31
1-2 တစ်ဖန် မောရှေအားထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အတွက် မိဒျန်၊ လူမျိုးအပေါ်တွင် လက်စားချေလော့။ ထိုနောက်ဘိုးဘေးတို့ထံသင်သွားရမည်ဟု မိန့်တော်မူသည့်အတိုင်း၊
3 လူမျိုးတော်အားမောရှေက၊ မိဒျန်လူမျိုးအပေါ်၌ ထာဝရဘုရားလက်စားချေတော်မူခြင်းကိုပြုအံ့သောငှါ သင်တို့အနက်၊
4 ရဲမက်လက်နက်ကိုင်တို့ကို ဣသရေလအနွယ်အသီးသီး၌ တစ်နွယ်လျှင်တစ်ထောင်ကျ ချီကြစေဟုဆင့်ဆိုသည်နှင့်အညီ၊
5 ဣသရေလတစ်ထောင်တပ်များအနက် တစ်နွယ်လျှင်တစ်ထောင်ကျ ပို့အပ်သောလက်နက်ကိုင်တစ်သောင်းနှစ်ထောင်ကို၊
6 သန့်ရှင်းသောအသုံးအဆောင်များ၊ အချက်ပေးရန်တံပိုးများပါသူ၊ ပရောဟိတ်ဧလာဇာ့သားဖိနဟတ်နှင့်တကွ မောရှေစစ်ချီစေ၏။
7 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိဒျန်လူမျိုးကိုတိုက်ခိုက်လျက်၊
8 ယောက်ျားတိုင်းကိုလုပ်ကြံရာ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းငါးပါးပြင် ဗောရသားဗာလမ်ကိုလည်း ဓားဖြင့်လုပ်ကြံကြ၏။
9 ဣသရေလအမျိုးသားတို့သည် မိဒျန်မိန်းမများ၊ သူငယ်များကိုသုံ့ဘမ်းလျက် နွား၊ သိုး၊ ဆိတ်နှင့်ပစ္စည်းရှိသမျှကို လက်ရသိမ်းလျက်၊
10 နေထိုင်ရာမြို့၊ တပ်ချရာအရပ်ရှိသမျှကိုလည်း မီးတိုက်ပြီးမှ၊
11-12 သုံ့ဘမ်းလက်ရလူ၊ တိရစ္ဆာန်၊ ပစ္စည်းဟူသမျှကို မောရှေ၊ ပရောဟိတ်ဧလာဇာတို့နှင့် ဣသရေလအမျိုးသားပရိသတ်ရှိရာ ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်တပ်စခန်းသို့ဆောင်သွားကြ၏။
13 မောရှေသည် ပရောဟိတ်ဧလာဇာမှစ၍ ပရိသတ်အကြီးအကဲအပေါင်းတို့နှင့်တကွ တပ်ပြင်သို့ထွက်သွားကြိုဆိုရာ၊
14 စစ်ပွဲမှပြန်လာသောဗိုလ်ထုကို အုပ်ချုပ်သူ၊ ထောင်တပ်မှူး၊ ရာတပ်မှူးတို့အာ၊ အမျက်ထွက်လျက်၊
15 မိန်းမအပေါင်းကိုအသက်ရှင်ထားရာသလော။
16 ဗာလမ်အကြံပေးသည့်အတိုင်း ပေဂုရနတ်အမှုအရေး၌ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားအား လွန်ကျူးစေ၍ ထာဝရဘုရား၏ပရိသတ်တွင် ကပ်ရောဂါရောက်စေသောမိန်းမများကား ဤသူတို့တည်း။
17-18 သို့ဖြစ်၍ အပျိုကညာဖြစ်သောသူငယ်မရှိသမျှကို ကိုယ့်အဖို့အရှင်ထားလျက်၊ သူငယ်ယောက်ျားရှိသမျှနှင့် အပျိုကညာမဟုတ်သောမိန်းမတိုင်းကိုကား ကွပ်မျက်ကြလော့။
