7
စီရင်ခြင်းကိုမခံရစေခြင်းငှာ မစီရင်ကြနှင့်။ ကိုယ်စီရင်သည့်နည်းအတိုင်းစီရင်ခြင်းကို ခံရလိမ့်မည်။ ကိုယ်ချိန်ပေးသည့်ပမာဏအတိုင်းလည်း ဆပ်ခြင်းကိုခံရလိမ့်မည်။ ကိုယ့်မျက်စိ၌ရှိသောတုံးကိုမကြည့်ဘဲ ညီအစ်ကို၏မျက်စိရှိသော အမှိုက်ကိုအဘယ်ကြောင့်မြင်သနည်း။ ကိုယ့်မျက်စိ၌တုံးရှိလျက် သင့်မျက်စိ၌ ရှိသောအမှိုက်ကို ထုတ်ပစ်ပါရေစေဟု ညီအစ်ကိုအားမည်သို့ဆိုမည်နည်း။ အချင်းသီလကြောင်၊ ကိုယ့်မျက်စိ၌ရှိသောတုံးကို ဦးစွာထုတ်ပစ်လော့၊ သို့မှညီအစ်ကို၏ မျက်စိ၌ရှိသော အမှိုက်ကို ထုတ်ပစ်ရန် ကြည်လင်စွာမြင်လိမ့်မည်။
သန့်သောအရာကိုခွေးများအားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်းဝက်များရှေ့မထားကြနှင့်။ သို့ပြုလျှင်ထိုအရာများကို ကျော်နင်းပြီးနောက်သင်တို့ကိုလှည့်၍ကိုက်ပက်ကြလိမ့်မည် ဟုစိုးရိမ်ရန်ရှိ၏။
တောင်းကြလော့၊ ရလိမ့်မည်။ ရှာကြလော့၊ တွေ့လိမ့်မည်။ ခေါက်ကြလော့၊ ပွင့်လိမ့်မည်။ အသို့ဆိုသော်၊ တောင်းသောသူတိုင်းရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူ့အားပွင့်တတ်၏။ သင်တို့တွင် သားကမုန့်တောင်းလျှင် ကျောက်ခဲပေးမည့်သူ၊ 10 ငါးတောင်းလျှင် မြွေပေးမည့်သူ ရှိသလော၊ 11 သို့နှင့်အညီဆိုးသွမ်းသော သင်တို့ပင် သားသမီးတို့အားကောင်းရာကိုပေးတတ်လျှင်ကောင်းကင်ဘုံစံ သင်တို့အဘသည် လျှောက်တောင်းသူတို့အား ကောင်းရာကို သာ၍ သနားတော်မူမည်မဟုတ်လော။ 12 ထိုကြောင့် ကိုယ်ကိုပြုစေလိုသမျှအတိုင်း သူတစ်ထူးတို့အားပြုကြလော့။ ဤသည်ကား ပညတ္တိကျမ်း၊ ပရောဖက်ကျမ်းများအလိုတည်း။
13 ကျဉ်းမြောင်းသောတံခါးဖြင့်ဝင်သွားကြလော့။ ပျက်စီးရာသို့ရောက်သောတံခါးနှင့် လမ်းသည်ကျယ်ဝန်းသဖြင့် ဝင်သွားသူများလှ၏။ 14 အသက်ရှင်ရာသို့ရောက်သောတံခါးနှင့် လမ်းမူကား ကျဉ်းမြောင်းသောကြောင့် တွေ့မြင်သူနည်းလှ၏။
15 လောဘဇောကြီးသော ဝံပုလွေ့သဘောရှိသော်လည်း သိုးရေဝတ်လျက်ပင် သင်တို့ထံလာတတ်သောမိစ္ဆာ ပရောဖက်တို့ကို ကြဉ်ရှောင်ကြလော့။ 16 ချင်းတို့အသီးအားဖြင့် ချင်းတို့ကိုသိရကြလိမ့်မည်။ ဆူးပင်တွင်စပျစ်သီး၊ ပေါင်းပင်တွင် သဖန်းသီးကိုဆွတ်ရကြသလော။ 17 ကောင်းသောအပင်တိုင်း ကောင်းသောအသီး၊ မကောင်းသောအပင်တိုင်း မကောင်းသော အသီးကိုသီးတတ်၏။ 18 ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကိုမသီးနိုင်။ 19 အသီးကောင်းမသီးသောအပင်တိုင်းကို ခုတ်လှဲ၍ မီးထဲသို့ပစ်တတ်ကြ၏။ 20 သို့ဖြစ်၍ ချင်းတို့အသီးအားဖြင့် ထိုသူတို့ကိုသိရကြလိမ့်မည်။ 21 ငါ့ကိုအရှင်ဘုရား၊ အရှင်ဘုရားဟု လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံစံ ငါ့ခမည်းတော်၏အလိုကို ဆောင်ရွက်သူသာလျှင် ဝင်ရလိမ့်မည်။ 22 နေ့တော်ကြီး၌ အများတို့က အရှင်ဘုရား၊ အရှင်ဘုရား၊ တပည့်တော်တို့သည် ကိုယ်တော်၏နာမတော်နှင့် ဟောပြောကြပါပြီ။ နာမတော်နှင့် နတ်များကို နှင်ထုတ်ကြပါပြီ။ နာမတော်နှင့် အမှုကြီးများစွာကို ဆောင်ရွက်ကြပါပြီ မဟုတ်လောဟူ၍ လျှောက်ဆိုကြသော်၊ 23 ငါကသင်တို့ကို မသိစဘူး။ မတရားပြုကျင့်သူတို့၊ ငါ့ထံမှထွက်သွားကြဟု ပြန်ဆိုမည်။ 24 ထို့ကြောင့် မည်သူမဆို ငါယခုဟောပြောချက်ကို ကြား၍လိုက်နာလျှင် ကျောက်ပေါ်တွင် အိမ်ဆောက်သော ပညာရှိနှင့်ငါပုံနှိုင်းမည်။ 25 မိုးရွာခြင်း၊ ရေတက်ခြင်း၊ လေထန်ခြင်းများသင့်၍ ထိုအိမ်ကိုတိုက်ခတ်သော်လည်း ကျောက်ပေါ်တွင် အမြစ်ချထားသောကြောင့် မပြိုမလဲတည်နေ၏။ 26 ငါယခု ဟောပြောချက်ကိုကြားလျက် မလိုက်မနာသောသူတိုင်းကိုကား သဲပေါ်တွင် အိမ်ဆောက်သော လူမိုက်နှင့် ငါပုံနှိုင်းမည်။ 27 မိုးရွာခြင်း၊ ရေတက်ခြင်း၊ လေထန်ခြင်းများ သင့်၍ ထိုအိမ်ကိုတိုက်ခတ်သော် ပြိုလဲပျက်စီးဆုံးပါးလေစွတကားဟု ဒေသနာ ပေးတော်မူ၏။
28 ဤသို့ ယေရှုဟောတော်မူချက်အဆုံး၌ လူပရိတ်သတ်သည် ဒေသနာတော်ကိုအံ့သြကြ၏။ 29 အသို့ဆိုသော် ချင်းတို့ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်၊ အာဏာပိုင်ရှင်အဖြစ် ဒေသနာပေးတော်မူ၏။