2
ရက်အနည်းငယ်ကြာပြီးနောက်ကပေရနောင်မြို့သို့ ကြွဝင်တော်မူပြန်သော် အိမ်တွင်ရှိတော်မူကြောင်း၊ ကြေငြာသဖြင့် တံခါးအနီးတွင်ပင် နေရာလပ်မရှိအောင် လူအများတို့ စုရုံးလာရောက်ကြရာ ထိုသူတို့အား တရားဟောတော်မူ၏။ ထိုအခါ သွက်ချာပါဒရောက်သူ့ကိုလူလေးယောက်ထမ်းခဲ့၍ ပို့ဆောင်ကြသော်၊ လူပရိသတ်ထူထပ်သောကြောင့်အပါးတော်သို့ မချဉ်းနိုင်၍ ကိုယ်တော်ရှိရာ အိမ်မိုးကို လှန်ခွာဖောက်ထွင်းပြီးလျှင်သူနာပါ ထမ်းစင်ကို လျှောချကြ၏။ ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်တော်မူသော် ယေရှုကငါ့သား၊ သင့်အပြစ်ပြေလွတ်ပြီဟု သူနာအား မိန့်တော်မူလျှင်၊ ထိုအိမ်တွင် ထိုင်နေသောကျမ်းတတ်ဆရာ အချို့က၊ ဤသူသည် အဘယ်ကြောင့်ထိုသို့ပြောဆိုသနည်း။ ပုတ်ခတ်မှုပြုလေပြီ။ ဘုရားသခင်မှတစ်ပါး၊ မည်သူအပြစ်ဖြေလွှတ်နိုင်သနည်းဟု စိတ်၌ဆင်ခြင်ကြ၏။ ထိုသို့ဆင်ခြင်ကြသည်ကို ဉာဏ်တော်အားဖြင့်ချက်ခြင်းသိမြင်တော်မူ၍၊ ယေရှုကစိတ်၌အဘယ်ကြောင့်ထိုသို့ ဆင်ခြင်ကြသနည်း။ သူနာအား အပြစ် ပြေလွတ်ပြီဟုဆိုရန်လွယ်ကူသလော၊ ထလော့၊ ထမ်းစင်ကိုဆောင်၍ လှမ်းသွားလော့ဟုဆိုရန် လွယ်ကူသလော။ 10 လူ့သားသည်ဤမြေကြီးပေါ်တွင်အပြစ်ဖြေလွှတ်ခွင့် အာဏာ ရှိကြောင်းကိုသင်တို့သိစေခြင်းငှါ၊ 11 ထလော့၊ ထမ်းစင်ကို ဆောင်၍ အိမ်ပြန်လော့၊ ငါဆိုသည်ဟု သွက်ချာပါဒရောက်သူ့အား မိန့်တော်မူသော်၊ 12 ချက်ခြင်းထပြီးလျှင်ထမ်းစင်ကိုဆောင်၍အားလုံးရှေ့ထွက်သွားလေ၏။ ထိုသူရှိသမျှလည်းအံ့သြ၍ထိုအတိုင်း ငါတို့မမြင်စဖူးဟုဆိုလျက်ဘုရားသခင်၏ဘုန်းတော်ကိုချီးမြှောက်ကြ၏။
13 နောက်တစ်ဖန်အိုင်နားကိုထွက် ကြွတော်မူရာ လူအမြောက်အမြားတို့သည်ကိုယ်တော့်ထံ လာရောက်ကြသဖြင့် ဒေသနာပေးတော်မူ၏။ 14 ေလျှာက်ကြွတော်မူပြန်စဉ် အခွန်ရုံးတွင် ထိုင်နေသောအာလဖဲ့သား လေဝိကိုမြင်၍ ငါ့နောက်လိုက်လော့ဟုမိန့်တော်မူသော်ထိုသူသည် ထ၍နောက်တော်က လိုက်၏။ 15 ယေရှုသည် သူ့အိမ်တွင် တပည့်တော်တို့နှင့်တကွစားတော်ခေါ်စဉ် နောက်တော်ပါလေ့ရှိသောအခွန်ကောက်နှင့် အပြစ်သားအများလည်း အတူသုံးဆောင်ကြ၏။ 16 