10
1 ကိုယ်တော်သည် တပည့်တော်ဆယ့်နှစ်ပါးကို အထံတော်သို့ခေါ်၍ နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်ရန် အာဏာနှင့် အနာရောဂါအမျိုးမျိုး ကင်းပျောက်စေနိုင်ရန် အာဏာကိုပေးအပ်တော်မူ၏။
2 ထိုတမန်တော်ဆယ့်နှစ်ပါးတို့အမည်ကား ညီအစ်ကိုဖြစ်သူ ပေတရုခေါ်ရှိမုန်နှင့်အန္ဒြေ၊ ဇေဗေဒဲ၏သား ညီအစ်ကိုဖြစ်သူ ယာကုပ်နှင့်ယောဟန်၊
3 ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့် အခွန်ကောက်မဿဲ၊
4 အာလဖဲ၏သားယာကုပ်နှင့်သဒ္ဒဲ၊ ဝံသာနုရှိမုန်နှင့် ကိုယ်တော်ကိုပို့အပ်သော ယုဒဣရှကာရုတ်တို့တည်း။
5 ယေရှုသည် ထိုတစ်ဆယ့်နှစ်ပါးကို စေလွှတ်လျက် မှာလိုက်တော်မူသည်မှာ၊
6 လူမျိုးခြားတို့ရှိရာနှင့် ရှမာရိမြို့များသို့မဝင်မသွားကြနှင့်။ ဣသရေလလူမျိုးအနက် ပျောက်သောသိုးများထံသာသွားကြလော့။
7 သွားစဉ်လည်း ကောင်းကင်နိုင်ငံတော်တည်လုပြီဟု ဟောပြောကြလော့။
8 နာသူတို့ကိုကျန်းမာစေကြလော့၊ သေသူတို့ကိုရှင်ပြန်စေကြလော့၊ နူသူတို့ကိုသန့်စေကြလော့။ နတ်များကိုနှင်ထုတ်ကြလော့၊ အဖိုးမဲ့ရကြသည့်အလျောက် အခမဲ့ပေးကြလော့။
9 ခါးပန်းများတွင် ရွှေငွေကြေးမဆောင်ကြနှင့်။
10 ခရီးဆောင်လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ဖိနပ်၊ တောင်းဝေးများကိုလည်း မယူကြနှင့်။ အသို့ဆိုသော်လုပ်သားသည် ရိက္ခာကိုရထိုက်၏။
11 မည်သည့်မြို့ရွာကိုမဆိုဝင်သော် မည်သူထိုက်တန်ကြောင်းစူးစမ်းရှာဖွေပြီးလျှင်၊ ထိုမြို့ရွာမှမထွက်မသွားမီသူ့အိမ်၌ တည်းခိုကြလော့။
12 အိမ်သို့ဝင်စဉ် ထိုအိမ်ကိုကောင်းကြီးပေးကြလော့။
13 ထိုအိမ်ထိုက်တန်လျှင်ပေးခဲ့သော ချမ်းသာတည်စေ။ မထိုက်တန်လျှင်မူကား သင်တို့ထံပြန်စေ။
14 မည်သူမဆို သင်တို့ကိုလက်မခံ၊ စကားကိုလည်းမနာလျှင် ထိုအိမ် ထိုမြို့ရွာမှ ထွက်သွားသည့်ကာလ ခြေမုန့်ကိုပင်ခါခဲ့ကြလော့။
15 တရားစီရင်သည့်နေ့တော်၌ သောဒုံနှင့်ဂေါမောရနယ်သည် ထိုမြို့ရွာထက်ခံသာလိမ့်မည်။ ငါအမှန်ဆို၏။
16 ကြည့်လော့။ ဝံပုလွေအုပ်ထဲသို့ သိုးများကိုလွှတ်သကဲ့သို့ သင်တို့ကိုငါစေလွှတ်၏။ သို့ဖြစ်၍ မြွေကဲ့သို့လိမ္မာလျက် ချိုးကဲ့သို့ရန်ကင်းစေကြလော့။
17 လူတို့ကိုလည်းသတိမူကြလော့၊ လွှတ်ရုံးများသို့ပို့အပ်ခြင်း၊ ဓမ္မာရုံများတွင်ရိုက်နှက်ခြင်း၊
18 ဘုရင်မင်းနှင့် ဘုရင်ခံမင်းတို့ထံ ဆွဲငင်ခြင်းများကို သူတို့နှင့်လူမျိုးခြားတို့အား သက်သေအဖြစ် ငါ့အတွက်ကြောင့်သင်တို့ခံရကြလိမ့်မည်။
19 သို့ရာတွင်ပို့အပ်ခံရကြသည့်ကာလ မည်သည့်နည်းနှင့် မည်သည့်စကားကိုဆိုရမည့်အကြောင်း မစိုးရိမ်ကြနှင့်။ ဆိုရမည့်စကားကို ထိုအချိန်နာရီတွင်ပင် ရကြလိမ့်မည်။
20 ဆိုသူမှာသင်တို့မဟုတ်။ သင်တို့အတွင်း၌မိန့်တော်မူသော သင်တို့အဘ၏ဝိညာဉ်တော်တည်း။
21 ညီအစ်ကိုသည် ညီအစ်ကိုချင်းကိုလည်းေကာင်း၊ အဘသည် သားသမီးကိုလည်းေကာင်း၊ သေစေရန်ပို့အပ်ကြမည့်ပြင် သားသမီးတို့လည်း မိဘကိုရန်ဘက်ပြု၍ အသေသတ်စေကြလိမ့်မည်။
22 ငါ့နာမအတွက်ကြောင့် သင်တို့ကိုလူခပ်သိမ်းမုန်းထားကြလိမ့်မည်။ အဆုံးတိုင်အောင်တည်ကြည်သူကား ကယ်တင်ခြင်းသို့ရောက်လတ္တံ့။
