း သေဒဏ်ခံစေ။ သက်သေခံတစ်ဦးတည်းထွက်ဆိုလျှင် သေဒဏ်လွတ်စေ။ 31 ၎င်းပြင် သေဒဏ်ခံထိုက်သောလူသတ်၏အသက်အစား အဖိုးမယူရ။ မုချသေဒဏ်ခံစေ။ 32 ခိုဝင်ရာမြို့သို့ပြေးရောက်ပြီးသူလည်း ပရောဟိတ်မင်းမလွန်မီ ပြင်ပတွင်ပြန်နေခွင့်ရစေခြင်းငှါ အသက်ဖိုးမယူရ။ 33 အသို့ဆိုသော် အသွေးသည်နေပြည်ကိုညစ်ညူးစေသည်နှင့်အညီ၊ သင်တို့နေရာပြည်ကို ညစ်ညူးအောင်မပြုရ။ အသွေးသွန်းသူ၏အသွေးမှတစ်ပါး၊ နေပြည်အတွင်းသွန်းပြီးအသွေးအစား နေပြည်အတွက်မည်သည့်နည်းမျှ ဖြေခြင်းကိုမပြုနိုင်။ 34 ငါထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ဘောင်တွင် ကိန်းဝပ်သည့်အလျောက် ငါစံနေသောသင်တို့နေပြည်ကို မသန့်အောင်မပြုကြရမည့်အကြောင်း ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။