8
ကိုယ်တော်သည် တောင်ပေါ်မှ ဆင်းသက်တော်မူသော် ကြီးစွာသော လူပရိသတ်သည် နောက်တော်ကလိုက်ကြ၏။ ထိုအခါ လူနူတစ်ယောက်သည် ချဥ်းကပ်ရှိခိုးလျက် အရှင်ဘုရားအလိုတော်ရှိလျှင် ကျွန်တော်ကိုသန့်စေတော်မူနိုင်ပါသည်ဟု လျှောက်သော်၊ ကိုယ်တော်သည် လက်ဆန့်၍ တို့တော်မူလျက် ငါအလိုရှိ၏။ သန့်စေဟု မိန့်တော်မူလျှင်မူချင်း နူနာသန့်ရာရောက်လေ၏။ ယေရှုကလည်း မည်သူ့ကိုမျှ မကြားမပြောမိစေရန် သတိပြုလော့။ ပရောဟိတ်ထံသွား၍ ကိုယ်ကိုပြပြီးလျှင် မောရှေစီရင်ခဲ့သော အလှူကိုသက်သေအဖြစ် ဆက်ကပ်လော့ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် က​ေပရ​ေနာင်မြို့သို့ ဝင်ရောက်တော်မူလျှင် တပ်မှူးတစ်ယောက်ချဉ်းကပ်လျက် အရှင်ဘုရား အကျွန်ုပ်၏လုလင်သည် သွက်ချာပါဒဝေဒနာပြင်းစွာခံရ၍ အိမ်တွင်ပက်လက် နေရပါသည်ဟု အသနားတော်ခံသော်၊ ကိုယ်တော်က ငါလာ၍ ပျောက်ကင်းစေမည်ဟု ပြန်ဆိုေတာ်မူ၏။ တပ်မှူးကလည်း အရှင်ဘုရား အကျွန်ုပ်၏အိမ်တွင်းသို့ ကြွဝင်တော်မူခြင်းကိုမခံထိုက်ပါ။ အမိန့်တော်ရှိရုံမျှပင် ထိုလုလင် ချမ်းသာပါလိမ့်မည်။ အသို့ဆိုသော် အကျွန်ုပ်သည် အာဏာအောက်ခံရသူဖြစ်သော်လည်း၊ လက်အောက်ရှိစစ်သည်တို့အနက် တစ်ယောက်ကိုသွားဆိုသော် သွားပါသည်။ တစ်ယောက်ကို လာဆိုသော်လာပါသည်။ ကျွန်ကိုလည်း ဤအမှုကိုဆောင်ဆိုသော် ဆောင်ပါသည်ဟူ၍ လျှောက်ပြန်၏။ 10 ထိုစကားကို ယေရှုကြားသော် အံ့သြတော်မူ၍ ဤမျှလောက်ယုံကြည်ခြင်းကို ဣသရေလလူမျိုးတွင် မတွေ့စဘူး ငါအမှန်ဆို၏၊ 11 အများသော သူတို့သည် အရှေ့အနောက်မှလာပြီးလျှင် ကောင်းကင်နိုင်ငံတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့် အတူစံစားရကြလတ္တံ့။ 12 နိုင်ငံတော်သားတို့မူကား ပြင်ပမှောင်ထဲသို့ ပစ်ချခံရသဖြင့် ငိုကြွေးခြင်း အံကြိတ်ခြင်းရှိရကြလတ္တံ့။ ငါဆိုသည်ဟူ၍နောက်တော်ပါတို့အား မိန့်တော်မူပြီးမှ တပ်မှူးအားသွားလော့။ 13 သင်ယုံကြည်သည့်အတိုင်း ဖြစ်စေဟုမိန့်တော်မူ၏။ လုလင်လည်း ထိုအချိန်နာရီတွင်ပင် ကျန်းမာေလ၏။
14 ယေရှုသည် ပေတရုအိမ်သို့ရောက်တော်မူရာ ပေတရု၏ယောက္ခမ မိန်းမသူဖျား၍ 15 ပက်လက်နေသည်ကိုမြင်သော် လက်ကိုကိုင်တော်မူသဖြင့် ထိုမိန်းမသည်အဖျားပျောက်၍ ထပြီးလျှင်လုပ်ကြွေးသမှုပြုလေ၏။
