6
ထိုအရပ်မှထွက်ကြွတော်မူသော် နောက်တော်ကလိုက်သောတပည့်တော်တို့ပါ နေရင်းမြို့သို့ ရောက်တော်မူပြီးလျှင်၊ ဥပုသ်နေ့ကျရောက်သည့်ကာလ ဓမ္မာရုံတွင်ဒေသနာပေးတော်မူရာ ကြားနာသူအများ အံ့သြကြလျက် ဤသူသည် ထိုအရာများကိုမည်သို့ရသနည်း။ သူရသောဉာဏ်ပညာနှင့် လက်ဖြင့်ပြုသောအမှုကြီးများမှာ မည်သို့နည်း။ သူသည် လက်သမားမဟုတ်လော။ မာရိသား မဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန် တို့၏ အစ်ကိုမဟုတ်လော။ နှမများလည်း ငါတို့နှင့်အတူဤအရပ်တွင်ရှိကြသည်မဟုတ်လောဟု ဆိုလျက် ကိုယ်တော့်အတွက် တိုက်လဲကြရာ၊ ယေရှုကပရောဖက်မည်သည်မှာ ကိုယ့်မြို့၊ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်အိမ်မှတစ်ပါး အခြားသောအရပ်တွင် ဂုဏ်အသရေမရဘဲမရှိဟု မိန့်တော်မူ၏။ ထိုမြို့တွင် သူနာအနည်းငယ်တို့အပေါ်၌လက်တင်၍ ကျန်းမာစေတော်မူသည်မှတစ်ပါး အမှုကြီးမည်သည်ကိုမျှ ပြုတော်မမူနိုင်။ သူတို့မယုံကြည်ခြင်းကို အံ့သြတော်မူ၏။
ကိုယ်တော်သည် ဒေသနာပေးလျက် မြို့ရွာများကိုဒေသစာရီ လှည့်လည်တော်မူပြီးနောက်၊ တစ်ဆယ့်နှစ်ပါးတို့ကိုအထံတော်သို့ခေါ်၍ နှစ်ပါးစီတွဲဘက်စေလွှတ်လျက် နတ်ဆိုးတို့ကိုနိုင်ခွင့်အာဏာ ပေးအပ်တော်မူ၏။ 8-9 လမ်းခရီးအဖို့ စီးသောဖိနပ်၊ တောင်ဝေးတစ်ချောင်းများပြင် မည်သည့်အရာကိုမျှမဆောင်ရ။ လွယ်အိတ်၊ ရိက္ခာ၊ ခါးပန်းတွင် ကြေးငွေမပါရ။ အင်္ကျီနှစ်ထည်လည်း မဝတ်ရဟူ၍ မှာတော်မူလိုက်၏။ 10 ၎င်းပြင် ကိုယ်တော်က မည်သည့်မြို့ရွာတွင်မဆိုအိမ်သို့ဝင်သော် ထိုမြို့ရွာမှ မထွက်မသွားမီ၊ ၎င်း အိမ်၌တည်းခိုကြလော့။ 11 မည်သည့်အရပ်မဆို သင်တို့ကိုလက်မခံ၊ စကားကိုလည်းမနာလျှင် ထိုအရပ်မှ ထွက်သွားသည့်ကာလ သူတို့တစ်ဘက်သက်သေအဖြစ် မြေမှုန့်ကိုပင်ခါခဲ့ကြလော့ဟု မိန့်တော်မူသည့်အတိုင်း၊ 12 ထိုသူတို့ထွက်သွားပြီးလျှင်နောင်တရကြစေရန် ဟောပြောလျက်၊ 13 နတ်အများကို နှင်ထုတ်လျက် သူနာအများကို ဆီလူး၍ကျန်းမာစေကြ၏။
14-15 နာမတော်ကျော်စောသည့်အတိုင်း အချို့တို့က ဗတ္တိဇံဆရာယောဟန်သည် သူသေတို့အထဲမှ ရှင်ပြန်ထမြောက်လေပြီ။ ထို့ကြောင့်သူ၌ အမှုကြီးများထင်ရှားသည်ဟူ၍လည်းေကာင်း၊ အချို့တို့က ဧလိယ ဖြစ်သည်ဟူ၍လည်းေကာင်း၊ အချို့တို့က ရှေးပရောဖက်တစ်ပါးပါးကဲ့သို့ပရောဖက်ဖြစ်သည်ဟူ၍လည်းေကာင်း၊ 16 ဆိုကြသည့်စကားကို ဟေရုဒ်မင်းကြားသော်၊ ငါခေါင်းဖြတ်လိုက်သော ယောဟန် ရှင်ပြန်ထမြောက်လေပြီဟု ဆို၏။ 17-18 ဟေရုဒ်မင်းသည် နောင်တော်ဖိလိပ္ပုကြင်ရာဟေရောဒိကို သိမ်းယူပြီးဖြစ်သောကြောင့် မရီးတော်ကိုမသိမ်းမယူအပ်ဟု ယောဟန် ကန့်ကွက်သည်ကိုထောက်၍ ထိုမိန်းမအတွက် လူစေလွှတ်လျက် ယောဟန်ကို ဖမ်းဆီးပြီးလျှင်ထောင်ချလေ၏။ 