27
1 နံနက်အချိန်ရောက်သော် ပရောဟိတ်ကြီးတို့နှင့် လူမျိုးတော်တွင် လူကြီးရှိသမျှတို့သည် ယေရှုကို ကွပ်မျက်ခြင်းငှာ တိုင်ပင်ပြီးလျှင်
2 ချည်နှောင်ယူသွား၍ ဘုရင်ခံပိလတ်မင်းထံပို့အပ်ကြ၏။
3 ထိုနောက်ကိုယ်တော်အပြစ်စီရင်ခံရကြောင်း ကို ပို့အပ်သူယုဒသိမြင်သည့်ကာလ သံဝေဂရ၍ အထက်ငွေကျပ်သုံးဆယ်ကို ပရောဟိတ်ကြီးတို့နှင့် လူကြီးတို့ထံပြန်ပေးလျက်
4 အပြစ်ကင်းသူ့ကို အပ်သည့်အတွက် ကျွန်တော်ပြစ်မှားမိပါပြီဟုဆိုရာ ငါတို့နှင့်မည်သို့ဆိုင်သနည်း။ ကိုယ်တိုင်ထောက်ရှုလော့ဟု ပြန်ဆိုကြသော်
5 ယုဒသည် ထိုငွေကို သန့်ရှင်းရာဌာနအတွင်း ပစ်ချလျက် အခြားသို့ထွက်သွားပြီးလျှင် ကြိုးဆွဲချ၍သေလေ၏။
6 ပရောဟိတ်ကြီးတို့သည် ထိုငွေကိုယူ၍ သွေးဖိုးငွေဖြစ်သောကြောင့် အလှူတိုက်တွင်မသွင်းအပ် ဟုဆိုလျက် တိုင်ပင်ပြီးလျှင်
7 အာဂန္တုသင်္ဂြိုလ်ရန် အိုးထိန်းသည့်မြေကွက်ကိုဝယ်ယူကြ၏။
8 သို့ဖြစ်၍ ထိုမြေကွက်ကို သွေးမြေဟု ယနေ့တိုင် တွင်သတည်း။
9 ထိုအခါ ဣသရေလအမျိုးသားတို့ဖြတ်ဆို၍ အဖိုးထားခံရသူ၏ အဖိုးတည်းဟူသော ငွေကျပ်သုံးဆယ်ကို ငါလက်ခံပြီးလျှင် ထာဝရဘုရားအမိန့်တော်အတိုင်း
10 အိုးထိန်းသည့်မြေကွက်ကိုဝယ်ယူကြသည်ဟု ပရောဖက်ယေရမိဖြင့်ရောက်သောဗျာဒိတ်တော်ပြည့်စုံသတည်း။
11 ယေရှုသည် ဘုရင်ခံမင်းရှေ့သို့ရောက်သော် ဘုရင်ခံမင်းက သင်သည်ယုဒလူမျိုးတို့ ဘုရင်လောဟုမေးရာ ယေရှုကသင်ဆိုသည့် အတိုင်းတည်းဟု မိန့်တော်မူ၏။
12 ထိုနောက် ပရောဟိတ်ကြီးတို့နှင့် လူကြီးတို့အပြစ်စွဲဆိုကြသောအခါ တစ်ခွန်းတပါဒမှ ထုချေတော်မမူသည်ဖြစ်၍
13 ပိလတ်မင်းက သင့်တစ်ဖက်၌ မည်မျှသက်သေခံကြသည်ကို မကြားလောဟုမေးသော်
14 တစ်ခွန်းမျှမိန့်ပြန်တော်မမူသောကြောင့် ဘုရင်ခံမင်းအလွန်အံ့သြ၏။
15 ဘုရင်ခံမင်းသည် လူပရိသတ်အလိုရှိရာ အကျဉ်းသားတစ်ယောက်ကို ထိုပွဲအခါတွင် လွှတ်မြဲဖြစ်သည့်အတိုင်း
16 ဗာရဗ္ဗခေါ်ကျော်စောသောအကျဉ်းသားတစ်ယောက်ရှိသည်နှင့်
17 ထိုသူတို့စုရုံးလျက်ရှိကြစဉ် ပိလတ်မင်း က မည်သူ့ကိုလွှတ်စေလိုသနည်း။ ဗာရဗ္ဗလော။ ခရစ်ခေါ်ယေရှုလောဟုမေး၏။
18 ပိလတ်မင်းသည်ငြူစူ၍ပို့အပ်သည်ကို သိသည့်ပြင်
