32
တိရစ္ဆာန်အမြောက်အမြားကို ပိုင်သောရုဗင့်အနွယ်၊ ဂဒ်အနွယ်သားတို့သည် ယာဇာနယ်၊ ဂိလဒ်နယ်များတွင် စားကျက်ကောင်းသည်ကိုသိမြင်သော်၊ မောရှေ၊ ပရောဟိတ်ဧလာဇာတို့နှင့် ပရိသတ်အကြီးအကဲတို့ထံဝင်လျက်၊ 3-4 ဣသရေလပရိသတ်​ရှေ့ ထာဝရဘုရားလုပ်ကြံတော်မူသောအတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောင်နယ်များတွင် စားကျက်ကောင်းပါသည်။ ကျွန်တော်မျိုးတို့၌လည်း တိရစ္ဆာန်များပါ၏။ အရှင့်စိတ်နှင့်တွေ့ပါလျှင် ဤပြည်ကိုကျွန်တော်မျိုးတို့အပိုင်ယူပါရစေ။ ယော်ဒန်မြစ်တစ်ဘက်သို့ပို့ဆောင်တော်မမူပါနှင့်ဟု တောင်းလျှောက်ကြသော်၊ ဂဒ်အနွယ်၊ ရုဗင့်အနွယ်သားတို့အား မောရှေက၊ ဆွေမျိုးသားချင်းတို့စစ်ချီကြခိုက် ကိုယ်တိုင်ဤအရပ်တွင်ထိုင်နေကြမည်လော။ ထာဝရဘုရားပေးသနားတော်မူသောပြည်သို့ ကူးသွားမည့်စိတ်ပျက်အောင် ဣသရေလအမျိုးသားတို့ကို အဘယ်ကြောင့် မြစ်တားကြသနည်း။ တိုင်းပြည်ကို ရှုကြည့်စေခြင်းငှါ ကာဒေရှဗာနာမြို့ကငါစေလွှတ်ခဲ့သော သင်တို့အဘများလည်း ထိုသို့ပြုလျက်၊ ဧရှကောလချိုင့်သို့သွား၍ တိုင်းပြည်ကိုရှုကြည့်ပြီးမှ ထာဝရဘုရားပေးသနားတော်မူသောပြည်သို့ ဝင်မည့်စိတ်ပျက်အောင် ဣသရေလအမျိုးသားတို့ကို မြစ်တားကြသည့်နေ့တွင်၊ 10-12 ထာဝရဘုရားသည် အမျက်တော်ထား၍ ငါထာဝရဘုရားကိုစိတ်ပါကိုယ်ရောက်လိုက်ရှာသော ကေနတ်အမျိုးယေဖုန္နာ့သားကာလက်နှင့် နုန့်သားယောရှုတို့မှတစ်ပါး အိဂျစ်ပြည်မှထွက်လာသော အသက်နှစ်ဆယ်ကျော်သူတို့အနက် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ငါသစ္စာဆိုခဲ့သောပြည်သို့ စိတ်ပါကိုယ်ရောက်မလိုက်မရှာကြသည့်အတွက် တစ်ဦးတစ်ယောက်မျှမြင်ခွင့်မရှိရဟု သစ္စာမူလျက်၊ 13 ထာဝရဘုရားရှေ့ဆိုးသွမ်းမှုကိုပြုမိသော ထိုတစ်ဆက်လုံးမကုန်မချင်း၊ နှစ်ပေါင်းလေးဆယ်ကာလပတ်လုံး အမျက်တော်ခံရသောဣသရေလလူမျိုးကို သဲတောတွင်လှည့်လည်စေတော်မူခဲ့ပြီ။ 14 ယခုမှာမူ အပြစ်သားစုဖြစ်သောသင်တို့သည် ထာဝရဘုရားအမျက်ရှိန်ကို