19 သင်တို့မှာမူ တပ်စခန်းပြင်ခုနစ်ရက်ပတ်လုံးစွဲရပ်လျက် လူကိုလုပ်ကြံခဲ့သူ၊ လူသေအလောင်းကို ထိမိသူတိုင်းပင် တတိယနေ့၊ သတ္တမနေ့၊ နှစ်ရက်တွင် သုံ့ဘမ်းသူတို့နှင့်တကွ အာပတ်ကင်းခြင်းကိုပြုကြလော့။
20 သင်တို့အဝတ်မှစသော သားရေ၊ ဆိတ်မွေး၊ သစ်သားများဖြင့်လုပ်သော အသုံးအဆောင်ဟူသမျှနှင့်စပ်လျဉ်း၍လည်း အာပတ်ကင်းခြင်းကိုပြုကြလော့ဟု မိန့်ဆိုပြီးလျှင်၊
21 စစ်ထွက်ခဲ့သောသူရဲတို့အား ပရောဟိတ်ဧလာဇာက မောရှေအားထာဝရဘုရားမိန့်မှာတော်မူသော တရားထုံးဖွဲ့ချက်ကား၊
22 ရွှေ၊ ငွေ၊ ကြေး၊ သံ၊ ဘင်၊ ခဲအစရှသောမီးချခံသောအရာရာကို၊
23 မီးချ၍သန့်စေသည့်ပြင် အညစ်အကြေးကင်းရှင်းခြင်းရေဖြင့်လည်း စင်ကြယ်စေ။ မီးချမခံသောအရာရာကိုကား ရေဆေးစေ။
24 သတ္တမနေ့၌အဝတ်လျှော်၍ သန့်ရာရောက်ပြီးမှ တပ်စခန်းအတွင်းသို့ ဝင်ခွင့်ရှိကြောင်း ပြန်ကြားလေ၏။
25-26 တစ်ဖန်မောရှေအား ထာဝရဘုရားက သုံ့ဘမ်းလက်ရလူ၊ တိရစ္ဆာန်ကို ပရောဟိတ်ဧလာဇာ၊ ပရိသတ်အိမ်ထောင်များ၊ အအုပ်အချုပ်နှင့်တကွ စာရင်းကောက်လျက်၊
27 ထက်ဝက်ခွဲပြီးလျှင် တစ်ဝက်ကိုစစ်ထွက်ခဲ့သောသူရဲတို့အားလည်းကောင်း၊ တစ်ဝက်ကိုပရိသတ်ဥဿုံအားလည်းကောင်း ဝေပေးလော့။
28 စစ်ထွက်ခဲ့သောသူရဲတို့၏ ထက်ဝက်စုအနက်၊ လူ၊ နွား၊ မြည်း၊ သိုး၊ ဆိတ်တို့တွင် ငါးရာလျှင်တစ်ဖို့ကျ ထာဝရဘုရားအဖို့ ပိုင်စုတော်ကိုကောက်ယူလျက်၊
29 ထာဝရဘုရားထံမြှောက်ဆက်ရာအလှူအဖြစ် ပရောဟိတ်ဧလာဇာသို့အပ်ပေးလော့။
30 ဣသရေလအမျိုးသားတို့ ထက်ဝက်စုအနက်လည်း လူမှစ၍၊ နွား၊ မြည်း၊ သိုး၊ ဆိတ်တည်းဟူသော တိရစ္ဆာန်အပေါင်းတို့တွင် ငါးဆယ်လျှင်တစ်ဖို့ကျနုတ်ယူလျက် ထာဝရဘုရားစံရာတော်ကိုစောင့်ရှောက်သော လေဝိဂိုဏ်းသားတို့သို့အပ်ပေးလော့ဟု မိန့်တော်မူသည့်အတိုင်း၊
31 မောရှေနှင့်ပရောဟိတ်ဧလာဇာတို့ လိုက်နာကြ၏။
32 ဗိုလ်ထုတို့လက်ရဥစ္စာများအနက် အကျန်အကြွင်းကား သိုးဆိတ်ခြောက်သိန်းခုနစ်သောင်းငါးထောင်၊
33-34 နွားခုနစ်သောင်းနှစ်ထောင်၊ မြည်းခြောက်သောင်းတစ်ထောင်၊
35 အပျိုကညာမိန်းမ သုံးသောင်းနှစ်ထောင်ရှိသည်နှင့်၊