19-20 ဟေရောဒိလည်း ယောဟန်ကိုရန်ညိုးဖွဲ့၍ သတ်လိုသော်လည်း ဖြောင့်မတ်သန့်ရှင်း သူဖြစ်ကြောင်း ဟေရုဒ်မင်းသိ၍ ခန့်ညားသဖြင့် ယောဟန်ကိုလုံခြုံစွာထားသည့်အတွက် မသတ်နိုင်ချေ။ ယောဟန် ဟောပြောချက်ကို ဟေရုဒ်မင်းကြားသော် အလွန်စိတ်ရှုပ်ထွေးခြင်းရှိသော်လည်း ရွှင်လန်းစွာကြားနာလေ့ရှိ၏။ 21 သို့ရာတွင်ဟေရုဒ်မင်းဖွားနေ့ကျရောက်၍ အရာရှိများ၊ ဗိုလ်မှူးများ ဂါလိလဲလူကြီးများတို့အဖို့ စားသောက်ပွဲကျင်းပရာ အဆင်သင့်သောနေ့တွင်၊ 22 ဟေရောဒိသမီးတော်ဝင်၍ကသဖြင့် ဟေရုဒ်မင်းမှစသောစားပွဲတော်ထိုင်ဘက်တို့ပါ နှစ်သက်ကြ၍ သူငယ်မအားဘုရင်မင်းက အလိုရှိရာကိုတောင်းလော့။ ငါပေးမည်ဟုမိန့်ဆိုပြီးနောက်၊ 23 ငါ့နိုင်ငံတစ်ဝက်တိုင်အောင် တောင်းလေသမျှကိုပေးမည်ဟု သစ္စာထားလေ၏။ 24 ထိုအခါ သူငယ်မထွက်သွား၍ မည်သည့်အရာတောင်းရမည်ကို မယ်တော့်ထံမေးရာ ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းဟု ပြန်ဆိုလျှင်ဆိုချင်း၊ 25 သူငယ်မသည် ဘုရင်မင်းထံအမြန်ဝင်၍ ဗတ္တိဇံ ဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းတွင်ထည့်လျက် ယခု ပေးတော်မူစေလိုပါသည်ဟုလျှောက်၏။ 26 ဘုရင်မင်းသည် အလွန်ဝမ်းနည်းသော်လည်း သစ္စာထားမိသည်ကိုလည်းေကာင်း၊ စားပွဲတော်ထိုင်ဘက်တို့ကိုလည်းေကာင်းထောက်သဖြင့် သူငယ်မအားမငြင်းမပယ်လိုသောကြောင့်၊ 27 အမှုထမ်းတစ်ယောက်ကို ချက်ခြင်းစေလွှတ်၍ ယောဟန့်ဦးခေါင်းကိုယူခဲ့စေရန် အမိန့်ထုတ်ဆင့်သည့်အတိုင်း ထိုသူသွားလျက် ထောင်အတွင်းဖြတ်ပြီးလျှင်၊ 28 လင်ပန်းတွင်ထည့်ယူ၍ပေးသဖြင့် သူငယ်မသည် မယ်တော်အားပေးလေ၏။ 29 ယောဟန်၏တပည့်တို့ကြားသော် အလောင်းကိုလာရောက်ယူသွားပြီးလျှင် သင်္ချၖိုင်းဂူတွင်သွင်းကြ၏။
30 တမန်တော်တို့သည်ယေရှုထံစုရုံးလာရောက်၍ ပြုခဲ့သမျှ၊ သွန်သင်ခဲ့သမျှ အကြောင်းအရာများကို လျှောက်ထားကြရာ၊ 31 ဝင်ထွက်သူများလှသဖြင့် စားသောက်ခွင့်မျှ မရကြသည့်အတွက် ကိုယ်တော်က တောအရပ်သို့ အသီးအခြားလာ၍ ခဏနားနေကြဟု မိန့်တော်မူသည့်အတိုင်း၊ 32 လှေစီးလျက် တောအရပ်သို့ အသီးအခြားထွက်သွားကြ၏။ 33 ထွက်သွားသည်ကိုလူအများတို့မြင်၍ ကိုယ်တော်မှန်းသိကြသော်မြို့ရွာအရပ်ရပ်မှ ကြည်းကြောင်း အမြန်လိုက်သဖြင့် ရောက်နှင့်ကြ၏။ 34 လှေမှဆင်းလျှင် ကြီးစွာသောထိုပရိတ်သတ်ကိုမြင်သော်၊ အထိန်းမဲ့သိုးအုပ်ကဲ့သို့ရှိနေကြသောကြောင့် ကရုဏာသက်၍ အကျယ်အားဖြင့်သွန်သင်တော်မူ၏။ 35 အချိန်ကုန်လွန်သော် တပည့်တော်တို့သည်ချဉ်းကပ်၍ ဤအရပ်မှာတောဖြစ်ပါသည်။ အချိန်လည်းကုန်လွန်ပါပြီ။ 36 ပတ်ဝန်းကျင်ရှိ မြို့ရွာများသို့သွား၍ အစားအစာဝယ်ကြစေရန် ဤသူတို့ကိုလွှတ်တော်မူပါဟု လျှောက်ကြလျှင်၊ 