16 ညနေချမ်းအချိန်ရောက်သော် နတ်ပူးသူအများကို အထံတော်သို့ခေါ်ခဲ့ကြသည့်အလျောက် နတ်များကိုအမိန့်တော်နှင့် နှင်ထုတ်၍သူနာရှိသမျှကိုလည်း ကျန်းမာစေတော်မူ၏။ 17 ထိုသို့ပြုတော်မူသည်မှာ ကိုယ်တော်သည် ငါတို့အနာရောဂါ ငါတို့ဝေဒနာများကို ထမ်းဆောင်သယ်ပိုးတော်မူသည်ဟူ၍ ပရောဖက်ဟေရှာယဖြင့်ရောက်သော ဗျာဒိတ်တော်အတိုင်း ပြည့်စုံစေခြင်းငှာတည်း။ 18 ပတ်လည်၌ ကြီးစွာသောလူပရိသတ်ရှိသည်ကို ယေရှုမြင်သော် တစ်ဖက်ကမ်းသို့ကူးလိုကြောင်းမိန့်တော်မူလျှင် 19 ကျမ်းတတ်ဆရာတစ်ယောက်ချဉ်းကပ်၍ ဆရာကြွတော်မူရာမည်သည့်အရပ်သို့မဆို တပည့်လိုက်ပါမည်ဟုလျှောက်သည့်ကာလ 20 ယေရှုက မြေခွေးများမှာတွင်းရှိ၏။ လေသတ္တဝါများမှာအသိုက်ရှိ၏။ လူ့သားမှာမူ ခေါင်းချရာ မျှမရှိဟုမိန့်တော်မူ၏။ 21 အခြားသောတပည့်တစ်ယောက်ကလည်း အရှင်ဘုရား အဘကိုသင်္ဂြိုဟ်ရန်သွားခွင့်ပေးပါဦးဟု လျှောက်သော် ယေရှုက ငါ့နောက်သို့လိုက်လော့။ 22 သူသေများကို ဆိုင်ရာသူသေတို့ သင်္ဂြိုဟ်ကြစေဟု မိန့်တော်မူ၏။
23 ထိုနောက်ကိုယ်တော်သည် လှေပေါ်သို့တက်၍ တပည့်တော်တို့လိုက်ကြရာ 24 အိုင်ရေအလွန်လှုပ်ရှားသဖြင့် လှိုင်းများသည် လှေကိုလွှမ်းမိုး၏။ ကိုယ်တော်မူကား စက်တော်ခေါ်လျက်နေတော်မူ၏။ 25 တပည့်တော်တို့သည် ချဉ်းကပ်၍ အရှင်ဘုရားကယ်တော်မူပါ။ သေဆုံးရပါတော့မည်ဟုလျှောက်ဆိုလျက် နှိုးကြသော်၊ 26 ကိုယ်တော်က ယုံကြည်ခြင်းနည်းပါးသူတို့၊ အဘယ်ကြောင့်ကြောက်ကြသနည်းဟု မိန့်တော်မူပြီးလျှင်ထ၍လေနှင့်ရေကိုဆုံးမတော်မူသဖြင့်အလွန်ငြိမ်ဝပ်ရလေ၏။ 27 တပည့်တော်တို့လည်းအံ့သြ၍ ဤသူကားမည်သို့သောသူနည်း။ လေနှင့်ရေပင် အမိန့်တော်ကိုနားထောင်ရပါသည်တကား ဟုဆိုကြ၏။
28 တစ်ဖက်ကမ်းရှိ ဂါဒရနယ်သို့ ရောက်တော်မူသော် မည်သူမျှထိုလမ်းကိုမသွားဝံ့အောင် အလွန်ကြမ်းတမ်းသောနတ်ပူးသူနှစ်ယောက်သည် သင်္ချၖိုင်းဂူများမှ ထွက်လာလျက် ဆီးကြိုပြီးလျှင်၊ 29 အိုဘုရားသခင်၏သားတော် ကိုယ်တော်သည်အကျွန်ုပ်တို့နှင့်မည်သို့ဆိုင်သနည်း။ အချိန်မတိုင်မီညှဥ်းပန်းရန် ကြွလာတော်မူပြီလောဟု အော်ဟစ်မေးလျှောက်ကြ၏။ 30 ထိုအခါ ခရီးအတော်ကွာတွင် ဝက်အုပ်ကြီးကျက်စားလျက်ရှိသဖြင့် 31 နတ်များက အကျွန်ုပ်တို့ကို နှင်ထုတ်တော်မူမည်ဖြစ်လျှင် ဝက်အုပ်ထဲသို့ဝင်ပါရစေဟု တောင်းပန်ကြသည့်အတိုင်း သွားတော့ဟုမိန့်တော်မူ၏။ 32 နတ်များလည်းထွက်ခွာပြီးလျှင် ဝက်အုပ်ထဲသို့ဝင်ကြသဖြင့် တစ်အုပ်လုံးသည် အိုင်ကမ်းစောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ ရေ၌သေဆုံးကြ၏။ 33 ဝက်ကျောင်းတို့လည်းထွက်ပြေးပြီးလျှင် မြို့တွင်းသို့ဝင်၍ နတ်ပူးသူတို့အဖြစ်အပျက်မှစသော အကြောင်းအရာအလုံးစုံကို ကြားပြောကြသည့်ကာလ၊ 34 ယေရှုကိုကြိုဆိုခြင်းငှာ တစ်မြို့လုံးထွက်လာ၍ တွေ့ကြသော် နယ်မှထွက်ကြွတော်မူစေရန်တောင်းပန်ကြ၏။