စာရင်းတော်ဝင်ကျမ်း
1
1 အိဂျစ်ပြည်မှထွက်လာကြပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောတွင် တွေ့ဆုံရာတဲတော်မှာ မောရှေအားထာဝရဘုရားမိန့်တော်မူသည်ကား၊
2-3 ဣသရေလအမျိုးသားအပေါင်းပရိသတ်တွင် စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော် ယောက်ျားဟူသမျှကို တပ်စဉ်အတိုင်းစုရုံးလျက်၊ အဆက်အနွယ်၊ အိမ်ထောင်၊ အမည်ဦးရေအလိုက် သင်နှင့်အာရုန်စာရင်းကောက်ကြလော့။
4 တစ်မျိုးတစ်နွယ်လျှင်တစ်ယောက်ကျ၊ အိမ်ထောင်အအုပ်အချုပ်ဖြစ်သူတို့လည်း သင်တို့နှင့်အတူပါရှိစေလော့။
5 သင်တို့ကို ကူညီရသူတို့အမည်များကား ရုဗင့်အနွယ်၊ ရှေဒုရသားဧလိဇုရ။
6 ရှိမောင့်အနွယ်၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
7-8 ယုဒအနွယ်၊ အမိနဒပ်သားနာရှုန်၊ ဣသခါ့အနွယ်၊ ဇုအာ့သားနာသနေလ။
9 ဇာဗုလုန့်အနွယ်၊ ဟေလုန့်သားဧလျာဘ။
10 ယောသပ်သားတို့တွင် ဧဖရိမ့်အနွယ်၊ အမိဟုဒ်သားဧလိရှမာ။ မနာရှေ့အနွယ်၊ ပေဒါဇုရသားဂါမလျေလ။
11 ဗင်္ယာမိန့်အနွယ်၊ ဂိဒေါနိသားအဘိဒန်။
12-13 ဒန့်အနွယ်၊ အမိရှဒ္ဒဲသားအဟေဇာ။ အာရှာ့အနွယ်၊
14-15 သြကရန့်သားပါဂျေလ။ ဂဒ်အနွယ်၊ ဒွေလသားဧလျာသပ်။ နဿလိအနွယ်၊ ဧနန့်သားအဟိရတို့တည်းဟု မိန့်တော်မူ၏။
16 ဤသူတို့သည် ကိုယ့်အနွယ့်အပေါ်တွင်အကြီးအကဲ၊ ဣသရေလအိမ်ထောင်များအအုပ်အချုပ်၊ ပရိသတ်တိုင်ပင်ဘက်များဖြစ်ကြသတည်း။
17 မောရှေနှင့်အာရုန်တို့သည် အမည်ပါ ထိုသူတို့ကိုခေါ်၍၊
18 ဒုတိယလ၊ ပထမနေ့၌ လူပရိသတ်ကိုစည်းဝေးစေပြီးလျှင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်ဦးရေအလိုက် အသက်နှစ်ဆယ်ကျော်သူတို့ကို စာရင်းကောက်ကြလျက်၊
19 ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သိနာတော၌မောရှေရေတွက်လေ၏။
20-21 ဣသရေလ၏သားဦး ရုဗင့်အနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်ဦးရေအလိုက်ရေတွက်သော် စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော်ယောက်ျား၊ ရုဗင့်အနွယ်သား လေးသောင်းခြောက်ထောင့်ငါးရာ။
22-23 ရှိမောင့်အနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်ဦးရေအလိုက်ရေတွက်သော်၊ စစ်ချီနိုင်သူ အသက်နှစ်ဆယ်ကျော်ယောက်ျား၊ ရှိမောင့်အနွယ့်သားငါးသောင်းကိုးထောင့်သုံးရာ။
24-25 ဂဒ်အနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော် စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော်၊ ဂဒ်အနွယ်သားလေးသောင်းငါးထောင့်ခြောက်ရာ့ငါးဆယ်။
26-27 ယုဒအနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော် စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော် ယုဒအနွယ်သားခုနစ်သောင်းလေးထောင့်ခြောက်ရာ။
28-29 ဣသခါ့အနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော် စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော် ဣသခါ့အနွယ်သားငါးသောင်းလေးထောင့်လေးရာ။
