2
1 မောရှေနှင့်အာရုန်တို့အား ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊
2 ဣသရေလအမျိုးသားအသီးအသီးတို့သည် ကိုယ့်တပ်ပိုင်းတွင်၊ ကိုယ့်အိမ်ထောင်အလံအနီး တွေ့ဆုံရာတဲတော်ကိုမျက်နှာမူ၍ ပတ်လည်ချရပ်ကြရမည်။
3-4 နေထွက်ရာအရှေ့မျက်နှာ၌ တပ်စဉ်အတိုင်းချရပ်ရသောယုဒတပ်ပိုင်း၊ ယုဒအနွယ်သားစာရင်းဝင်သူ ခုနစ်သောင်းလေးထောင့်ခြောက်ရာ တပ်ပေါ်တွင် အမိနဒပ်သားနာရှုန်ဗိုလ်လုပ်ရမည်။
5-6 ယုဒတပ်အဆက်ချရပ်ရသော ဣသခါ့အနွယ်သားစာရင်းဝင်သူ ငါးသောင်းလေးထောင့်လေးရာတပ်ပေါ်တွင် ဇုအာ့သားနာသနေလ ဗိုလ်လုပ်ရမည်။
7-8 ၎င်းနည်းအဆက်၊ ဇာဗုလုန့်အနွယ်သား စာရင်းဝင်သူငါးသောင်းခုနစ်ထောင့်လေးရာတပ်ပေါ်တွင် ဟေလုန့်သားဧလျာဘ ဗိုလ်လုပ်ရမည်။
9 တပ်စဉ်အတိုင်း ယုဒတပ်ပိုင်းစာရင်းဝင်လူပေါင်းကား တစ်သိန်းရှစ်သောင်းခြောက်ထောင်လေးရာရှိသတည်း။ ဤသူတို့သည် တပ်ဦးချီကြရမည်။
10-11 တောင်မျက်နှာ၌ တပ်စဉ်အတိုင်းချရပ်ရသောရုဗင့်တပ်ပိုင်း၊ ရုဗင့်အနွယ်သားစာရင်းဝင်သူလေးသောင်းခြောက်ထောင့်ငါးရာတပ်ပေါ်တွင် ရှေဒုရသားဧလိဇုရ ဗိုလ်လုပ်ရမည်။
12-13 ရုဗင့်တပ်အဆက်ချရပ်ရသော၊ ရှိမောင်အနွယ်သားစာရင်းဝင်သူ ငါးသောင်းကိုးထောင့်သုံးရာတပ်ပေါ်တွင် ဇုရိရှဒ္ဒဲသားရှေလုမျေလ ဗိုလ်လုပ်ရမည်။
14-15 ၎င်းနည်းအဆက်၊ ဂဒ်အနွယ်သားစာရင်းဝင်သူ လေးသောင်းငါးထောင့်ခြောက်ရာငါးဆယ်တပ်ပေါ်တွင် ရွေလသားဧလျာသပ် ဗိုလ်လုပ်ရမည်။
16 တပ်စဉ်အတိုင်း ရုဗင့်တပ်ပိုင်းစာရင်းဝင်လူပေါင်းကား တစ်သိန်းငါးသောင်းတစ်ထောင့်လေးရာ့ငါးဆယ်ရှိသတည်း။ ဤသူတို့သည် ဒုတိယချီကြရမည်။
17 အလုံးအရင်းဗဟိုတွင် လေဝိအနွယ်တပ်သားတို့သည် တွေ့ဆုံရာတဲတော်ကိုပင့်ဆောင်လျက် အသီးအသီးရပ်နေရာတပ်ပိုင်းတွင် ချရပ်သည့်အတိုင်းချီကြရမည်။
18-19 အနောက်မျက်နှာ၌ တပ်စဉ်အတိုင်းချရပ်ရသောဧဖရိမ့်တပ်ပိုင်း၊ ဧဖရိမ့်အနွယ်သားစာရင်းဝင်သူ လေးသောင်းငါးရာတပ်ပေါ်တွင် အမိဟုဒ်သားဧလိရှမာ ဗိုလ်လုပ်ရမည်။
20-21 ဧဖရိမ့်တပ်အဆက်ချရပ်ရသော မနာရှေ့အနွယ်သားစာရင်းဝင်သူ သုံးသောင်းနှစ်ထောင့်နှစ်ရာတပ်ပေါ်တွင် ပေဒါဇုရသားဂါမလျေလ ဗိုလ်လုပ်ရမည်။
22-23 ၎င်းနည်းအဆက် ဗင်္ယာမိန့်အနွယ်သားစာရင်းဝင်သူ သုံးသောင်းငါးထောင့်လေးရာတပ်ပေါ်တွင် ဂိဒေါနိသားအဘိဒန် ဗိုလ်လုပ်ရမည်။
24 တပ်စဉ်အတိုင်း ဧဖရိမ့်တပ်ပိုင်းစာရင်းဝင်လူပေါင်းကား တစ်သိန်းရှစ်ထောင့်တစ်ရာရှိသတည်း။ ဤသူတို့သည် တတိယချီကြရမည်။
25-26 မြောက်မျက်နှာ၌ တပ်စဉ်အတိုင်းချရပ်ရသောဒန့်တပ်ပိုင်း၊ ဒန့်အနွယ်သားစာရင်းဝင်သူ ခြောက်သောင်းနှစ်ထောင့်ခုနစ်ရာတပ်ပေါ်တွင် အမိရှဒ္ဒဲသားအဟေဇာ ဗိုလ်လုပ်ရမည်။
27-28 ဒန့်တပ်အဆက်ချရပ်ရသော အာရှာ့အနွယ်သားစာရင်းဝင်သူ လေးသောင်းတစ်ထောင့်ငါးရာတပ်ပေါ်တွင် သြကရန့်သားပါဂျေလ ဗိုလ်လုပ်ရမည်။
29-30 ၎င်းနည်းအဆက် နဿလိအနွယ်သားစာရင်းဝင်သူ ငါးသောင်းသုံးထောင့်လေးရာတပ်ပေါ်တွင် ဧနန့်သားအဟိရ ဗိုလ်လုပ်ရမည်။
31 ဒန့်တပ်ပိုင်းစာရင်းဝင်လူပေါင်းကား တစ်သိန်းငါးသောင်းခုနစ်ထောင့်ခြောက်ရာရှိသတည်း။ ဤသူတို့သည် တပ်ပိုင်းအတိုင်း နောက်တပ်ချီကြရမည်ဟု မိန့်တော်မူ၏။
32 တပ်စဉ်အတိုင်းတပ်ပိုင်းစာရင်းဝင် ဣသရေလအမျိုးသားတို့သည် အိမ်ထောင်များအလိုက်ရေတွက်သော် ခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ်ရှိသတည်း။
33 လေဝိအနွယ်သားတို့ကိုကား ထာဝရဘုရားမိန့်မှာတော်မူသည်နှင့်အညီ ဣသရေလအမျိုးသားတို့စာရင်းတွင် မောရှေမသွင်းချေ။
34 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့လိုက်နာ၍ အသီးအသီးတို့သည် ကိုယ့်အဆက်အနွယ်၊ ကိုယ့်အိမ်ထောင်များအလိုက် တပ်ပိုင်းတွင်ချရပ်ခြင်း၊ ချီသွားခြင်းပြုကြကုန်၏။