11
1 လူမျိုးတော်သည် ဒုက္ခအတွက်နားတော်ရောက်ညည်းညူကြသည်ကို ထာဝရဘုရားကြားတော်မူလျှင် အမျက်ထား၍ လောင်မီးကျစေတော်မူသည့်အလျောက် တပ်စခန်းအစွန်အဖျားတွင်ကျွမ်းသည်နှင့် မောရှေအားဟစ်ကြရာ၊
2 ထာဝရဘုရားထံ မောရှေတောင်းပန်သဖြင့် မီးငြိမ်းလေ၏။
3 ထာဝရဘုရား၏လောင်မီးသည် ထိုအရပ်၌သင့်လောင်သည်ကိုအစွဲပြု၍ ၁ 11.3 အနက်ကား၊ မီးေလာင်ခြင်းတဗေရဟုသမုတ်ကြသတည်း။
4 လိုက်ပါလူထုတို့သည် တပ်မက်ကြရာ ဣသရေလအမျိုးသားတို့ကလည်း စားရန်အသားကိုမည်သို့ရပါအံ့နည်း။
5 အိဂျစ်ပြည်တွင် အဖိုးမဲ့စားရသောငါးသားမှစ၍ သခွါးသီး၊ ဖရဲသီး၊ ကြက်သွန်အမြိတ်၊ အဥ၊ အဖြူများကို အောက်မေ့ကြ၏။
6 ယခုမှာမူ ငါတို့ညည်းသောဤမန္နမုန့်မှတစ်ပါး ချင်ရဲပြေရန်မည်သည်မျှမရှိတကားဟု ငိုကြွေးလျက်ဆိုကြ၏။
7 မန္နမုန့်သည် နံနံစေ့နှင့်တူ၍ ပယင်းအဆင်းရှိ၏။
8 လှည့်လည်ကောက်ယူကြပြီးလျှင် ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုလျက် ချက်ပြုတ်ပေါင်းလုပ်ကြသော် ဆီကြော်မုန့်အရသာနှင့်တူ၏။
9 ညဉ့်အခါတပ် စခန်းတွင်ကျသောနှင်းနှင့်တကွ မန္နမုန့်ကျသတည်း။
10 အဆက်အနွယ်အလိုက် လူအသီးအသီးတို့သည် ကိုယ်တဲဝတွင်ငိုကြွေးကြသည်ကို မောရှေကြားလျှင် စိတ်ဆိုးသည့်ပြင် ထာဝရဘုရားလည်းပြင်းစွာအမျက်ထားတော်မူ၏။
11 ထာဝရဘုရားအား မောရှေက၊ ကျွန်တော်မျိုး၌ ဒုက္ခရောက်စေတော်မူ၍ မျက်နှာသာတော်မပေးဘဲ ဤတစ်မျိုးလုံးဝန်ကိုတင်တော်မူသည့်အကြောင်းမှာ အသို့နည်း။
12 ဘိုးဘေးတို့အား သစ္စာဆိုတော်မူခဲ့သည့်အတိုင်း ပေးလတ္တံ့သောပြည်သို့ နို့စို့သူငယ်ကိုအဘပွေ့ဆောင်သည့်နည်းတူ ဤလူမျိုးကိုရင်ခွင်၌ပွေ့ဆောင်လော့ဟု အမိန့်ပေးတော်မူသည့်အကြောင်းမှာ ကျွန်တော်မျိုးသန္ဓေလွယ်၍ဖွားမြင်ပါသလား။
13 စားရန်အသားကိုပေးပါဟု ငိုကြွေး၍တောင်းသောဤတစ်မျိုးလုံးအား ကျွန်တော်မျိုးမည်သို့ပေးနိုင်အံ့နည်း။
14 ဤတစ်မျိုးလုံးကို လေးလံသောမနိုင်ဝန်ဖြစ်၍ ကျွန်တော်မျိုးတစ်ယောက်တည်းမဆောင်နိုင်ပါ။
