9
ကိုယ်တော်သည် လှေပေါ်သို့တက်ပြန်လျက် ကူးသွားသဖြင့် နေရင်းမြို့သို့ရောက်တော်မူသောအခါ သွက်ချာပါဒရောက်သူ့ကို ထမ်းစင်ထက်တင်လျက် အထံတော်သို့ဆောင်ခဲ့ကြ၏။ ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်တော်မူသော် ယေရှုက ငါ့သားအားယူလော့၊ သင့်အပြစ်ပြေေလွတ်ပြီဟု သူနာအားမိန့်တော်မူလျှင်၊ ကျမ်းတတ်ဆရာအချို့က ဤသူသည် ပုတ်ခတ်မှုပြုပြီဟု အောက်မေ့ကြ၏။ ထိုသူတို့၏ စိတ်ထင်များကိုသိမြင်တော်မူသော် ယေရှုက စိတ်၌အဘယ့်ကြောင့်မကောင်းထင်မှတ်ကြသနည်း။ အပြစ်ပြေလွတ်ပြီဟုဆိုရန်လွယ်ကူသလော။ ထ၍လှမ်းသွားလော့ဟုဆိုရန်လွယ်ကူသလော။ လူ့သားသည် မြေကြီးအပေါ်တွင် အပြစ်ဖြေလွှတ်ခွင့်အာဏာရှိကြောင်းကို သင်တို့သိစေခြင်းငှာ ထလော့၊ ထမ်းစင်ကိုဆောင်၍ အိမ်ပြန်လော့ဟု သွက်ချာပါဒရောက်သူ့အား မိန့်တော်မူသော် ထပြီးလျှင်အိမ်သို့ပြန်သွားလေ၏။ 7-8 လူပရိတ်သတ်သည်မြင်သောအခါ ကြောက်ရွံ့၍ လူတို့အားထိုမျှလောက် တန်ခိုးပေးတော်မူသော ဘုရားသခင်၏ ဘုန်းတော်ကိုချီးမြှောက်ကြ၏။ ယေရှုသည် ထိုအရပ်မှထွက်ကြွတော်မူစဉ် အခွန်ရုံတွင်ထိုင်နေသော မဿဲအမည်ရှိသူတစ်ယောက်ကိုမြင်၍ ငါ့နောက်လိုက်လော့ဟုမိန့်တော်မူသော် ထိုသူသည် ထ၍နောက်တော်ကလိုက်၏။ 10 ယေရှုသည် သူ့အိမ်တွင် တပည့်တော်တို့နှင့်တကွ စားတော်ခေါ်စဉ် အခွန်ကောက်နှင့် အပြစ်သားအများလည်း အတူဝင်၍စားပွဲထိုင်ကြသည်ကို ဖာရိရှဲတို့မြင်ကြသော် 11 သင်တို့ဆရာသည် အဘယ့်ကြောင့် အခွန်အကောက်များ အပြစ်သားများနှင့်အတူ စားသောက်သနည်းဟုတပည့်တော်တို့အားမေးမြန်းကြ၏။ 12 ယေရှုသည် ကြားတော်မူသော် ကျန်းမာသောသူတို့၌ဆေးသမားမလို၊ နာသောသူတို့၌သာလို၏။ 13 သို့သော်လည်း ပူဇော်သက္ကာများထက် ကြည်ညိုသောသဘောကိုငါနှစ်သက်သည်ဟူသော ကျမ်းချက်မှာ မည်သို့အဓိပ္ပါယ်ရှိသည်ကို သွား၍သင်ကြားကြလော့။ ငါကားဖြောင့်မတ်သူတို့ကို ခေါ်ရန်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန် ရောက်လာသည်ဟုမိန့်တော်မူ၏။
14 ထို့နောက်ယောဟန်၏ တပည့်တို့သည် ကိုယ်တော့်ထံချဉ်းကပ်၍ အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည် အစာရှောင်လျက် ကိုယ်တော်၏တပည့်တို့မူကား အဘယ်ကြောင့်အစာမရှောင်ကြပါသနည်းဟု မေးလျှောက်ကြသော်၊ 15 ယေရှုကလူပျိုရံတို့သည် မင်္ဂလာဆောင်သတို့သားနှင့်အတူ ရှိနေသမျှအတွင်း ညည်းတွားနိုင်ကြသလော။ သို့သော်လည်းမင်္ဂလာဆောင်သတို့သားကို ရုပ်သိမ်းမည့်နေ့ရက်ကာလ ရောက်တော့မည်။ ထိုကာလအစာရှောင်ကြလတ္တံ့။ 16 ၎င်းပြင်မည်သူမျှအဝတ်ဟောင်းကို အထည်သစ်စနှင့်မဖာတတ်။ ဖာလျှင်ထိုအစရုန်းသဖြင့် သာ၍စုတ်ကွဲတတ်၏။ 17 သားရေဘူးဟောင်းတွင်လည်းစပျစ်ရည်သစ်ကိုထည့်လေ့မရှိကြ။ ထည့်လျှင်သားရေဘူးပေါက်ကွဲသဖြင့် စပျစ်ရည်ယို၍ဘူးပျက်တတ်၏။ စပျစ်ရည်သစ်ကိုဘူးသစ်တွင် ထည့်လေ့ရှိသဖြင့် နှစ်မျိုးလုံးမပျက်မစီးရှိနေသည်ဟု မိန့်တော်မူ၏။