ဣသရေလလူမျိုး၌ တိုးပွားစေခြင်းငှါ အဘတို့အစားထွက်ပေါ်ကြလေစွ။ 15 သင်တို့သည် နောက်တော်မှတွန့်ဆုတ်လျှင် ကိုယ်တော်သည် ဤသဲတောတွင်ထားခဲ့ဦးမည်။ သင်တို့လည်းဤတစ်မျိုးလုံးကို ဖျက်ဆီးလေပြီဟုပြန်ဆိုရာ၊ 16 ထိုသူတို့ချဉ်းကပ်၍ တိရစ္ဆာန်များအဖို့ခြံများ၊ သူငယ်တို့အဖို့မြို့ရွာများကိုပြင်ဆင်ပြီးလျှင်၊ 17-18 တိုင်းရင်းသားတို့ကြောင့် ထိုခံတပ်မြို့များတွင် သူငယ်တို့ကိုနေစေလျက် ကျွန်တော်မျိုးတို့သည် အသော့တပ်ဦးချီ၍ ဣသရေလအမျိုးသားတို့ကို နေပြည်သို့ပို့ဆောင်သည့်အတိုင်း အသီးအသီးပိုင်စုမရမချင်း အိမ်သို့မပြန်၊ 19 ကျွန်တော်တို့ပိုင်စုသည် ယော်ဒန်မြစ်အရှေ့ဘက်ကျသောကြောင့် မြစ်တစ်ဘက်၌သူတို့နှင့်အတူ ပိုင်စုယူကြမည်မဟုတ်ဟု တောင်းလျှောက်ကြသော်၊ 20-22 မောရှေက၊ ထိုအတိုင်းပြုလျက် ထာဝရဘုရားသည်ရန်သူတော်တို့ကိုနှင်ထုတ်၍ ရှေ့တော်တွင်တစ်ပြည်လုံးရှုံးနိမ့်သည့်တိုင်အောင် ထာဝရဘုရားရှေ့၊ သူရဲရှိသမျှတို့၊ လက်နက်စွဲကိုင်လျက် စစ်တိုက်ရန်ယော်ဒန်မြစ်ကို ကူးချီလျှင် ထာဝရဘုရားအားလည်းကောင်း၊ ဣသရေလူမျိုးအားလည်းကောင်း၊ တာဝန်ကင်းလျက်ပြန်သွားခွင့်ရပြီးနောက် မျက်မှောက်တော်တွင် ဤပြည်နယ်ကိုပိုင်ရကြလိမ့်မည်။ 23 ထိုသို့မပြုလျှင်မူကား ထာဝရဘုရားကိုပြစ်မှားရာရောက်သည့်အတိုင်း သင်တို့အပေါ်၌ ပြစ်ဒဏ်သင့်မည်ကိုသိမှတ်ကြလော့။ 24 သူငယ်တို့အဖို့မြို့များ၊ သိုးဆိတ်တို့အဖို့ခြံများကိုပြင်ဆင်လျက်၊ နှုတ်ထွက်ကတိအတိုင်းပြုကြလော့ဟုဆိုလျှင်၊ 25 ဂဒ်အနွယ်၊ ရုဗင့်အနွယ်သားတို့က ကျွန်တော်မျိုးတို့သည် အရှင်ဘုရားအမိန့်အတိုင်း ပြုကြပါမည်။ 26 မိန်းမများ၊ သူငယ်များနှင့် သိုး၊ ဆိတ်၊ နွားများကို ဂိလဒ်မြို့ရွာများတွင်နေစေပြီးမှ၊ 27 လက်နက်စွဲကိုင်သူ ကျွန်တော်မျိုးအပေါင်းတို့သည် အရှင်ဘုရားအမိန့်အတိုင်း စစ်တိုက်ရန်ထာဝရဘုရားရှေ့ကူးချီပါမည်ဟု ဝန်ခံကြ၏။
