26
1 ထိုသို့အလုံးစုံဟောပြောပြီးနောက် တပည့်တော်တို့အားယေရှုက နှစ်ရက်ကြာသော်
2 ပသခါပွဲတိုင်မည်ကို သင်တို့သိကြ၏။ ထိုကာလလူ့သားသည် ကားတင်ရန်ပို့အပ်ခံရမည်ဟု မိန့်တော်မူ၏။
3 ထိုအခါ ပရောဟိတ်ကြီးတို့နှင့် လူမျိုးတော်တွင် လူကြီးတို့သည် ကာယဖဘွဲ့ခံ ပရောဟိတ်မင်း၏ ကျောင်းတော်တံတိုင်းအတွင်းစုဝေးရာ၊
4 ယေရှုကို ပရိယာယ်အားဖြင့် ဖမ်းဆီးကွပ်မျက်ရန် အချင်းချင်းတိုင်ပင်လျက် ပွဲအခါတွင်မဖမ်းသင့်။
5 ပြည်သူပြည်သားတို့ ရုန်းရင်းခတ် ပြုကောင်းပြုလိမ့်မည်ဟု ဆိုကြ၏။
6 ယေရှုသည် ဗေသနိရွာနေ လူနူရှိမုန်အိမ်တွင် တည်းခိုတော်မူသော်
7 မိန်းမတစ်ယောက်သည် အဖိုးထိုက်သောနံ့သာဆီကို ကျောက်ဖြူဘူးနှင့်ယူလာ၍ စားပွဲထိုင်တော်မူစဉ် ဦးခေါင်းတော်ပေါ်သို့သွန်းလောင်း၏။
8 တပည့်တော်တို့မြင်ကြသော် အမျက်ထွက်လျက် ဤသို့ဖြုန်းတီးသည်မှာ အသို့ကြောင့်နည်း။
9 ထိုဆီကိုအဖိုးများစွာနှင့် ရောင်းပြီးလျှင် သူဆင်းရဲများအား ပေးကမ်းနိုင်လေပြီဟု ဆိုကြသည်ကို
10 ယေရှုကြားသိတော်မူသည့်ကာလ ထိုမိန်းမကိုအဘယ့်ကြောင်းနှောက်ရှက်ကြသနည်း။ ငါ၌ ကောင်းသောအမှုကိုပြုလေပြီ။
11 သူဆင်းရဲများသည် သင်တို့နှင့်အတူရှိနေကြသည် ငါမူကား အစဉ်နေသည်မဟုတ်။
12 ထိုမိန်းမသည် ငါ့အပေါ်သို့ နံ့သာဆီလောင်းသည်မှာ သေခမ်းသေနားပြင်ဆင်လေသတည်း။
13 ဤသတင်းတော်မြတ်ကို တစ်လောကလုံး ဟောပြောသမျှ အရပ်ရပ်၌ ထိုမိန်းမကို သတိရစေရန် ပြုဘူးသောဤအမှုကိုလည်း ကြားပြောရကြလိမ့်မည်။ ငါအမှန်ဆိုသည်ဟုမိန့်တော်မူ၏။
14 ထိုနောက် တစ်ဆယ့်နှစ်ပါးအပါအဝင် ယုဒဣရှကာရုတ်ခေါ်သူသည် ပရောဟိတ်ကြီးတို့ထံသွား၍ ကိုယ်တော်ကိုပို့အပ်လျှင်
15 မည်မျှပေးမည်နည်းဟုမေးသော် ငွေအကျပ်သုံးဆယ်ချိန် ပေးကြ၏။
16 ထိုအခါကစ၍သူသည် ပို့အပ်ရန်အချိန်အခွင့်ကို ရှာကြံလျက်နေ၏။
17 တဆေးမဲ့မုန့်ပွဲ ပဌမနေ့တွင် တပည့်တော်တို့သည် ယေရှုထံချဉ်းကပ်၍ ပသခါပွဲကိုစားတော်ခေါ်ရန် မည်သည့်အရပ်တွင် ပြင်ဆင်စေလိုပါသနည်း ဟုမေးလျှောက်ကြရာ