18 ထိုသို့မိန့်တော်မူစဉ် ကျောင်းဒါယကာတစ်ဦးသည် ချဉ်းကပ်ရှိခိုးလျက် အကျွန်ုပ်၏ သမီးသည် ယခုပင်သေဆုံးပါပြီ။ သို့သော်လည်းကိုယ်တော်သည် ကြွ၍လက်တင်တော်မူလျှင် အသက်ရှင်ပြန်ပါလိမ့်မည်ဟုလျှောက်သော်၊ 19 ယေရှုသည်ထ၍ တပည့်တော်တို့ပါလိုက်ကြွတော်မူ၏။ 20-21 ထိုအခါတစ်ဆယ့်နှစ်နှစ်တိုင် သွေးသွန်နာစွဲသောမိန်းမတစ်ယောက်သည်နောက်ကလာ၍ အဝတ်တော်ကိုထိရုံမျှတို့ရလျှင်၊ ကျန်းမာလိမ့်မည်ဟုအောက်မေ့လျက် အဝတ်တော်ပန်းပွားကိုတို့သော် ယေရှုလှည့်ကြည့်၍မြင်တော်မူလျှင် 22 ငါ့သမီးအားယူလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီဟုမိန့်တော်မူသည့်အတိုင်းပင် ထိုအချိန်နာရီကစ၍ကျန်းမာလေ၏။ 23 ကျောင်းဒါယကာ့အိမ်သို့ရောက်သော် ပြွေသမားတို့နှင့်မြည်တမ်းသောပရိသတ်ကိုမြင်တော်မူ၍ 24 ယေရှုကဖယ်ကြ၊ သူငယ်မသေသည်မဟုတ်။ အိပ်နေသည်ဟုမိန့်တော်မူလျှင် ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။ 25 ထိုသူတို့ကိုပြင်သို့ထုတ်ပြီးနောက် ကိုယ်တော်သည်ကြွဝင်၍ သူငယ်မလက်ကိုကိုင်တော်မူသဖြင့် သူငယ်မထလေ၏။ 26 ထိုသတင်းလည်းပြည်လုံးနှံ့ကြေငြာလေ၏။
27 ထိုအရပ်မှ ယေရှုထွက်ကြွတော်မူစဉ် သူကန်းနှစ်ယောက်သည် အိုဒါဝိဒ်မင်းသားတော်၊ သနားတော်မူပါဟု ဟစ်လျက် လိုက်လာကြ၏။ 28 အိမ်သို့ရောက်တော်မူသော် ထိုသူကန်းတို့ချဉ်းကပ်ကြသဖြင့်ယေရှုကငါတတ်စွမ်းနိုင်သည်ကို ယုံသလောဟုမေးတော်မူလျှင် ယုံပါသည်အရှင်ဘုရားဟုပြန်လျှောက်ကြသည့်ကာလ၊ 29 သင်တို့ယုံသည့်အတိုင်းဖြစ်စေဟုဆိုလျက် သူတို့၏မျက်စိများကိုတို့တော်မူသဖြင့် ပွင့်လင်းရ၏။ 30 မည်သူ့ကိုမျှမသိစေကြနှင့်ဟု ပညတ်တော်မူသော်လည်း၊ 31 ထိုသူတို့သည် ထွက်သွားပြီးလျှင် ကိုယ်တော့်အကြောင်းကို ပြည်လုံးနှံ့ကြော်ငြာကြ၏။
32 ထိုသူတို့ထွက်ကြစဉ် နတ်ပူး၍အသောသူတစ်ယောက်ကို ကိုယ်တော့်ထံခေါ်ခဲ့ကြသည်နှင့်၊ 33 နတ်ကိုနှင်ထုတ်တော်မူသော် သူအသည်စကားပြော၏။ လူပရိသတ်လည်းအံ့သြ၍ ဣသရေလပြည်တွင်မည်သည့်အခါမျှ ဤသို့မမြင်စဘူးဟုဆိုကြ၏။ 34 ဖာရိရှဲတို့ကမူကား သူသည်နတ်မင်းကိုမှီပြီးလျှင် နတ်များကိုနှင်ထုတ်သည်ဟုဆိုကြ၏။
35 ယေရှုသည် ဓမ္မာရုံများ၌ ဒေသနာပေးလျက် နိုင်ငံတော်ဆိုင်ရာသတင်းတော်မြတ်ကို ကြားပြောလျက် အနာရောဂါအမျိုးမျိုးကင်းပျောက်စေလျက် မြို့ရွာအရပ်ရပ်ကိုလှည့်လည်တော်မူစဉ်၊ 36 အထိန်းမဲ့သိုးအုပ်သို့ကဲ့သို့ ပင်ပန်းအားလျော့သော လူပရိသတ်တို့ကိုမြင်သဖြင့် ကရုဏာသက်တော်မူ၍၊ 37 ကိုယ်တော်က ရိတ်သိမ်းရန်စပါးသည်များလှ၏။ 38 လုပ်သားမူကား နည်းလေစွ။ သို့ဖြစ်၍ စပါးတော်ရှိရာသို့ လုပ်သားတို့ကိုစေလွှတ်တော်မူပါမည့်အကြောင်း စပါးရှင့်ထံပဌနာပြုကြလော့ဟု တပည့်တော်တို့အားမိန့်တော်မူ၏။