30-31 ဇာဗုလုန့်အနွယ်သားတို့တွင်၊ အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက် ရေတွက်သော်၊ စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော် ဇာဗုလုန့်အနွယ် သားငါးသောင်းခုနစ်ထောင့်လေးရာ။
32-33 ယောသပ်မှဆင်းသက်သောဧဖရိမ့်အနွယ်သားတို့တွင်၊ အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော်၊ စစ်ချီနိုင်သူ၊ အသက်နှစ် ဆယ်ကျော်၊ ဧဖရိမ့်အနွယ်သားလေးသောင်းငါးရာ။
34-35 မနာရှေ့အနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော်၊ စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော်၊ မနာရှေ့အနွယ် သားသုံးသောင်းနှစ်ထောင့်နှစ်ရာ၊
36-37 ဗင်္ယာမိန်အနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော် စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော် ဗင်္ယာမိန့်အနွယ်သားသုံးသောင်းငါးထောင့်လေးရာ၊
38-39 ဒန့်အနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော် စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော် ဒန့်အနွယ်သားခြောက်သောင်းနှစ်ထောင့်ခုနစ်ရာ။
40 အာရှာ့အနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော်၊ စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော်၊ အာရှာ့အနွယ်သားလေးသောင်းတစ်ထောင့်ငါးရာ။
41-43 နဿလိအနွယ်သားတို့တွင် အဆက်အနွယ်၊ အိမ်ထောင်၊ အမည်အလိုက်ရေတွက်သော် စစ်ချီနိုင်သူ၊ အသက်နှစ်ဆယ်ကျော် နဿလိအနွယ်သားငါးသောင်းသုံးထောင့်လေးရာရှိကြသတည်း။
44 တစ်အိမ်ထောင်လျှင်တစ်ပါးကျ ဣသရေလလူမျိုးအကြီးအကဲဆယ့်နှစ်ပါးတို့ပါ မောရှေနှင့်အာရုန်ရေတွက်သည့်အတိုင်း၊
45-46 ဣသရေလအမျိုးသားတို့တွင် အသက်နှစ်ဆယ်ကျော်၍ စစ်ချီနိုင်သူ၊ အိမ်ထောင်အလိုက်စာရင်းဝင်လူပေါင်း ခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ်ရှိကုန်သတည်း။
47 လေဝိအနွယ်သားတို့ကိုကား သူတို့စာရင်းတွင်မသွင်းချေ။
48 မောရှေအားထာဝရဘုရားမိန့်တော်မူနှင့်သည်မှာ လေဝိအနွယ်သားတို့ကို၊
49 ဣသရေလအမျိုးသားတို့စာရင်းတွင် မသွင်းမကောက်ရ။
50 သက်သေတော်ရှိစံရာတော်နှင့် ဆိုင်ရာအသုံးအဆောင်ကိရိယာရှိသမျှအပေါ်တွင် လေဝိအနွယ်သားတို့ကို ခန့်ထားသည့်အလျောက် စံရာတော်နှင့်အသုံးအဆောင်ရှိသမျှကို ထမ်းဆောင်ခြင်း၊ အမှုတော်ကိုဆောင်ရွက်ခြင်း၊ ပတ်လည်၌ချရပ်ခြင်းများကို ပြုကြရမည်။
51 စံရာတော်ကိုပင့်ဆောင်ရာ၌ လေဝိအနွယ်သားတို့သာချခြင်း၊ စိုက်ရာ၌လည်း လေဝိအနွယ်သားတို့သာ ထူခြင်းပြုကြရမည်။ မဆိုင်သူချဉ်းကပ်မိသော်ကား သေဒဏ်ခံစေ။
52 ဣသရေလအမျိုးသားအသီးအသီးတို့သည် တပ်စဉ်အတိုင်း ကိုယ့်တပ်၊ ကိုယ့်အပိုင်းတွင်တဲစိုက်ရမည်။
53 လေဝိအနွယ်သားတို့မှာ ဣသရေလအမျိုးသားပရိသတ်အပေါ်သို့ အမျက်တော်မသင့်စေခြင်းငှာ သက်သေတော်ရှိစံရာတော်ပတ်လည်၌ချရပ်၍ ထိုစံရာတော်ကိုစောင့်ရှောက်ကြစေဟု၊
54 မောရှေအား ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့လိုက်နာကြ၏။