18 မြို့တွင်းရှိ ဤမည်သူ့ထံသွားပြီလျှင် ဆရာက ငါ့အချိန်နီးပြီ။ တပည့်တို့နှင့်တကွ ပသခါပွဲကို သင့်အိမ်တွင်ငါကျင်းပမည်ဟူ၍ မှာလိုက်ကြောင်း ကြားပြောကြလောဟုမိန့်တော်မူ၏။
19 တပည့်တော်တို့သည် ယေရှုစီရင်တော်မူသည့်အတိုင်း လိုက်နာ၍ ပသခါပွဲကိုပြင်ဆင်ကြပြီးနောက်
20 ညနေချမ်းအချိန် တပည့်တော်တစ်ဆယ့်နှစ်ပါးတို့နှင့်တကွ စားပွဲထိုင်တော်မူရာ
21 သုံးဆောင်နေကြစဉ် ကိုယ်တော်က သင်တို့အနက်တစ်ယောက်ယောက်သည် ငါ့ကိုပို့အပ်လိမ့်မည်။ ငါအမှန်ဆိုသည်ဟုမိန့်တော်မူလျှင်
22 အလွန်ဝမ်းနည်းကြသဖြင့် အသီးအသီးတို့က အရှင်ဘုရား တပည့်တော်လောဟု မေးလျှောက်ကြသော်
23 ပုကန်တွင် ငါနှင့်အတူနှိုက်သူသည် ငါ့ကိုပို့အပ်မည့်သူဖြစ်သည်။ စပ်လျဉ်းသောကျမ်းချက်အတိုင်း
24 လူ့သားသည် သွားရမည်မှန်သော်လည်း လူ့သားကိုပို့အပ်သူ၌ အမင်္ဂလာရှိ၏။ ထိုသူမဖွားခဲ့လျှင် ကောင်းသည်ဟု မိန့်တော်မူ၏။
25 ပို့အပ်သူယုဒကလည်း ဆရာတပည့်တော်လောဟုမေးလျှောက်သော် သင်ဆိုသည့်အတိုင်းတည်းဟု မိန့်ဆို၏။
26 သုံးဆောင်လျက်နေသေးစဉ် ယေရှုသည် မုန့်ကိုယူ၍ကောင်းကြီးပေးပြီလျှင် ဖဲ့တော်မူလျက်ယူစားကြလော့။ ဤကားငါ့ကိုယ်ခန္ဓာတည်းဟုမိန့်ဆို၍ တပည့်တော်တို့အားပေးတော်မူ၏။
27 ဖလားကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင် သင်တို့ရှိသမျှ သောက်ကြလော့။
28 ဤကားအပြစ်ဖြေလွတ်စေရန် လူအများအဖို့သွန်းသော ပဋိညာဉ်တော်ဆိုင်ရာ ငါ့အသွေးတည်း။
29 ငါမူကားသင်တို့နှင့်အတူခမည်းတော်၏ နိုင်ငံတော်တွင် စပျစ်ရည်သစ်သောက်သည့်နေ့မတိုင်မီ ယခုမှတစ်ပါးသောက်တော့်မည်မဟုတ်၊ ငါဆိုသည်ဟုမိန့်တော်မူလျက် တပည့်တော်တို့အားပေးတော်မူ၏။
30 ထိုနောက် သီချင်းဆိုပြီးလျှင် သံလွင်တောင်သို့ထွက်ကြွသွား၏။
31 ထိုအခါ တပည့်တော်တို့အား ယေရှုက အထိန်းအကျောင်းကို ငါသတ်သဖြင့် သိုးအုပ်ကွဲလွင်ရကြလတ္တံ့ဟူသောကျမ်းချက်အတိုင်း သင်တို့ရှိသမျှသည် ယခုညဉ့်တွင် ငါကြောင့်တိုက်လဲ ကြလိမ့်မည်။
32 သို့ရာတွင် ငါသည်ရှင်ပြန်ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့အရင်သွားနှင့်မည်ဟုမိန့်တော်မူ၏။