15 ကျွန်တော်မျိုး၌ထိုသို့ပြုတော်မူမည်ဖြစ်လျှင် ဒုက္ခဆက်လက်မတွေ့စေခြင်းငှါ မျက်နှာသာတော်ပေး၍ အဆုံးစီရင်တော်မူပါဟု တောင်းလျှောက်လေ၏။
16 ထိုအခါ မောရှေအားထာဝရဘုရားက၊ ဣသရေလလူကြီးတို့အနက် လူကြီးများ၊ ဗိုလ်များဖြစ်ကြောင်းကို သင်သိသူခုနစ်ဆယ်တို့ကို တွေ့ဆုံရာတဲတော်အနီး ငါ့ထံ၊ သင်နှင့်အတူခစားကြရစေရန် စုရုံးလော့။
17 ငါလည်းသင့်အားဆင်းသက်မိန့်မြွက်လျက် သင်၌ရှိသောဉာဏ်ဝိညာဉ်ကိုခွဲယူ၍ လွှဲအပ်ခံရမည့်ထိုသူတို့သည် သင်နှင့်တကွ လူမျိုးတော့်ဝန်ကိုဆောင်ကြလိမ့်မည်။ တစ်ယောက်တည်းဆက်လက်မဆောင်ရ။
18 လူပရိသတ်အားလည်းဆင့်ဆိုရမည်မှာ နက်ဖြန်အသားစားခွင့်ပေးတော်မူမည်ဖြစ်၍ ကိုယ်ကိုသန့်ရှင်းစေကြလော့။ သင်တို့က၊ စားရန်အသားကို မည်သို့ရပါအံ့နည်း။ အိဂျစ်ပြည်၌သုခခံစားခဲ့ကြပြီဟု ထာဝရဘုရားနားတော်ရောက် ငိုကြွေးကြသည်ဖြစ်၍ ထာဝရဘုရားသည် စားရန်အသားကိုပေးတော်မူလိမ့်မည်။
19-20 အိဂျစ်ပြည်မှ အဘယ်ကြောင့်ထွက်လာခဲ့ကြရသနည်းဟု ရှေ့တော်၌ငိုကြွေးလျက် သင်တို့အလယ်ရှိထာဝရဘုရားကို စွန့်ပယ်ကြသည့်အတွက် တစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ အရက်နှစ်ဆယ်မက နှာကထုတ်၍ရွံရှာဖွယ်ဖြစ်သည့်တိုင်အောင် တစ်လပတ်လုံးအသားကိုစားကြရမည့်အကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူသော်၊
21 မောရှေက၊ အကျွန်ုပ်နှင့်လိုက်သောလူပေါင်းကား၊ ခြေလျင်သွားသူခြောက်သိန်းပါပါ၏။ ကိုယ်တော်မှာမူ တစ်လပတ်လုံးစားရန်အသားကိုပေးမည်ဟု ကတိထားတော်မူပြီတကား။
22 ချင်ရဲပြေစေရန် နွား၊ သိုး၊ ဆိတ်အုပ်များကိုသတ်ရမည်လော။ သမုဒ္ဒရာရှိသမျှငါးများကို ကျုံးယူရမည်လောဟု ပြန်လျှောက်လျှင်၊
23 ထာဝရဘုရားက၊ ငါထာဝရဘုရားလက်ရုံးတော်တိုသလော။ ငါ့ဗျာဒိတ်သည် တည်၊ မတည်ကို ယခုပင်သင်သိလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