19 တရားခွင်တွင် ထိုင်လျက်ရှိစဉ် မင်းကတော်ကလည်း ထိုသူတော်ကောင်းနှင့် စပ်၍ မည်သို့မျှမပြုပါနှင့်။ ကျွန်မသည် ယနေ့အိမ်မက်တွင် သူ့ကြောင့်ဒုက္ခများစွာ တွေ့ရပါသည်ဟု ကြားလျှောက်စေ၏။
20 ပရောဟိတ်ကြီးတို့နှင့် လူကြီးတို့မူကား ဗာရဗ္ဗကို တောင်း၍ ယေရှုကိုဖျက်ဆီးေစရန် လူပရိသတ်အားတိုက်တွန်းကြသတည်း။
21 သို့ဖြစ်၍ ဘုရင်ခံမင်းက ထိုသူနှစ်ဦးတွင်မည်သူ့ကိုလွှတ်စေလိုသနည်းဟု မေးပြန်သော် ဗာရဗ္ဗဟု ပြန်ပြောကြရာ။
22 ပိလတ်မင်းက သို့ဖြစ်လျှင် ခရစ်ခေါ်ယေရှုကို မည်သို့ပြုရနည်းဟု မေးသော် ကားတင်ပါဟု ရှိသမျှတို့ပြန်ဆိုကြသဖြင့်၊
23 အဘယ့်ကြောင့်နည်း။ အဘယ်ဆိုးသွမ်းမှုကို ပြုသနည်းဟုမေးမြန်းပြန်ရာ ကားတင်ပါဟု အလွန်ပြင်းစွာဟစ်ကြ၏။
24 ထိုကြောင့်ပြော၍မရသည့်ပြင် ရုန်းရင်းခတ်ဖြစ်မည်ကိုပိလတ်မင်းသိမြင်သော် ရေယူ၍ ပရိသတ်ရှေ့လက်ဆေးလျက် ဤသူတော်ကောင်း၏သွေး သွန်းပြစ်နှင့်ငါကင်းသည် ကိုယ်တိုင်ထောက်ရှုကြလော့ဟုဆိုရာ။
25 ပြည်သူပြည်သားရှိသမျှတို့က သူ့သွေးသွန်းပြစ်သည် အကျွန်ုပ်တို့မှစ၍ သားစဉ်မြေးဆက်တို့အပေါ်၌ တည်ပါစေဟု ဟစ်ကြသည့်အလျောက်၊
26 ပိလတ်မင်းသည် ဗာရဗ္ဗကိုလွှတ်၍ ယေရှုကိုရိုက်ဒဏ်ခတ်ပြီးလျှင် ကားတင်စေရန်အပ်လိုက်၏။
27 ထိုနောက်ဘုရင်ခံမင်း၏ စစ်သည်တို့သည် ယေရှုကို ပရဲတောရိခေါ်ရုံးတော့်အတွင်း ယူသွား၍ တစ်တပ်လုံးဝိုင်းဝန်းစေပြီးလျှင်
28 အဝတ်တော်လဲ၍ ကမ္ဗလာနီကို ဆင်ယင်ခြင်း၊
29 ဆူးဦးရစ်ရက်၍ဦးခေါင်းတော်၌တင်ခြင်း၊ လက်ျာလက်တော်တွင် ကျူလုံးအပ်ခြင်း၊ ရှေ့တော်၌ ဒူးထောက်လျက် ယုဒလူမျိုးတို့ဘုရင်၌ မင်္ဂလာရှိပါစေသောဟု ပြောင်လှောင်ခြင်း
30 ကိုယ်တော်ကိုတံတွေးထွေးခြင်း၊ ကျူလုံးယူ၍ဦးခေါင်းတော်ကိုရိုက်ခြင်းများကိုပြုကြ၏။
31 ထိုသို့ပြောင်လှောင်ပြီးနောက် ကမ္ပလာနီကို လဲလျက် အဝတ်တော်ကိုဆင်ယင်ပြီးလျှင် ကားတင်ရန် ထုတ်သွားကြ၏။
32 ထိုသို့ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်ကို တွေ့၍ အနိုင့်ထက်ကားတိုင်ထမ်းခိုင်းလျက်
33 ဦးခေါင်းခွံဟူ၍ ဆိုလိုသော ဂေါလဂေါသခေါ်အရပ်သို့ရောက်ကြသော်