28 မောရှေသည် ထိုသူတို့ကိုရည်၍ ပရောဟိတ်ဧလာဇာ၊ နုန့်သားယောရှုနှင့်ဣသရေလအမျိုးအနွယ် အိမ်ထောင်အအုပ်အချုပ်တို့အား မိန့်မှာလျက်၊ 29 ဂဒ်အနွယ်၊ ရုဗင့်အနွယ်သားတို့တွင် လက်နက်ကိုင်ဟူသမျှသည် တစ်ပြည်လုံးရှုံးနိမ့်သည့်တိုင်အောင် သင်တို့နှင့်အတူထာဝရဘုရားရှေ့၊ ယော်ဒန်မြစ်ကိုကူးချီကြလျှင် ဂိလဒ်နယ်ကိုပိုင်ရာအဖြစ် ထိုသူတို့အားပေးကြလော့။ 30 သင်တို့နှင့်အတူလက်နက်စွဲကိုင်လျက် မကူးမချီလျှင်မူကား သင်တို့အလယ်ခါနာန်ပြည်တွင်သာ အပိုင်ရကြစေဟုဆိုသည့်ကာလ။ 31 ဂဒ်အနွယ်၊ ရုဗင့်အနွယ်သားတို့က ထာဝရဘုရားသည်ကျွန်တော်မျိုးတို့အား မိန့်ဆိုတော်မူသည့်အတိုင်း ဆောင်ရွက်၍၊ 32 ထာဝရဘုရားရှေ့၊ လက်နက်စွဲကိုင်လျက်ခါနာန်ပြည်သို့ကူးချီကြပါမည်။ ယော်ဒန်မြစ်ဤဘက်၌သာ ပိုင်စုတည်ပါရစေဟု တောင်းလျှောက်ကြသည့်အတိုင်း၊ 33 မောရှေသည် ဂဒ်အနွယ်၊ ရုဗင့်အနွယ်သားတို့နှင့် ယောသပ်သားမနာရှေ့အနွယ်တစ်ဝက်အား အာမောရိပြည့်ရှင် ရှိဟုန်မင်းနိုင်ငံ၊ ဗာရှန်ပြည့်ရှင် သြဃမင်းနိုင်ငံများကို မြို့ရွာကျေးလက်နှင့်တကွ လယ်မြေများပါအပ်ပေးလေ၏။ 34 ဂဒ်အနွယ်သားတို့သည် ဒိဘုန်၊ အတရုတ်၊ အာရော်၊ 35 အတရုတ်ရှောဖန်၊ ယာဇာ၊ ယုဗ္ဗေဟ၊ ဗက်နိမရ၊ 36 ဗေသာရန်တည်းဟူသော ခံမြို့များကို သိုးခြံများပါပြုပြင်ကြ၏။ 37 ရုဗင့်အနွယ်သားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊ 38 နေဗော၊ ဗာလမောင်၊ ရှိဗမမြို့များကို ပြုပြင်လျက် အမည်သစ်သမုတ်ကြ၏။ 39 မနာရှေ့သားမာခိရ၏အဆက်အနွယ်သားတို့သည် ဂိလဒ်နယ်သို့ချီ၍သိမ်းယူလျက် နေရင်းအာမောရိလူမျိုးတို့ကိုနှင်ထုတ်သဖြင့်၊ 40 မောရှေအပ်ပေးသည့်အတိုင်း နေရာကျကြ၏။ 41 မနာရှေ့အနွယ်သား ယာဣရလည်း၊ ၎င်းနယ်ရှိရွာများကိုချီ၍ သိမ်းယူပြီးလျှင် 32.41  အနက်ကား၊ ယာဣရ၏မြို့ရွာ။ဟာဝုတ်ယာဣရအမည်ဖြင့်သမုတ်လေ၏။ 42 နောဗာလည်းချီ၍ ကေနတ်မြို့နှင့်ဇနပုဒ်များကိုသိမ်းယူပြီးလျှင် ကိုယ့်အမည်ဖြင့်နော​ဗာမြို့ဟု သမုတ်လေ၏။