37 ကိုယ်တော်က စားရန်သင်တို့ပေးကြဟု ပြန်၍မိန့်တော်မူသော် တပည့်တော်တို့က ငွေနှစ်ရာဖိုးသွားရောက်ဝယ်ယူ၍ စားရန်ပေးရမည်လောဟု ပြန်လျှောက်ကြရာ၊ 38 သင်တို့တွင်မုန့်ဘယ်နှစ်လုံး ပါရှိသနည်း။ သွား၍ကြည့်ကြဟု မိန့်တော်မူသည့်အတိုင်း သိကြသော် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ပါရှိပါသည်ဟု ပြန်လျှောက်ကြ၏။ 39 ထိုအခါ ထိုသူအားလုံးကို မြက်စိမ်းပေါ်တွင်အစုစုထိုင်ကြစေရန် အမိန့်တော်ရှိ၍၊ 40 တစ်ရာစု၊ ငါးဆယ်စု၊ ထိုင်နေကြပြီးနောက်၊ 41 ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့မြော်ကြည့်လျက် ကောင်းကြီးပေး၍ မုန့်များကိုဖဲ့ပြီးလျှင် ထိုသူတို့ရှေ့တွင်တည်စေရန် တပည့်တော်တို့အားပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း ရှိသမျှတို့အား ဝေပေးတော်မူ၏။ 42-43 ထိုသူရှိသမျှ စား၍ဝကြသည့်နောက် မုန့်အကျိုးအပဲ့၊ ငါးအကျိုးအပဲ့များကို ဆွဲတောင်း တစ်ဆယ့်နှစ်တောင်းအပြည့် ကောက်ရကြ၏။ 44 ထိုမုန့်ကိုစားသူတို့မှာ ယောက်ျား ငါးထောင်ရှိသတည်း။
45 ထိုနောက်လူပရိတ်သတ်ကို သွားစေတော်မူသည့်အတွင်း လှေစီး၍ တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ ကူးနှင့်ရန် တပည့်တော်တို့အား ချက်ခြင်းအမိန့်တော်ရှိ၍ 46 နှုတ်ဆက်လိုက်ပြီးနောက်ပဌနာပြုရန် တောင်ပေါ်သို့တက်ကြွသဖြင့် 47 ညနေချမ်းအချိန်ရောက်သော် အိုင်လယ်တွင် လှေရှိစဉ် ကုန်းပေါ်တွင်တစ်ပါးတည်း ရှိရစ်တော်မူ၏။ 48 လေမသင့်၍ ပင်ပန်းစွာ ခတ်လျက် ရှိနေကြသည်ကိုမြင် တော်မူသော်သန်းခေါင်ကျော် သုံးနာရီခန့် အချိန်၌ အိုင်ရေပေါ်တွင်စက်တော်ဖြန့်လျက် တပည့်တော်တို့ထံ ကြွရာလွန်သွားမည် ပြုတော်မူ၏။ 49 ထိုသို့စက်တော်ဖြန့်သည်ကိုတပည့်တော်အားလုံးတို့ မြင်သောအခါ တစ္ဆေထင်မှတ်၍ ထိတ်လန့်ကြသောကြောင့်ဟစ်လျှင်ဟစ်ချင်း 50 ကိုယ်တော်က အားယူကြလော့။ မကြောက်ကြနှင့်။ ငါပင်တည်းဟုမိန့်တော်မူလျှင် 51-52 သူတို့ရှိရာ လှေပေါ်သို့တက်တော်မူသော်လေငြိမ်လေ၏။ ထိုအခါ တပည့်တော်တို့သည် မုန့်အံ့ဖွယ်ရာကို နားမလည်၊ စိတ်ခဲယဉ်းသေးသောကြောင့် အလွန်အံ့သြကြသတည်း။
53 ကမ်းတစ်ဘက်ရှိ ဂင်္နေသရက်မြို့ရောက်ကူး၍ ဆိုက်ကြသော် 54 လှေမှသက်လျှင်သက်ချင်း ထိုအရပ်သားတို့သည်ကိုယ်တော်ကို မှတ်မိ၍ နယ်တစ်ဝှမ်းလုံးနှံ့ အမြန်လှည့်လည်ပြီးလျှင် 55 ရှိတော်မူကြောင်းကြားရာအရပ် သို့ ထမ်းစင်များတွင် သူနာတို့ကို တင်လျက် ထမ်းလာကြ၏။ 56 မည်သည့်မြို့ရွာသို့မဆို ဝင်ရောက်တော်မူလျှင်လည်း ဈေးများတွင် သူနာတို့ကို ချထားလျက် အဝတ်တော်ပန်းပွားကိုမျှ တို့ခွင့်ရစေရန် တောင်းပန်ကြ၏။ တို့သမျှသော သူနာတို့လည်း ကျန်းမာကြ၏။