34 ဆေးခါးစပ်ထားသော စပျစ်ရည်ကိုတိုက်ကြရာ မြည်းစမ်းပြီးလျှင် မသောက်ဘဲနေတော်မူ၏။
35 ကားတင်ပြီးကြလျှင် အဝတ်တော်များကို မဲချခွဲဝေကောက်ယူကြလျက်
36 စောင့်ကြပ်နေထိုင်ကြ၏။
37 ဦးခေါင်းတော်အထက်၌လည်း ဤသူကား ယုဒလူမျိုးတို့၏ဘုရင်မင်းယေရှုတည်းဟူ၍ စွဲဆိုချက်ဆွဲထားကြ၏။
38 ထိုအခါကိုယ်တော်နှင့်အတူ ဝဲယာတော်၌တစ်ယောက်စီဓားပြနှစ်ယောက်ကိုလည်း ကားတင်ကြ၏။
39 သီသွားသူတို့သည် ဦးခေါင်းလှုပ်ခါလျက် ဗိမာန်တော်ကိုဖြိုဖျက်၍
40 သုံးရက်နှင့်တည်ဆောက်သောအချင်းလူ၊ ကိုယ်ကိုကယ်လော့။ ဘုရားသခင့်သားတော်မှန်က ကားတိုင်မှဆင်းလာလော့ဟူ၍ ကဲ့ရဲ့ကြ၏။
41 ထိုနည်းတူ ကျမ်းတတ်ဆရာမှစ၍ လူကြီးတို့နှင့် ပရောဟိတ်ကြီးတို့က
42 သူတစ်ထူးကိုသူကယ်သည်။ ကိုယ်ကိုမကယ်နိုင်ပါတကား။ ဣသရေလလူမျိုးတို့ ဘုရင်ဖြစ်သည့်အလျောက် ကားတိုင်မှယခုဆင်းလာပါစေ ငါတို့ယုံကြပါမည်။
43 ဘုရားသခင်ကိုသူအားကိုးသည်။ နှစ်သက်တော်မူလျှင် ယခုကယ်နုတ်ပါစေ၊ ငါသည်ဘုရားသခင့်သားတော်တည်းဟု ကြွားဝါသည်ဟူ၍ သရော်ကြ၏။
44 ကိုယ်တော်နှင့်အတူ ကားတင်ခံရသောဓားပြတို့ကလည်း ထိုသို့ပင်ကဲ့ရဲ့ကြ၏။
45 မွန်းတည့်အချိန်ကစ၍ မွန်းလွဲသုံးနာရီအချိန်တိုင် တစ်ပြည်လုံးမှောင်ကျလျက်နေ၏။
46 မွန်းလွဲသုံးနာရီခန့်တွင် ယေရှုက အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ထားတော်မူသနည်းဟုဆိုလိုသော ဧလိ၊ ဧလိ၊ လာမာရှဗတ်ခသာနိဟူ၍ ကျယ်သောအသံနှင့်ဟစ်တော်မူရာ။
47 အနီးတွင်ရပ်နေသူအချို့တို့ကြားသော် ဧလိယကိုခေါ်သည်ဟု ဆိုကြသည်နှင့်
48 တစ်ယောက်သော်သူသည် ရုတ်ခြင်းပြေး၍ ရေမှိုတစ်ပွင့်ကို ပုန်းရည်နှင့်ပြည့်စေပြီးလျှင် ကျူလုံးတွင် တပ်လျက်တိုက်ရာ
49 အခြားသောသူတို့က ရှိပါလေစေ။ ကယ်အံ့သောငှာ ဧလိယလာမည်မလာမည်ကိုကြည့်ကြကုန်အံ့ဟုဆိုကြ၏။
50 ထိုနောက် ယေရှုသည် ကျယ်သောအသံနှင့် ဟစ်ပြီးလျှင် အသက်စွန့်တော်မူ၏။
51 ဗိမာန်တော်ရှိ ကန့်လန့်ကာသည် အထက်ကအောက်တိုင် နှစ်ဖြာစုတ်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ ကျောက်တောင်များအက်ကွဲခြင်း သင်္ချၖိုင်းဂူများပွင့်ခြင်းဖြစ်သည့်ပြင်
