7
ထိုနောက်ယေရုရှလင်မြို့ကလာသောဖာရိရှဲတို့နှင့် ကျမ်းတတ်ဆရာအချို့တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ လက်မဆေးဟု ဆိုလိုသောမသန့်သောလက်ဖြင့် တပည့်တော်အချို့အစာစားသည်ကိုမြင်ကြ၏။ ဖာရိရှဲတို့မှစ၍ယုဒလူအပေါင်းတို့သည် လူကြီးတို့ရှေးထုံးနည်းကိုစွဲမြဲလျက် စင်ကြယ်စွာလက်မဆေးဘဲ စားလေ့မရှိ။ ဈေးမှပြန်လာသည့်အခါလည်း ရေမချိုးဘဲစားလေ့မရှိ။ ၎င်းပြင် အိုး၊ ခွက်၊ ဖလားများကို ဆေးကြောနည်းမှစ၍ ခံယူစွဲမြဲသောနည်းအများရှိသေး၏။ သို့ဖြစ်၍ ထိုဖာရိရှဲတို့နှင့် ကျမ်းတတ်ဆရာတို့က လူကြီးတို့ရှေးထုံးနည်းအတိုင်းမလိုက်ဘဲ ဆရာ့တပည့်တို့သည်မသန့်သောလက်နှင့် အဘယ်ကြောင့်အစာစားကြသနည်းဟု မေးကြသော် 6-7 ကိုယ်တော်က သီလကြောင်ဖြစ်သူတို့၊ ဤလူမျိုးသည် စိတ်နှလုံးကိုငါနှင့်ခွာ၍ နှုတ်ခမ်းအားဖြင့်သာ ရိုသေလျက် လူတို့မှာထားချက်များကို တရားအဖြစ် သွန်သင်သည်နှင့် အကျိုးမဲ့ငါ့ကိုကိုးကွယ်ကြသည်ဟူ၍သင်တို့ကိုရည်လျက် ပရောဖက်ဟေရှာယဟောပြောရေးထားသည်မှာ သင့်လျှော်စွတကား။ ဘုရားသခင့်ပညတ်တော်ကိုပယ်၍ လူတို့ရှေးထုံးနည်းကို သင်တို့စွဲမြဲကြသည်ဟု မိန့်တော်မူ၏။ ၎င်းပြင် ကိုယ်တော်က သင်တို့ရှေးထုံးနည်းကိုလိုက်နာခွင့်ရစေရန် ဘုရားသခင့်ပညတ်တော်ကိုပယ်ကြသည်မှာ သင့်လျှော်ပေစွ။ 10 မောရှေက မိဘကိုရိုသေသမှုပြုလော့။ မိဘကို ဆဲဆိုသူသည်သေဒဏ်ခံစေဟု ပညတ်သော်လည်း၊ 11 သင်တို့မူကား မည်သူမဆိုမိဘအားထောက်ပံ့သင့်သောငွေကို ဒါနဝထ္ထုအဖြစ် လှူပြီးဖြစ်သည်ဟုဆိုလျှင်၊ 12 မိဘအဖို့ မည်သည်ကိုမျှပြုခွင့်မပေးရာရောက်၍၊ 13 ကိုယ်စွဲမြဲသော ရှေးထုံးနည်းအားဖြင့်ဘုရားသခင့်အမိန့်တော်ကိုအချည်းနှီးဖြစ်စေကြ၏။ ၎င်းပြင် ထိုသို့သောနည်းများစွာအတိုင်း သင်တို့ပြုကျင့်ကြသည်တကားဟု မိန့်တော်မူ၏။ 14 လူပရိတ်သတ်ကိုလည်း ခေါ်တော်မူပြန်လျက် ငါမိန့်ဆိုချက်ကို သင်တို့ရှိသမျှနာယူနားလည်ကြလော့။ 15 ပြင်ပကဝင်၍ လူကိုမသန့်အောင်ပြုနိုင်သောအရာ မည်သည်မျှမရှိ။ အတွင်းမှထွက်သည့် အရာများသာ မသန့်အောင်ပြုသည်ဟု မိန့်တော်မူ၏။ 7.16 ကြားနာရန်နားရှိသူကြားနာေစဟူေသာ နံပါတ်၁၆သည်ေရှးကျမ်းေဟာင်းအချၖို့၌ပါရှိသည်။ 17 လူပရိသတ်ရှိရာမှထွက်ကြွ၍ အိမ်သို့ဝင်ရောက်တော်မူသော် ထိုဥပမာအကြောင်းတပည့်တော်တို့မေးလျှောက်ကြရာ၊ 18-19 ကိုယ်တော်က သင်တို့လည်း ဤမျှလောက်ဉာဏ်ကင်းလျက်ရှိနေကြသလော။ ပြင်ပကဝင်သောအရာသည် စိတ်နှလုံးထဲသို့မရောက်။ ဝမ်းသို့ရောက်၍ အိမ်သာတွင် စွန့်ရသောကြောင့် လူကိုမသန့်အောင်ပြုနိုင်သည်မဟုတ်ကြောင်း မသိမမြင်ကြလောဟု