3
သိနာတောင်၌ မောရှေအား ထာဝရဘုရားဗျာဒိတ်ပေးတော်မူသည့်ကာလ အာရုန်နှင့်မောရှေတို့ဆွေစဉ်မျိုးဆက်အတွင်း၊ အာရုန့်သားတို့အမည်များကား သားဦးနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့တည်း။ ပရောဟိတ်ဝတ်ကို ဆောင်ရွက်စေခြင်းငှါ ဘိသိက်သွန်း၍ခန့်ထားခဲ့သော အာရုန့်သားပရောဟိတ်ဖြစ်သူတို့အမည်များကား၊ ထိုသို့ဖြစ်၏။ နာဒပ်နှင့်အဘိဟုမှာမူ သိနာတောင်တွင်ထာဝရဘုရားရှေ့ မီးအထူးကိုဆက်ကပ်မိသောကြောင့် မျက်မှောက်တော်တွင် သားမရှိဘဲသေကြရာ ဧလာဇာနှင့်ဣသမာတို့သည် အဘအာရုန့်ရှေ့တွင် ပရောဟိတ်ဝတ်ကိုဆောင်ရွက်ရကြသေး၏။
မောရှေအား ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ ပရောဟိတ်အာရုန့်ရှေ့ဆောင်ရွက်ကြစေခြင်းငှါ လေဝိအနွယ်သားတို့ကိုချဉ်းကပ်ရပ်တန့်စေလော့။ ထိုသူတို့သည် စံရာတော်ဆိုင်ရာဝတ်ကိုပြုလျက် တွေ့ဆုံရာတဲတော့်ရှေ့၊ အာရုန်နှင့်ပရိသတ်ဥဿုံ့အတွက် အမှုကိုဆောင်ရွက်ရာ၌၊ တွေ့ဆုံရာတဲတော်အသုံးအဆောင်ရှိသမျှကို စောင့်ထိန်း၍ ဣသရေလအမျိုးသားတို့အတွက် အမှုကိုဆောင်ရွက်ကြစေ။ ဣသရေလအမျိုးသားတို့အနက် လေဝိအနွယ်သားတို့ကို လွှဲအပ်တော်မူသည့်အလျောက်၊ အာရုန်နှင့်သားတို့အား ထိုအနွယ်ကိုအပ်နှင်းလော့။ 10 ခန့်ထားသောအာရုန်နှင့်သားတို့သာ ပရောဟိတ်ဝတ်ကိုဆောင်ရွက်ကြစေ။ မဆိုင်သူချဉ်းကပ်မိသော်ကား သေဒဏ်ခံစေဟုမိန့်တော်မူ၏။
11-13 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ အိဂျစ်ပြည်တွင် သားဦးအပေါင်းတို့ကို ဒဏ်ခတ်ခဲ့သောနေ့ရက်၌ပင် ဣသရေလအမျိုးတွင် လူသူတိရိစ္ဆာန်သားဦးဟူသမျှကို ငါ့အဖို့သီးသန့်ထားသည့်အလျောက် ငါပိုင်ဖြစ်ကြသည်နှင့်အညီ ဣသရေလအမျိုးတွင် ဦးစွာဖွားသောသားဦးများအစား ဣသရေလအမျိုးသားတို့အနက် လေဝိအနွယ်သားတို့ကိုပိုင်ရာတော်အဖြစ်ဖြင့် ငါကိုယ်တိုင်ရွေးကောက်လေပြီ။ ငါသည်ထာဝရဘုရားပေတည်းဟု မိန့်တော်မူ၏။
14 တစ်ဖန်သိနာတော၌ မောရှေအားထာဝရဘုရားက၊ 15 လေဝိအနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်များအလိုက် တစ်လကျော်သားပါ ယောက်ျားဟူသမျှကို စာရင်းကောက်လော့ဟုမိန့်တော်မူရာ၊ 16 မောရှေသည်မိန့်မှာတော်မူချက်အရ စာရင်းကောက်သော်၊ 17 လေဝိသားတို့အမည်စာရင်းကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တည်း။ 18 ဂေရရှုံ့သားနှင့်အဆက်အနွယ်များကား လိဗနိ၊ ရှိမိတို့တည်း။ 19 ကောဟတ်သားနှင့်အဆက်အနွယ်များကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့တည်း။ 20 မေရာရှိသားနှင့်အဆက်အနွယ်များကား မဟာလိ၊ မုရှိတို့တည်း။ လေဝိအဆက်အနွယ်များသည် အိမ်ထောင်များအလိုက် ထိုသို့ဖြစ်သတည်း။