33 ထိုကာလ ပေတရုက ရှိသမျှတို့သည် ကိုယ်တော်ကြောင့်တိုက်လဲကြသော်လည်း တပည့်တော်တိုက်လဲမည်မဟုတ်ပါဟု ပြန်လျှောက်သော်
34 ေယရှုကငါအမှန်ဆိုသည်ကား၊ သင်သည် ယခုညဉ့်တွင် ကြက်မတွန်မီငါ့ကို သုံးကြိမ်တိုင် ငြင်းဆိုလိမ့်မည်ဟုမိန့်တော်မူသဖြင့်
35 ပေတရုက တပည့်တော်သည် ကိုယ်တော်နှင့်အတူ သေရမည်ဖြစ်စေ။ ငြင်းဆိုမည်မဟုတ်ပါဟုလျှောက်ဆို၏။ တပည့်တော်ရှိသမျှတို့လည်း ထိုနည်းတူလျှောက်ဆိုကြ၏။
36 ဂေသရှေမန်ခေါ်အရပ်သို့ တပည့်တော်တို့နှင့်အတူရောက်သော် ယေရှုက ငါသည်ထိုတွင်သွား၍ ပဌနာပြုစဉ် ဤတွင်ထိုင်နေကြဟု မိန့်တော်မူ၍
37 ပေတရုနှင့်တကွ ဇေဗေဒဲ၏ သားနှစ်ယောက်ကို ခေါ်သွားပြီလျှင်
38 စိတ်တော်ညှိုးငယ်ပူဆွေးခြင်းဖြစ်သဖြင့် ငါ့စိတ်ဝိညာဉ်သေလောက်အောင် ညှိုးငယ်သည်။ ဤတွင်နေရစ်၍ ငါနှင့်အတူစောင့်ကြဟုမိန့်တော်မူပြီးသော်
39 ရှေ့သို့အနည်းငယ် ကြွသွားပျပ်ဝပ်လျက် အဘခမည်တော်၊ ဤခွက်သည် အကျွန်ုပ်မှလွန်သွားနိုင်လျှင် သွားစေတော်မူပါ သို့သော်လည်း အကျွန်ုပ်အလိုတိုင်းမဟုတ်။ အလိုတော်တိုင်း ဖြစ်စေတော်မူပါဟုလျှောက်တော်မူ၏။
40 တပည့်တော်တို့ရှိရာသို့ကြွရောက်သော် အိပ်နေကြသည်ကိုတွေ့၍ ပေတရုအား မည်သို့နည်း။ တစ်နာရီမျှ ငါနှင့်အတူမစောင့်နိုင်ကြလော။
41 စုံစမ်းရာမလိုက်မပါအံ့သောငှာ စောင့်နေ၍တောင်းလျှောက်ကြလော့။ စိတ်အားကြီးသော်လည်း ကိုယ်ခန္ဓာအားနည်းစွတကား ဟုမိန့်တော်မူပြီးနောက်
42 ဒုတိယအကြိမ်ထွက်ကြွ၍ အဘခမည်းတော် ဤခွက်ကိုကျွန်ုပ်မသောက်ဘဲ မလွန်မသွားနိုင်လျှင် အလိုတော်အတိုင်း ဖြစ်စေတော်မူပါဟုတောင်းလျှောက်တော်မူ၏
43 ပြန်ကြွသည့်ကာလ တပည့်တော်တို့မျက်စိလေးသဖြင့် အိပ်နေကြသည်ကိုတွေ့ရာ တစ်ဖန်ထွက်ခွာတော်မူပြီးလျှင်
44 အထက်နည်းအတိုင်း တတိယအကြိမ်တောင်းလျှောက်၍ ပဌနာပြုတော်မူ၏။
45 ထိုနောက်တပည့်တော်တို့ထံကြွလာ၍ ယခုအိပ်စက်နားနေကြလော့။ အချိန်နာရီတိုင်လုပြီ။ လူ့သားသည် အပြစ်သားတို့လက်သို့ပို့အပ်ခံရပြီ။
46 ထကြလော့။ သွားကြကုန်အံ့။ ငါ့ကိုပို့အပ်သူရောက်လာပြီဟု မိန့်တော်မူ၏။