52 အိပ်ပျော်သောသန့်ရှင်းသောသူတို့အလောင်းများလည်း ရှင်ပြန်ထမြောက်၍
53 ကိုယ်တော်ရှင်ပြန်ထမြောက်ပြီနောက် သင်္ချၖိုင်းဂူများမှထွက်လာလျက် သန့်ရှင်းသောမြို့တော်သို့ဝင်၍ အများတို့ရှေ့ထင်ရှားကြ၏။
54 ယေရှုကိုစောင့်ကြပ်သူတပ်မှူးမှစ၍ တပ်သားတို့သည် ငလျင်လှုပ်ခြင်းနှင့်တကွ အဖြစ်အပျက်များကိုမြင်သော် အလွန်ကြောက်ရွံ့၍ ဤသူကားစင်စစ်ဘုရားသခင့်သားတော်ပေတည်းဟုဆိုကြ၏။
55-56 ယေရှုကို လုပ်ကျွေးသမှုပြုလျက် ဂါလိလဲနယ်မှလိုက်လာသူ မာဂဒလမာရိ ယာကုပ်နှင့်ယောသေတို့အမိမာရိ၊ ဇေေဗဒဲ၏ သားတို့အမိမှစသော ဒါယကာမ အများလည်း အဝေးကကြည့်ရှုလျက်နေကြ၏။
57 ညနေချမ်းအချိန်ရောက်သော် ယေရှု၏တပည့်တော်ဖြစ်သူ ယောသပ်အမည်ရှိ အရိမသဲမြို့သားသူဌေးတစ်ဦးသည်ရောက်လာ၍
58 ပိလတ်မင်းထံဝင်ပြီးလျှင် ယေရှု၏ အလောင်းတော်ကိုတောင်းရာ အပ်ပေးစေရန် ပိလတ်မင်းအမိန့်ရှိ၏။
59 ထိုအခါ ယောသပ်သည် အလောင်းတော်ကိုယူ၍ စင်ကြယ်သောပိတ်ထည်နှင့်ပတ်လျက်
60 ကျောက်တောင်၌ ထွင်းထားသော ကိုယ့်သင်္ချၖိုင်းဂူသစ်တွင် သွင်းပြီးလျှင် အဝကိုကြီးစွာသောကျောက်လုံးနှင့် လှိမ့်ပိတ်၍ထွက်သွား၏။
61 သင်္ချၖိုင်းရှေ့တွင် မာဂဒလမာရိနှင့် အခြားသောမာရိတို့လည်းထိုင်လျက် ရှိနေကြ၏။
62 အဖိတ်နေ့ကုန်၍ နောက်နေ့ရောက်သော်ပရောဟိတ်ကြီးတို့နှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံစုရုံးလျက်
63 အရှင်မင်းကြီး၊ အသက်ရှင်စဉ်ကာလ ထိုလူလိမ်က သုံးရက်လည်လျှင် ငါရှင်ပြန်ထမြောက်မည်ဟု ပြောဆိုသည်ကို အကျွန်ုပ်တို့သတိရပါသည်။
64 သို့ဖြစ်၍ သင်္ချၖိုင်းကို သုံးရက်လည်သောနေ့တိုင်အောင် လုံခြုံစွာရှိစေရန် အမိန့်ထုတ်ဆင့်တော်မူပါ။ သို့မဟုတ်လျှင် သူ့တပည့်တို့လာ၍ အလောင်းကိုခိုးသွားပြီးနောက် သူသေတို့ထဲမှ ရှင်ပြန်ထမြောက်တော်မူပြီဟု ပြည်သူပြည်သားတို့အား ကြားပြောသဖြင့် နောက်အလိမ်သည် အရင်အလိမ်ထက်ဆိုးမည်ဟု ဆိုကြသော်
65 ပိလတ်မင်းက အစောင့်အကြပ်ကိုခေါ်သွား၍ တတ်နိုင်သမျှလုံခြုံစေကြဟု ပြန်ဆိုသည့်အတိုင်း
66 ထိုသူတို့သည် သွားပြီးလျှင် သင်္ချၖိုင်းကျောက်လုံးကိုတံဆိပ်ခတ်၍ လုံခြုံအောင် စောင့်ကြပ်စေ၏။