5
1 အိုင်တစ်ဖက်ကမ်းရှိ ဂေရသေနနယ်သို့ ရောက်ကြပြီးလျှင် လှေမှသက်တော်မူခိုက်၊
2 နတ်ဆိုးပူးသူတစ်ယောက်သည် သင်္ချၖိုင်းဂူများမှထွက်လာလျက် ဆီးကြိုလေ၏။
3-4 ခြေချင်းများ၊ သံကြိုးများဖြင့် ကြိမ်ဖန်များစွာတုပ်နှောင်ခံရသော်လည်းသံကြိုးများကို ရုန်းဖြတ်ခြင်း၊ ခြေချင်းများကို ချိုးဖဲ့ခြင်း ပြုတတ်သည်နှင့်ဂူများတွင် နေထိုင်သော ထိုသူ့ကို သံကြိုးနှင့်ပင် မည်သူမျှချည်နှောင်၍မရ။ နှိမ်နင်း၍လည်း မနိုင်ချေ။
5 ဂူများ၊ တောင်များတွင် နေ့ညဉ့်မပြတ်အော်ဟစ်လျက် ကျောက်စောင်းများနှင့် ကိုယ်ကိုတိုက်ရှလျက် ရှိနေတတ်၏။
6 ထိုသူသည် ယေရှုကိုမြင်လျှင် အဝေးကပြေးလာရှိခိုးသော်၊
7-8 အချင်းနတ်ဆိုး၊ ထိုသူမှထွက်လော့ဟုမိန့်တော်မူသောကိုယ်တော့်အား မြင့်မြတ်သော ဘုရားသခင့်သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းပန်းစေရန် ဘုရားသခင်ကို တိုင်တည်၍ တောင်းပန်ပါသည်ဟု ကျယ်စွာအော်ဟစ်လျှင်၊
9 သင့်အမည်ကား မည်သူနည်းဟု မေးတော်မူသော် အကျွန်ုပ်တို့များပြားသဖြင့် သောင်းတပ်ခေါ်ပါသည်ဟုလျှောက်ဆိုပြီးနောက်၊
10 ထိုပြည်မှ သူတို့ကိုနှင်ထုတ်တော်မမူစေရန် များစွာတောင်းပန်၏။
11 ထိုအခါတောင်စောင်းမှာ ကြီးစွာသောဝက်အုပ် ကျက်စားလျက်ရှိသဖြင့်၊
12 ဝက်အုပ်ထဲသို့ဝင်ရန် လွှတ်တော်မူပါဟု တောင်းပန်ကြပြန်သည့်အတိုင်းခွင့်ပြုတော်မူရာ၊
13 နတ်ဆိုးများသည် ထွက်ခွာပြီးလျှင် ဝက်အုပ်ထဲသို့ဝင်ကြသဖြင့် ကောင်ရေနှစ်ထောင်ခန့်ရှိသောထိုဝက်အုပ်သည် ကမ်းစောက်ကို တစ်ဟုန်တည်းပြေးဆင်း၍ အိုင်တွင် နစ်မွန်းသေဆုံးကြ၏။
14 ဝက်ကျောင်းတို့လည်းထွက်ပြေး၍ မြို့ရွာများ၌သတင်းကြားပြောကြသည့်ကာလ အဖြစ်အပျက်များကို သိမြင်ရန် ထွက်လာသူတို့သည်၊
15 ယေရှုထံတော်သို့ ရောက်ရာ နတ်သောင်းတပ်ပူးဖူးသူသည် အဝတ်ဝတ်ဆင်လျက် စိတ်ကောင်းပြန်လျက် ထိုင်နေသည်ကိုမြင်သော် ကြောက်ရွံ့ကြ၏။
16-17 နတ်ပူးသူ့ အဖြစ်အပျက်မှစ၍ဝက်တို့နှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို ဒိဋ္ဌမြင်ခဲ့သူတို့ ဖော်ပြကြရာ နယ်မှထွက်ကြွတော်မူစေရန် တောင်းပန်ကြသည့်အလျောက်၊
18 လှေပေါ်သို့တက်မည်ပြုတော်မူစဉ်နတ်ပူးဖူးသူသည် အပါးတော်တွင်နေရပါမည့်အကြောင်းတောင်းလျှောက်သော်၊
19 ခွင့်ပြုတော်မမူဘဲ ကိုယ့်အိမ်၊ ကိုယ့်အဆွေအမျိုးတို့ထံပြန်လျက် ထာဝရဘုရားသည် သင့်ကိုသနား၍ မည်မျှကျေးဇူးပြုတော်မူကြောင်းကြားပြောလော့ဟုမိန့် တော်မူသည့်အတိုင်း၊
20 ထိုသူသွား၍ မည်မျှကျေးဇူးကို ယေရှုပြုတော်မူကြောင်းဒေကပေါလိနယ်တွင် ကြော်ငြာသဖြင့် လူအပေါင်းတို့ အံ့သြကြ၏။
21 ယေရှုသည် တစ်ဖက်ကမ်းသို့ လှေစီး၍ ကူးတော်မူပြန်သော် ကိုယ်တော့်ထံ ကြီးစွာသောလူပရိတ်သတ်စုရုံးလာရောက်ကြ၏။ အိုင်နားတွင် ရှိနေတော်မူစဉ်၊
22 ယာဣရုအမည်ရှိသောဓမ္မာရုံအုပ်တစ်ဦးသည် လာရောက်တွေ့မြင်သော် ခြေတော်ရင်းတွင် ပျပ်ဝပ်လျက်၊