24 မောရှေသည်ထွက်သွား၍ ထာဝရဘုရား၏ဗျာဒိတ်ချက်ကိုလူပရိသတ်အားပြန်ကြားပြီးလျှင် လူကြီးတို့အနက် ခုနစ်ဆယ်ကိုစုရုံးလျက် တွေ့ဆုံရာတဲတော့်ပတ်လည်ထားပြီးနောက်၊
25 ထာဝရဘုရားသည် တိမ်တိုက်တွင်ဆင်းသက်မိန့်မြွက်လျက် မောရှေ၌ရှိသောဉာဏ်ဝိညာဉ်ကိုခွဲယူ၍ လူကြီးခုနစ်ဆယ်ပေါ်တွင်လွှဲအပ်တော်မူ၏။ ဉာဏ်ဝိညာဉ်သက်ရောက်ခိုက် တစ်ကြိမ်မျှသာသူတို့ဟောပြောခွင့်ရကြ၏။
26 စာရင်းဝင်သူဖြစ်လျက် တဲတော်သို့မသွားဘဲ တပ်စခန်းအတွင်းနေရစ်သော ဧလဒဒ်၊ မေဒဒ်အမည်ရှိသူနှစ်ယောက်တို့အပေါ်တွင်လည်း ဉာဏ်ဝိညာဉ်သက်ရောက်သဖြင့် တပ်စခန်းအတွင်းဟောပြောကြသည်ဖြစ်၍၊
27 လုလင်တစ်ယောက်သည် မောရှေ့ထံအသော့သွားလျက် တပ်စခန်းအတွင်း ဧလဒဒ်နှင့်မေဒဒ်တို့ဟောပြောလျက်နေကြသည်ကိုလျှောက်ကြားသော်၊
28 ငယ်စဉ်ကပင်မောရှေ့တပည့်ဖြစ်သူ နုန့်သားယောရှုက၊ အိုအရှင်မောရှေ၊ မြစ်တားပါဟုလျှောက်ရာ၊
29 မောရှေက၊ ငါ့အတွက်မရှုဆိတ်သလော။ ထာဝရဘုရားသည် လူမျိုးတော့်အပေါ်တွင် ဝိညာဉ်တော်သွန်းလောင်းတော်မူသဖြင့် ရှိသမျှပင် ပရောဖက်ဖြစ်ကြပါစေသောဟုဆိုပြီးလျှင်၊
30 ဣသရေလလူကြီးတို့နှင့်တကွ တပ်စခန်းသို့ဝင်လေ၏။
31 ထာဝရဘုရားတိုက်စေတော်မူသောလေဖြင့် ပင်လယ်မှဆောင်ယူခဲ့သော ငုံးငှက်များသည် တပ်စခန်းပတ်လည် တစ်ရက်ခရီးခန့်တိုင်အောင် မြေမှအမြင့်နှစ်တောင်ခန့်ပျံလျက်ကျကြရာ၊
32 လူပရိသတ်သည် ထိုနေ့နှင့်ညဉ့်ပါ နောက်နေ့တစ်နေ့လုံး ငုံးငှက်များကိုထ၍ဖမ်းယူကြပြီးလျှင် တပ်စခန်းပတ်လည်တွင် အခြောက်လှန်းကြသည်မှာ အနည်းဆုံးဖမ်းယူသူသည် တင်းတစ်ရာခန့်ရ၏။
33 သို့ရာတွင် ငုံးသားကိုဝါးလျက်နေကြစဉ်ပင် ထာဝရဘုရားသည် အမျက်တော်ထား၍ ပြင်းပြစွာဒဏ်ခတ်တော်မူသဖြင့်၊
34 ထိုအရပ်၌ တပ်မက်သူတို့ကိုသင်္ဂြိုဟ်ရာဖြစ်သောကြောင့်၁ 11.34 အနက်ကား၊ တပ်မက်သူတို့သင်္ချၖိုင်းကိဗြုတ်ဟတ္တဝါဟု သမုတ်ကြသတည်း။
35 လူမျိုးတော်သည် ကိဗြုတ်ဟတ္တဝါစခန်းမှချီသွားပြီးလျှင် ဟာဇရုတ်စခန်းသို့ရောက်၍ ချရပ်ကြ၏။