အပြစ်သားများအခွန်ကောက်များနှင့်အတူ သုံးဆောင်တော်မူသည်ကို ဖာရိရှဲဂိုဏ်းပါကျမ်းတတ်ဆရာတို့မြင်ကြသော် ထိုသူသည်အခွန်ကောက်များ၊ အပြစ်သားများနှင့်အတူစားသောက်ပါသည်တကားဟု တပည့်တော်တို့အားဆိုကြ၏။ 17 ယေရှုသည်ကြားတော်မူသော်ကျန်းမာသောသူတို့၌ဆေးသမားမလို၊ နာသောသူတို့၌သာလို၏။ ငါကားဖြောင့်မတ်သူတို့ကိုခေါ်ရန်မဟုတ်၊ အပြစ်သားတို့ကိုခေါ်ရန်ရောက် လာသည်ဟုမိန့်တော်မူ၏။
18 ယောဟန်၏တပည့်တို့နှင့်ဖာရိရှဲတို့ အစာရှောင်နေကြသည်ဖြစ်၍ ယောဟန့်တပည့်တို့နှင့် ဖာရိရှဲတပည့်တို့သည်အစာရှောင်လျက် ကိုယ်တော်၏တပည့်တို့မူကားအဘယ်ကြောင့် အစာမရှောင်ကြပါသနည်းဟုချဉ်းကပ်မေးလျှောက်ကြသော်၊ 19 ယေရှုက လူပျိုရံတို့သည်မင်္ဂလာဆောင်သတို့သားနှင့်အတူရှိနေစဉ် အစာရှောင်နိုင်ကြသလော။ ရှိနေသမျှအတွင်း အစာရှောင်နိုင်ကြသည်မဟုတ်။ 20 သို့သော်လည်းမင်္ဂလာဆောင်သတို့သားကို ရုပ်သိမ်းမည့် နေ့ရက်ကာလရောက်တော့မည်။ ထိုနေ့ရက်ကာလ အစာရှောင်ကြလတ္တံ့။ 21 မည်သူမျှအဝတ်ဟောင်းကို အထည်သစ်စနှင့်မဖာတတ်။ ဖာလျှင်အဟောင်းကို အထည်သစ်ရုန်းသဖြင့် သာ၍စုတ်ကွဲတတ်၏။ 22 သားရေဘူးဟောင်းတွင်လည်း မည်သူမျှစပျစ်ရည်သစ်ကိုမထည့်တတ်။ ထည့်လျှင် ဘူးကို စပျစ်ရည်ဖောက်ခွဲသဖြင့် ဘူးနှင့် အရည်ပျက်တတ်၏။ စပျစ်ရည်သစ်ကို ဘူးသစ်တွင် ထည့်လေ့ရှိသည်ဟုမိန့် တော်မူ၏။
23 ဥပုသ်နေ့တွင် လယ်ကွက်များကိုဖြတ်ကြွတော်မူစဉ်တပည့်တော်တို့သည်စပါးနှံများကို ဆွတ်ခူးလျက်သွားကြရာ၊ 24 ဖာရိရှဲတို့က ထိုသူတို့သည် ဥပုသ်နေ့တွင် မအပ်သောအမှုကို အဘယ်ကြောင့်ပြုကြပါသနည်းဟုမေး ကြသော်၊ 25 ကိုယ်တော်ကဒါဝိဒ်မင်းသည် နောက်ပါတို့နှင့်တကွအစာမဲ့၍ ဆာမွတ်သောအခါ၊ 26 ပရောဟိတ်မင်းအဗျာသာ့ လက်ထက်ဘုရားသခင့်စံရာတော်သို့ဝင်ပြီးလျှင် ပရောဟိတ်တို့သာစားအပ်သောရှေ့တော်တင်မုန့်ကိုသုံးဆောင်၍ နောက်ပါတို့အားလည်း ပေးကြောင်းသင်တို့မဖတ်ဘူးကြလောဟူ၍လည်းေကာင်း၊ 27 လူ့အတွက်ဥပုသ်နေ့ဖြစ်သည်။ ဥပုသ်နေ့အတွက်လူဖြစ်သည်မဟုတ်။ 28 လူ့သားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်ဟူ၍လည်းေကာင်း မိန့်တော်မူ၏။