23 အကျွန်ုပ်၏ သမီးငယ်သေအံ့ဆဲရှိနေပါသည်။ ရောဂါပျောက်လျက် အသက်ရှင်စေရန် ကြွ၍ လက်တင်တော်မူပါဟု များစွာတောင်းလျှောက်သဖြင့်၊
24 လိုက်ကြွတော်မူရာ ကြီးစွာသောလူပရိတ်သတ်လည်း နောက်တော်ကလိုက်၍ ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။
25-26 ထိုအခါ တစ်ဆယ့်နှစ်နှစ်တိုင်သွေးသွန်နာစွဲ၍ ဆေးသမားအများလက်တွင်ရှိသမျှ ကုန်ကျသော်လည်း အလျှင်းမသက်သာဘဲ များစွာဒုက္ခခံရလျက် ရောဂါတိုးလျက်ရှိသောမိန်းမတစ်ယောက်သည်၊
27-28 ယေရှုအကြောင်းသတင်းကို ကြားသိသဖြင့် ငါသည်အဝတ်တော်ကိုမျှတို့ရလျှင် ကျန်းမာလိမ့်မည်ဟု အောက်မေ့လျက် နောက်တော်ပါလူပရိသတ်နှင့်လိုက်လာ၍ အဝတ်တော်ကိုတို့လျှင်တို့ချင်း၊
29 သွေးသွန်နာရပ်၍ ကိုယ်ခန္ဓာ၌ရောဂါကင်းပျောက်ကြောင်း သိလေ၏။
30 ယေရှုလည်း ကိုယ်မှတန်ခိုးတော်ထွက်ကြောင်း ချက်ခြင်းသိမြင်လျက် လူပရိသတ်တွင်လှည့်၍ ငါ့အဝတ်ကို မည်သူတို့သနည်းဟုမေးတော်မူရာ၊
31 တပည့်တော်တို့က ကိုယ်တော်အား လူပရိသတ်တိုးဝှေ့မိသည်ကိုမြင်တော်မူလျက် မည်သူတို့ သနည်းဟူ၍မေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊
32-33 တို့သူ့ကိုမြင်ရန်လှည့်တော်မူသော် ထိုမိန်းမသည် ကိုယ်၌ဖြစ်သောအရာကိုသိသဖြင့် ကြောက်ရွံ့တုန်လှုပ်လျက် ချဉ်းကပ်ပျပ်ဝပ်ပြီးလျှင် အကုန်အစင်အမှန်လျှောက်ထား၏။
34 ထိုအခါကိုယ်တော်က ငါ့သမီး၊ စိတ်အေးလျက် သွားတော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ရောဂါကင်းပျောက်စေဟု မိန့်တော်မူ၏။
35 ထိုသို့မိန့်တော်မူစဉ် ဓမ္မာရုံအုပ်အိမ်မှလူလာ၍ အရှင့်သမီးသေဆုံးပြီ။ ဆရာကို အဘယ်ကြောင့်ဆက်လက်ပင်ပန်းရှာတော့သနည်းဟု ကြားပြောကြရာ၊
36 ယေရှုသည် ထိုစကားကို အရေးမယူဘဲ ဓမ္မာရုံအုပ်အား မကြောက်နှင့်။ ယုံကြည်ခြင်းသာရှိလော့ ဟု မိန့်တော်မူပြီးလျှင်၊
37 ပေတရုမှစ၍ ညီအစ်ကိုဖြစ်သူ ယာကုပ်၊ ယောဟန်တို့ပြင် မည်သူ့ကိုမျှလိုက်ခွင့်ပြုတော်မမူဘဲ၊
38 ဓမ္မာရုံအုပ် အိမ်သို့ရောက်ကြသော် အလွန်မြည်တမ်းငိုကြွေးညံစီလျက် ရှိနေကြသည်ကိုမြင်လေ၏။
39 အိမ်သို့ဝင်ပြီးနောက်အဘယ်ကြောင့်မြည်တမ်းငိုကြွေးကြသနည်း။ သူငယ်မသေသည်မဟုတ်။ အိပ်နေသည်ဟုမိန့်တော်မူလျှင်၊
40 ကိုယ်တော်ကိုပြက်ရယ်ပြုကြ၏။ ထိုသူရှိသမျှကို ပြင်သို့ထုတ်ပြီးမှကိုယ်တော်သည် သူငယ်မမိဘတို့နှင့် နောက်တော်ပါတို့ကိုခေါ်လျက် သူငယ်မရှိရာသို့ ကြွဝင်ရာ၊
41 သူငယ်မလက်ကိုကိုင်၍ သူငယ်မ၊ ထလော့၊ ငါအမိန့်ရှိသည်ဆိုလိုသော တလိသကုမိဟုမိန့်တော်မူသဖြင့်၊
42 အသက်တစ်ဆယ့်နှစ်နှစ်ရှိသောထိုသူငယ်မသည် ရှောင်တခင်ထ၍လှမ်းသွားလျှင်သွားချင်း ကြီးစွာသော အံ့သြမိန်းမောခြင်းရှိရကြ၏။
43 ထိုအကြောင်းကိုမည်သူမျှမသိစေရန် ကြပ်တည်းစွာမြစ်တားပြီးနောက် သူငယ်မအား စားဖွယ်ပေးကြစေရန် အမိန့်ရှိတော်မူ၏။