မိန့်တော်မူသဖြင့် စားဖွယ်ခဲဖွယ် အမျိုးမျိုးကို အသန့်ထားတော်မူ၏။ 20 ကိုယ်တော်ကလည်း လူမှထွက်သောအရာကား မသန့်အောင်ပြု၏။ 21 အတွင်းစိတ်နှလုံးက မကောင်းကြံစည်ခြင်း၊ မတရားမေထုန်ပြုခြင်း၊ 22 သူ့ဥစ္စာကို ခိုးခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ သူ့သားအိမ်ရာကို ပြစ်မှားခြင်း၊ တပ်မက်ခြင်း၊ ဆိုးသွမ်းခြင်း၊ လှည့်ဖျားခြင်း၊ ကာမဂုဏ်ကြူးခြင်း၊ မျက်မုန်းကျိုးခြင်း၊ ကုန်းချောခြင်း၊ မာနကြီးခြင်း၊ မိုက်မဲခြင်းများထွက်၏။ 23 ထိုအရာခပ်သိမ်းသည် အတွင်းကထွက်လာ၍ လူကိုမသန့်အောင်ပြုသတည်းဟု မိန့်တော်မူ၏။
24 ထိုအရပ်မှထွက်၍ တုရုနှင့်ဇိဒုန်နယ်များသို့ကြွပြီးလျှင် အိမ်တစ်အိမ်တွင်ဝင်နေရာ မည်သူမျှသိစေတော်မမူလိုသော်လည်း မလျှို့မဝှက်နိုင်။ 25-26 ထိုခဏချင်းတွင် နတ်ဆိုးပူးသူသမီးငယ်ရှိသောရှုရိဖိနိတ်အမျိုး သာသနာပမိန်းမတစ်ယောက်သည် ကိုယ်တော့်အကြောင်းကိုကြား၍ ခြေတော်ရင်းတွင်လာရောက်ပျပ်ဝပ်လျက် သမီးငယ်မှနတ်ကို နှင်ထုတ်တော်မူပါမည့်အကြောင်း တောင်းလျှောက်ရာ၊ 27 ကိုယ်တော်က သားသမီးတို့ကိုဦးစွာဝစေ။ သားသမီးတို့အစာကိုယူ၍ ခွေးများအားမချမပေးအပ်ဟု မိန့် တော်မူသော်၊ 28 မှန်ပါသည် အရှင်ဘုရား၊ စားပွဲအောက်ရှိခွေးများပင် သားသမီးတို့စားနုတ်စားပေါက်ကို စားရကြပါသည်ဟု ထပ်မံလျှောက်ထား၏။ 29 ထိုအခါ ကိုယ်တော်က ဤစကားကြောင့်သွားတော့၊ သင့်သမီးမှနတ်ထွက်ခွာပြီဟု မိန့်တော်မူသည့်အတိုင်း၊ 30 ထိုမိန်းမသည်အိမ်သို့ပြန်သော် နတ်ထွက်ခွာလျက် အိပ်ယာပေါ်တွင် သူငယ်မအိပ်နေသည်ကို တွေ့မြင်လေ၏။
31 တုရုနယ်မှတစ်ဖန်ထွက်၍ ဇိဒုန်နယ်ကိုဖြတ်ပြီးလျှင် ဒေကပေါလိနယ်တစ်လျှောက်ကြွလျက် ဂါလိလဲအိုင်သို့ ရောက်တော်မူသောအခါ၊ 32 နားပင်း၍နှုတ်ဆွံ့သူတစ်ယောက်ကို ခေါ်ခဲ့ကြပြီးလျှင် လက်တော်တင်ရန်တောင်းလျှောက်ကြရာ၊ 33 ကိုယ်တော်သည် ထိုလူပရိတ်သတ်မှ အသီးအခြားခေါ်သွား၍ နားများ၌လက်ညှိုးတော်သွင်းခြင်း၊ တံတွေးတော်ဖြင့်လျှာကိုတို့ခြင်း ပြုပြီးနောက်၊ 34 ကောင်းကင်သို့မြော်ကြည့်လျက် ရှူရှိုက်၍ ပွင့်စေဆိုလိုသော ဧဖသဟု မိန့်တော်မူသည့်အတိုင်း၊ 35 ထိုသူသည် နားပွင့်လျက် လျှာကြောပြေလျက် စကားကောင်းစွာပြောလေ၏။ 36 ထိုအကြောင်းကိုမည်သူ့အားမျှ မကြားမပြောစေရန် မြစ်တားတော်မူသော်လည်း၊ မြစ်တားတော်မူသည်နှင့်အမျှ များစွာတိုးတက်ကြော်ငြာကြ၏။ 37 ထိုသူတို့လည်း အတိုင်းထက်အလွန်အံ့သြ၍ အရာခပ်သိမ်းကိုကောင်းမွန်စွာပြုလေပြီ။ သူပင်း သူအတို့ပင် ကြားနာပြောဆိုနိုင်အောင်ပြုလေပြီတကားဟု ဆိုကြ၏။