36 စစ်ထွက်ခဲ့သောသူရဲတို့၏ ထက်ဝက်စုတည်းဟူသော သိုးဆိတ်သုံးသိန်းသုံးသောင်းခုနစ်ထောင့်ငါးရာ၊
37-40 နွားသုံးသောင်းခြောက်ထောင်၊ မြည်းသုံးသောင်းငါးရာ၊ လူတစ်သောင်းခြောက်ထောင်များအနက်၊ ထာဝရဘုရား၏ပိုင်စုတော်သည် သိုးဆိတ်ခြောက်ရာ့ခုနစ်ဆယ့်ငါးကောင်၊ နွားခုနစ်ဆယ့်နှစ်ကောင်၊ မြည်းခြောက်ဆယ့်တစ်ကောင်၊ လူသုံးဆယ့်နှစ်ယောက်ဖြစ်သတည်း။
41 မောရှေသည်၊ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မြှောက်ဆက်ရာအလှူဖြစ်သော ထိုပိုင်စုတော်ကို ပရောဟိတ်ဧလာဇာသို့ အပ်ပေးလေ၏။
42-47 စစ်တိုက်ခဲ့သူတို့မှ မောရှေခွဲယူ၍ ဣသရေလအမျိုးသားပရိသတ်အား ပေးဝေသည့်ထက်ဝက်စုတည်းဟူသော သိုးဆိတ်သုံးသိန်းသုံးသောင်းခုနစ်ထောင့်ငါးရာ၊ နွားသုံးသောင်းခြောက်ထောင်၊ မြည်းသုံးသောင်းငါးရာ၊ လူတစ်သောင်းခြောက်ထောင်များအနက် လူ၊ တိရစ္ဆာန်တို့တွင်ငါးဆယ်လျှင်တစ်ဖို့ကျ မောရှေနုတ်ယူလျက် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စံရာတော်ကိုစောင့်ရှောက်သော လေဝိဂိုဏ်းသားတို့သို့အပ်ပေးလေ၏။
48 ထိုနောက်အလုံးအရင်းကိုအုပ်ချုပ်သူ၊ ထောင်တပ်မှူး၊ ရာတပ်မှူးတို့သည် မောရှေ့ထံချဉ်းကပ်လျက်၊
49 ကျွန်တော်မျိုးတို့သည် ကိုယ်အုပ်ချုပ်သောသူရဲတို့ကိုစာရင်းကောက်၍ တစ်ဦးတစ်ယောက်မျှမလျော့ပါ။
50 ထိုကြောင့် ကိုယ်အသက်ရွေးနုတ်သောအဖိုးအဖြစ် အသီးအသီးရသောခြေကြိုး၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ လည်ဆွဲ၊ ရွှေတန်ဆာများကို ထာဝရဘုရားထံတင်သွင်းလှူဒါန်းကြပါပြီဟု လျှောက်ကြသော်၊
51 မောရှေနှင့်ပရောဟိတ်ဧလာဇာတို့သည် ရွှေဖြင့်ပြီးသောထိုတန်ဆာရှိသမျှကို ထောင်တပ်မှူး၊ ရာတပ်မှူးတို့မှခံယူပြီးလျှင်၊
52 ထာဝရဘုရားထံမြှောက်ဆက်ရာအလှူအဖြစ် ရွှေချိန်တစ်ရာ့ခြောက်ဆယ့်ခုနစ်ပိဿာ၊ ကျပ်ငါးဆယ်ကိုမြှောက်ဆက်ကြ၏။
53 သူရဲအသီးအသီးတို့ကား လက်ရဥစ္စာကို ကိုယ့်အဖို့သိမ်းယူကြပြီ။
54 မောရှေနှင့်ပရောဟိတ်ဧလာဇာတို့သည် ထောင်တပ်မှူး၊ ရာတပ်မှူးတို့မှသာရွှေကိုခံယူပြီးလျှင် ထာဝရဘုရားမျက်မှောက် ဣသရေလအမျိုးသားတို့ကို မှတ်သားတော်မူဖွယ်အဖြစ် တွေ့ဆုံရာတဲတော်အတွင်း တင်သွင်းကြ၏။