47 ထိုသို့မိန့်တော်မူစဉ်ပင် တစ်ဆယ့်နှစ်ပါးပါဝင်သူ ယုဒသည်ရောက်လာ၍ ဓား၊ တုတ်၊လက်နက်စွဲကိုင်သောလူအမြောက်အမြားလည်း ပရောဟိတ်ကြီးတို့နှင့်လူမျိုးတော်တွင် လူကြီးတို့ထံမှလိုက်ကြ၏။
48 ပို့အပ်မည့်သူက ငါနမ်းမည့်သူသည် ထိုသူဖြစ်၏။ ဖမ်းကြဟူ၍ အထိမ်းအမှတ်ပေးထားခဲ့သည့်အတိုင်း ယေရှုထံရုတ်ခြင်းလာ၍
49 ဆရာကျန်းခန့်ပါစေဟုဆိုလျက် နမ်းရှုပ်သော်
50 ယေရှုကအဆွေ၊ သင့်ကိစ္စကိုဆောင်ရွက်လော့ဟုမိန့်တော်မူလျှင် ချဉ်းလာ၍ ကိုယ်တော်ကို လက်ရဖမ်းဆီးကြ၏။
51 ယေရှုနှင့် လိုက်ပါသူတစ်ယောက်သည် လက်ဆန့်လျက်ဓားကိုချွတ်ပြီးလျှင် ပရောဟိတ်မင်း၏ ကျွန်ကိုခုတ်၍ နားရွက်ပြတ်သဖြင့်
52 ယေရှုက သင့်ဓားကို အိမ်၌ပြန်သွင်းလော့။ ဓားဆောင်သူရှိသမျှတို့သည် ဓားဖြင့်ပျက်စီးရမည်။
53 တစ်ဆယ်နှစ်တပ်ထက်များသော စေတမန်တော်တို့ကို ယခုပင် ငါ့ထံလွှတ်တော်မူစေခြင်းငှာ ခမည်းတော်အားငါမလျှောက်တောင်းနိုင်ဟု သင်ထင်သလော။
54 သို့ပြုလျှင် ဤအတိုင်းဖြစ်ရမည်ဟူသော ကျမ်းချက်များမည်သို့ပြည့်စုံမည်နည်းဟု မိန့်တော်မူ၏
55 ထိုအချိန်နာရီ၌ လူအမြောက်အမြားအား ယေရှုက သင်တို့သည် ဓား၊ တုတ်လက်နက်စွဲကိုင်လျက် ဓားပြဖမ်းထွက်သလို ငါ့ကိုဖမ်းဆီးရန်လာကြသလော။ ငါသည်ဗိမာန်တော်တွင်နေ့တိုင်း ဒေသနာပေးလျက်ထိုင်နေစဉ် မဖမ်းကြပါတကား။
56 ယခုဖြစ်ပျက်ရသောအချင်းအရာခပ်သိမ်းမှာ ပရောဖက်တို့ကျမ်းချက်များ ပြည့်စုံစေခြင်းငှာတည်းဟု မိန့်တော်မူ၏။ ထိုနောက်တပည့်တော်တို့ရှိသမျှတို့သည် ကိုယ်တော်ကိုစွန့်ပစ်၍ထွက်ပြေးကြ၏။
57 ယေရှုကို ဖမ်းဆီးသူတို့သည် ကျမ်းတတ်ဆရာနှင့်လူကြီးတို့စုရုံးလျက်ရှိရာ ပရောဟိတ်မင်းကာယဖထံယူသွားကြသော်
58 ပေတရုသည်ပရောဟိတ်မင်း၏ ကျောင်းတော့်တံတိုင်းတိုင်အောင် အဝေးကလိုက်လျက်ဝင်ပြီးလျှင် အပြီးသတ်ခြင်းကိုသိမြင်ရန် မင်းမှုထမ်းတို့နှင့်ထိုင်နေ၏။
59 ထိုအခါ ပရောဟိတ်ကြီးတို့နှင့် လွှတ်တော်အရာရှိကြီးအပေါင်းတို့သည် ယေရှုကိုကွပ်မျက်ရစေရန် မုသာသက်သေရှာ၍
60 မုသာသက်သေခံအများလာရောက်သော်လည်းမရနိုင်ကြ။