23 တစ်မြို့တွင်သင်တို့ကိုညှဉ်းပန်းကြသော် တစ်မြို့သို့ထွက်ပြေးကြလော့။ လူ့သားမကြွမရောက်မီဣသရေလမြို့များကို သင်တို့လှည့်လည်၍ နှံ့မည်မဟုတ်။ ငါအမှန်ဆို၏။
24 တပည့်သည် ဆရာထက်မသာ၊ ကျွန်လည်းသခင်ထက်မသာ။
25 တပည့်မှာ ဆရာကဲ့သို့လည်းကောင်း၊ ကျွန်မှာသခင်ကဲ့သို့လည်းကောင်းဖြစ်သော် တော်လောက်ပြီ၊ အိမ့်ရှင်ကို ဗေလဇေဗုလဟု ခေါ်ကြလျှင် အိမ်သားတို့ကိုသာ၍ခေါ်ကြလိမ့်တကား။
26 သို့ဖြစ်၍ ထိုသူတို့ကို မကြောက်ကြနှင့်။ မပေါ်နိုင်အောင်ဖုံးထားသောအရာ၊ မသိနိုင်အောင် ဝှက်ထားသောအရာမရှိချေ။
27 သင်တို့အား မှောင်မိုက်၌ ငါဆိုသော အရာကို အလင်း၌ ပြန်ကြားကြလော့။ နား၌ကြားသည့်အရာကို အိမ်မိုးများပေါ်ကကြော်ငြာကြလော့။
28 ကိုယ်ခန္ဓာကိုသတ်သော်လည်း အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ငရဲမီး၌ အသက်ဝိညာဉ်နှင့်ကိုယ်ခန္ဓာပါ ဖျက်ဆီးနိုင်သော အရှင်ကိုသာကြောက်ကြလော့။
29 စာကလေးနှစ်ကောင်ကို ပိုက်ဆံတစ်ပြားနှင့် ရောင်းကြသည်မဟုတ်လော။ သင်တို့အဘခွင့်ပြုတော်မမူဘဲ တစ်ကောင်မျှမြေသို့မကျရ။
30 သင်တို့၏ဦးဆံရှိသမျှကိုပင် ရေတွက်လျက်ထားတော်မူ၏။
31 သို့ဖြစ်၍ မကြောက်ကြနှင့်။ စာကလေးအများထက် သင်တို့သည်မြတ်၏။
32 မည်သူမဆို၊ လူတို့ရှေ့ငါ့ကိုဝန်ခံလျှင် ကောင်းကင်ဘုံစံငါ့ခမည်းတော်ရှေ့၊
33 ထိုသူ့ကိုငါဝန်ခံမည်။ မည်သူမဆိုလူတို့ရှေ့ ငါ့ကိုငြင်းဆိုလျှင်မူကား ကောင်းကင်ဘုံစံငါ့ခမည်းတော်ရှေ့ ထိုသူ့ကိုငါငြင်းဆိုမည်။
34 ဤမြေကြီးပေါ်တွင် ရန်ငြိမ်းခြင်းကိုစေလွှတ်ရန် ငါရောက်လာသည်ဟုမအောက်မေ့ကြနှင့်။ ရန်ငြိမ်းခြင်းကိုမဟုတ် ဓားဘေးသင့်စေရန် ရောက်လာ၏။
35 သားသည်ဖခင်ကိုလည်းေကာင်း၊ သမီးသည်မိခင်ကိုလည်းေကာင်း၊ ချွေးမသည်ယောက္ခမမိန်းမသူကိုလည်းေကာင်း၊ ဆန့်ကျင်ဘက် ပြုစေသည့်ပြင်။
36 အိမ်ထောင်သားတို့လည်း အချင်းချင်းရန်မူစေရန် ငါရောက်လာပြီ။
37 ငါ့ကိုချစ်သည်ထက်အဘကိုဖြစ်စေ၊ အမိကိုဖြစ်စေ သာ၍ချစ်သောသူသည် ငါနှင့်မထိုက်မတန်၊ ငါ့ကိုချစ်သည်ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ သာ၍ ချစ်သောသူသည်ငါနှင့်မထိုက်မတန်။
38 ကိုယ့်ကားတိုင်ကိုထမ်း၍ ငါ့နောက်မလိုက်သောသူလည်း ငါနှင့်မထိုက်မတန်။
39 ကိုယ့်အသက်ကိုတွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့အတွက်အသက်ရှုံးသောသူမူကား အသက်ကိုတွေ့လိမ့်မည်။
40 သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူလည်း ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလက်ခံ၏။
41 ပရောဖက်ဟူသောအမည်ကို ထောက်၍ ပရောဖက်ဖြစ်သူ့ကိုလက်ခံသောသူသည် ပရောဖက်၏အကျိုးကိုရလိမ့်မည်။ သူတော်ကောင်းဟူသောအမည်ကိုထောက်၍ သူတော်ကောင်းကိုလက်ခံသောသူလည်း သူတော်ကောင်း၏အကျိုးကိုရလိမ့်မည်။
42 ၎င်းပြင် မည်သူမဆိုတပည့်တော်ဟူသောအမည်ကို ထောက်၍ ဤသူငယ်တစ်ဦးတစ်ယောက်ကို ရေၕဧတစ်ခွက်မျှတိုက်လျှင် အကျိုးမရဘဲ အလျှင်းမရှိရ၊ ငါအမှန်ဆိုသည်ဟူ၍ မိန့်မှာတော်မူလိုက်၏။