21 ဂေရရှုံ့အဆက်အနွယ်များသည် ဂေရရှုံ့မှဆင်းသက်သော လိဗနိအဆက်အနွယ်၊ ရှိမိအဆက်အနွယ်များတည်း။ 22 တစ်လကျော်သားပါ ယောက်ျားဟူသမျှအရေအတွက်အတိုင်း စာရင်းဝင်လူပေါင်းကား၊ ခုနစ်ထောင့်ငါးရာရှိသတည်း။ 23 စံရာတော်ကျောဘက်၊ အနောက်မျက်နှာ၌ ချရပ်ရသောဂေရရှုံ့အဆက်အနွယ်များပေါ်တွင်၊ 24 လေလသားဧလျာသပ်သည် ဂေရရှုံ့အိမ်ထောင်ဗိုလ်လုပ်ရမည်။ 25 တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်း၍ ဂေရရှုံ့သားတို့တာဝန်ကား၊ စံရာတော်၊ တဲတော်အမိုး၊ ထပ်ဆင့်မိုး၊ တွေ့ဆုံရာတဲတော်မုတ်ဝကန့်လန့်ကာ၊ 26 စံရာတော်နှင့် ပူဇော်ရာပလ္လင်တော်ပတ်လည်တံတိုင်းတင်းတိမ်ရံ၊ တံတိုင်းမုတ်ဝကန့်လန့်ကာ၊ ကြိုးအမျိုးမျိုးများတည်း။
27 ကောဟတ်အဆက်အနွယ်များသည် ကောဟတ်မှဆင်းသက်သောအာမရုံအဆက်အနွယ်၊ ဣဇဟာ့အဆက်အနွယ်၊ ဟေဗြုန့်အဆက်အနွယ်၊ သြဇေလအဆက်အနွယ်များတည်း။ 28 တစ်လကျော်သားပါ ယောက်ျားဟူသမျှအရေအတွက်အတိုင်း သန့်ရှင်းရာဌာနတော်အမှုကို ဆောင်ရွက်ရသောလူပေါင်းကား ရှစ်ထောင့်ခြောက်ရာရှိသတည်း။ 29 စံရာတော်ဘေး၊ တောင်မျက်နှာ၌ ချရပ်ရသောကောဟတ်အဆက်အနွယ်များပေါ်တွင်၊ 30 သြေဇလသားဧလိဇဖန်သည် ကောဟတ်အိမ်ထောင်ဗိုလ်လုပ်ရမည်။ 31 သူတို့တာဝန်ကား သေတ္တာတော်၊ စားပွဲတော်၊ မီးခုံတော်၊ ပူဇော်ရာပလ္လင်တော်များ၊ သန့်ရှင်းရာဌာန၌သုံးသောကိရိယာများ၊ ကန့်လန့်ကာတော် အစရှိသောအသုံးအဆောင်များတည်း။ 32 ပရောဟိတ်အာရုန့်သားဧလာဇာသည် သန့်ရှင်းရာဌာနအမှုဆာင်ရွက်သူတို့ကို ကြီးကြပ်လျက် လေဝိဗိုလ်တကာ၏အမှူးဖြစ်ရမည်။
33 မေရာရိအဆက်အနွယ်များသည် မေရာရိမှဆင်းသက်သောမဟာလိအဆက်အနွယ်၊ မုရှိအဆက်အနွယ်များတည်း။ 34 တစ်လကျော်သားပါ ယောက်ျားဟူသမျှအရေအတွက်အတိုင်း စာရင်းဝင်လူပေါင်းကား၊ ခြောက်ထောင့်နှစ်ရာရှိသတည်း။ 35 စံရာတော့်ဘေးမြောက်မျက်နှာ၌ ချရပ်ရသောမေရာရိအဆက်အနွယ်များပေါ်တွင် အဘိဟဲလသားဇုရေလသည် မေရာရိအိမ်ထောင်ဗိုလ်လုပ်လေ၏။ 36 မေရာရိအနွယ်သားတို့ခံရသောတာဝန်ကား စံရာတော်ဘောင်ခွေ၊ ကန့်လန့်ကျင်၊ တိုင်၊ အောက်ခံခုံ၊ အသုံးအဆောင်ကိရိယာရှိသမျှ၊ 37 ပတ်လည်တံတိုင်းတိုင်၊ အောက်ခံခုံ၊ ကြက်ဆူး၊ ကြိုးများတည်း။ 38 စံရာတော့်မျက်နှာစာ၊ နေထွက်ရပ်၊ တွေ့ဆုံရာတဲတော်အရှေ့မျက်နှာ၌ချရပ်ရသူတို့မှာ ဣသရေလအမျိုးသားတို့အတွက် သန့်ရှင်းရာဌာနအမှုဆောင်ရွက်သူ မောရှေမှစ၍ အာရုန်နှင့်သားတို့သာတည်း။ မဆိုင်သူချဉ်းကပ်မိသော်ကား သေဒဏ်ခံစေ။ 39 ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အဆက်အနွယ်အလိုက်၊ မောရှေနှင့်အာရုန်တို့ရေတွက်သူ လေဝိအနွယ်သားတို့တွင် တစ်လကျော်သားပါ စာရင်းဝင်ယောက်ျားပေါင်းကား နှစ်သောင်းနှစ်ထောင်ရှိသတည်း။
40-41 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ငါသည်ထာဝရဘုရားပေတည်း။ ဣသရေလအမျိုးသားတို့တွင် တစ်လကျော်ရွယ်ပါ သားဦးယောက်ျားဟူသမျှကိုရေတွက်၍ အမည်စာရင်းကောက်ပြီးလျှင် ဣသရေလအမျိုးသားဦးများအစား၊ လေဝိအနွယ်သားတို့ကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့ပိုင်တိရစ္ဆာန်သားဦးများအစား လေဝိအနွယ်သားတို့ပိုင်တိရစ္ဆာန်များကိုလည်းကောင်း ငါ့အဖို့ရွေးကောက်လော့ဟု မိန့်မှာတော်မူသည့်အတိုင်း၊ 42 ဣသရေလအမျိုးသားတို့တွင် သားဦးအပေါင်းတို့ကို မောရှေရေတွက်ရာ၊ 43 အမည်စာရင်းအလိုက် တစ်လကျော်ရွယ်ပါ စာရင်းဝင်သားဦးယောက်ျားပေါင်းကား၊ နှစ်သောင်းနှစ်ထောင့်နှစ်ရာ့ခုနစ်ဆယ့်သုံးယောက်ရှိသတည်း။
44-45 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားဦးများအစား လေဝိအနွယ်သားတို့ကိုလည်းကောင်း၊ သူတို့ပိုင်တိရစ္ဆာန်များအစား လေဝိအနွယ်သားတို့ပိုင် တိရစ္ဆာန်များကိုလည်းကောင်းရွေးကောက်၍ လေဝိအနွယ်သားတို့ကို ပိုင်ရာတော်ဖြစ်စေလော့။ 46 ငါသည်ထာဝရဘုရားပေတည်း။ လေဝိအနွယ်သားတို့ထက်ပိုမိုသော ဣသရေလအမျိုးသားဦး နှစ်ရာ့ခုနစ်ဆယ့်သုံးယောက်တို့ကို ရွေးနုတ်ရန်အဖိုးမှာ၊ 47 ပဲနှစ်ဆယ်ကျ ကျပ်ချိန်တော်အလိုက်၊ တစ်ယောက်လျှင်ငါးကျပ်စီခံယူ၍၊ 48 ရွေးနုတ်သော၎င်းတို့ကိုယ်ဖိုးငွေကို အာရုန်နှင့်သားတို့အားအပ်လော့ဟု မိန့်တော်မူသည့်အတိုင်း၊ 49-50 ပိုမိုလျက် လေဝိအနွယ်သားတို့ကြောင့် မရွေးနုတ်သောဣသရေလအမျိုးသားဦးတို့မှ ကိုယ်ဖိုးငွေ ကျပ်ချိန်တော်အလိုက် ဆယ့်သုံးပိဿာခြောက်ဆယ့်ငါးကျပ်ကို မောရှေခံယူပြီးလျှင်၊ 51 ထာဝရဘုရားဗျာဒိတ်ချက်အရ အာရုန်နှင့်သားတို့အားအပ်လေ၏။