61 ထိုနောက်လူနှစ်ဦးရောက်လာ လျက် ဤသူကငါသည် ဘုရားသခင့်ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်နှင့်တည်ဆောက်နိုင်ကြောင်း ဆိုပါသည်ဟုသက်သေခံကြသော်
62 ပရောဟိတ်မင်းထ၍ သင်သည်တစ်ခွန်းတပါဒမျှ မထုချေသလော။ ဤသူတို့သက်သေခံချက်မှာ မည်သို့နည်းဟုမေးသော်လည်း ယေရှုဆိတ်ဆိတ်နေတော်မူ၏
63 ထိုအခါ ပရောဟိတ်မင်းက သင်သည်ဘုရားသခင့်သားတော်တည်းဟူသော ခရစ်တော်ဟုတ်မဟုတ်ကို ဖော်ပြစေရန် အသက်ရှင်တော်မူသောဘုရားသခင်ကို ငါတိုင်တည်၍တိုက်တွန်းသည်ဟုဆိုသော်
64 ယေရှုကသင်ဆိုသည့်တိုင်းတည်း။ လူ့သားသည် တန်ခိုးတော်ရှင်၏ ယာဘက်တော်တွင် စံလျက် မိုးတိမ်ပေါ်တွင် စကြာဖြန့်လာတော်မူသည်ကို နောင်သင်တို့မြင်ရကြလတ္တံ့။ ငါဆိုသည်ဟုမိန့်တော်မူသဖြင့်
65 ပရောဟိတ်မင်းသည် ကိုယ်ရုံကို ဆုတ်လျက် ပုတ်ခတ်မှုပါတကား။ မည်သည့်သက်သေလိုတော့သနည်း။
66 ယခုပင်ပုတ်ခတ်မှုစကားကို သင်တို့ကြားကြပြီမည်သို့ထင်ကြသနည်းဟု မေးရာ သေဒဏ်ခံထိုက်ပါသည်ဟု ပြန်ဆိုပြီးလျှင် မျက်နှာတော်ကိုတံတွေးထွေး၍
67 ကိုယ်တော်ကိုလက်သီးနှင့်ထိုးကြ၏။ အချို့ကလည်းလက်ဝါးနှင့်ရိုက်လျက် အချင်းခရစ်တော်
68 မည်သူရိုက်သည်ကိုဟောလော့ဟုဆိုကြ၏။
69 ထိုအခါပေတရုသည် ကျောင်းတော့်အပြင် တံတိုင်းအတွင်းထိုင်နေစဉ် ကျွန်မတစ်ယောက်လာလျက် သင်လည်းဂါလိလဲပြည်သား ယေရှုနှင့်လိုက်ပါသူဖြစ်သည်ဟု ဆိုသော် သင်ပြောသည်ကိုငါမသိဟု
70 ရှိသမျှတို့ရှေ့ငြင်းဆို၏။
71 ထိုနောက်တံခါးဝသို့ထွက်သည့်ကာလ အခြားသောကျွန်မမြင်၍ ဤသူသည်နာဇရက်မြို့သားယေရှုနှင့်လိုက်ဘူးသူဖြစ်သည်ဟု အနီးရှိသူတို့အားဆိုသော်
72 ထိုလူကို ငါမသိဟု ကျိန်၍ငြင်းဆိုပြန်၏။
73 ခဏကြာသော် အနီးတွင်ရပ်နေသူတို့ချဉ်းလာ၍ ပေတရုအား စင်စစ်သင်သည် ထိုသူတို့အပေါင်းအပါဖြစ်ကြောင်း၊ သင့်စကားကထင်ရှားသည်ဟုဆိုကြရာ ထိုလူကိုငါမသိ ဟု
74 ပေတရုတိုင်းထွာ၍ ဆိုလျှင်ဆိုချင်း ကြက်တွန်လေ၏။
75 ကြက်မတွန်မီငါ့ကိုသုံးကြိမ်တိုင် ငြင်းဆိုလိမ့်မည်ဟု ယေရှုမိန့်တော်မူချက်ကို ပေတရုသတိရ၍ ပြင်သို့ထွက်သွားပြီးလျှင် သည်းစွာငိုကြွေးလေ၏။