ရှင်မာကု
ဧဝံဂေလိကျမ်း
1
1 ဘုရားသခင့်သားတော်ယေရှုခရစ်၏ သတင်းတော်မြတ်၏မူလကို ဆိုပေအံ့။
2 နားထောင်ကြဦး။ သင်သွားရာလမ်းကို ပြင်ဆင်မည့် ရှေ့တော်ပြေး တမန်တော်ကိုငါစေလွှတ်သည် ဟူ၍လည်းေကာင်း၊
3 သဲတော၌ကြွေးကြော်သူ၏စကားသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကိုပြုပြင်ကြလော့။ လမ်းတော်များကိုညီညွှတ်စေကြလော့ဟူ၍လည်းေကာင်း၊ ပရောဖက်ဟေရှာယကျမ်းရှိ သည်နှင့်အညီ၊
4 ယောဟန်သည် ပေါ်လာ၍ တောအရပ်၌ ဗတ္တိဇံပေးလျက် အပြစ်ပြေလွတ်ခြင်း အလို့ငှာနောင်တရခြင်းဆိုင်ရာဗတ္တိဇံတရားကို ဟောပြောလေ၏။
5 ထိုအခါ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်ယောဟန့်ထံ သွားရောက်၍ အပြစ်ဝန်ချလျက် ယော်ဒန်မြစ်၌ သူ့လက်ဖြင့် ဗတ္တိဇံ မင်္ဂလာခံကြ၏။
6 ယောဟန်သည် ကုလားအုပ်မွေးသင်္ကန်းနှင့် သားရေခါးပန်းကိုဆင်လျက် ကျိုင်းကောင်နှင့် တောပျားရည်ကို သုံးဆောင်လျက်၊
7 ငါ့ထက် တန်ခိုးကြီးသော အရှင်သည် ငါ့နောက်ကြွလာတော်မူသည်။ ဖိနပ်တော်ကြိုးကိုမျှ ငါငုံ့၍မဖြည်ထိုက်။
8 ငါသည် သင်တို့ကိုရေနှင့်ဗတ္တိဇံမင်္ဂလာပေးသည်မှန်၏။ ထိုအရှင်မူကား သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပေးတော်မူလိမ့်မည်ဟု ဟောပြော၏။
9 ထိုကာလ ယေရှုသည် ဂါလိလဲနယ်၊ နာဇရက်မြို့မှကြွလာ၍ ယော်ဒန်မြစ်၌ ယောဟန့်လက်ဖြင့် ဗတ္တိဇံ မင်္ဂလာ ခံပြီးလျှင်ပြီးချင်း၊
10 ရေမှတက်ကြွတော်မူရာ ကောင်းကင်ပွင့်လစ်၍ ဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန် ကိုယ့်အပေါ်သို့ဆင်းသက်သည်ကိုမြင်တော်မူ၏။
11 ကောင်းကင်မှလည်း၊ သင်ကားငါနှစ်သက်မြတ်နိုးရာ ချစ်သားပေတည်း ဟုဗျာဒိတ်တော်သံရောက်လာ၏။
12 ၎င်းနောက်ဝိညာဉ်တော်သည် ကိုယ်တော်ကိုတောသို့ ရုတ်ခြင်းထွက်စေသဖြင့်
13 စာတန့်စုံစမ်းခြင်းကိုခံ၍ ရက်ပေါင်းလေးဆယ်အတွင်း တောတိရစ္ဆာန် တို့နှင့်အတူရှိနေတော်မူရာ စေတမန်တော်တို့ လုပ်ကျွေးသမှုပြုကြ၏။
14 ယောဟန် ပို့အပ်ခံရသည့်နောက် ယေရှုသည် ဂါလိလဲနယ်သို့ ကြွရောက်၍၊
15 ဘုရားသခင့်သတင်းတော်မြတ်ကို ကြားပြောလျက်၊ အချိန်စေ့ပြီ။ ဘုရားသခင့်နိုင်ငံတော်တည်လုပြီ။ နောင်တရ၍သတင်းတော်မြတ်ကို ယုံကြည်ကြလော့ဟုနှိုးဆော်တော်မူ၏။
16 ဂါလိလဲအိုင်နား ေလျှာက်ကြွတော်မူစဉ် ရှိမုန်နှင့်အန္ဒြေညီအစ်ကိုတို့သည် တံငါ့ဘာဝ အိုင်တွင် ပိုက်ချလျက်နေသည်ကိုမြင်သော်၊
17 ယေရှုက ငါ့နောက်လိုက်ကြလော့။ သင်တို့ကိုလူဖမ်းသောတံငါဖြစ်စေမည်ဟုမိန့် တော်မူသည့်ကာလ။
18 ထိုသူတို့သည် ပိုက်များကိုထားခဲ့ပြီးလျှင်၊ ချက်ခြင်းနောက်တော်က လိုက်ကြ၏။
19 ထိုမှ အနည်းငယ်ကြွတော်မူပြန်သော်၊ ဇေဗေဒဲ့သား ယာကုပ်နှင့်ယောဟန် ညီအစ်ကို တို့သည် လှေထဲ၌ပိုက်ဖာလျက်နေသည်ကိုမြင်လျှင်မြင်ခြင်း ခေါ်တော်မူ၍၊
20 သူငှါးတို့နှင့်တကွအဘ ဇေဗေဒဲကို လှေထဲ၌ထားခဲ့ပြီးလျှင်နောက်တော်ကလိုက်ကြ၏။
21 ကပေရနောင်မြို့သို့ရောက်ကြသော်၊ ဥပုသ်နေ့တွင် ကိုယ်တော်သည် ဓမ္မာရုံသို့ ချက်ခြင်းဝင်၍
22 ဒေသနာပေးတော်မူရာ၊ ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်၊ အာဏာပိုင်ရှင်အဖြစ်ပေးတော်မူသောကြောင့်ဒေသနာတော်ကိုအံ့သြကြ၏။
23 ထိုဓမ္မာရုံတွင် ရှိသောနတ်ဆိုးပူးသူ တစ်ယောက်က၊
24 အိုနာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည်အကျွန်ုပ်တို့နှင့်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန်ကြွလာတော်မူပြီလော။ ကိုယ်တော်သည်ဘုရားသခင်သီးသန့်ထားသော အရှင်ဖြစ်ကြောင်းကိုအကျွန်ုပ် သိပါသည် ဟုဟစ်သော်၊
25 ယေရှုကတိတ်လော့၊ ထိုသူမှထွက်လော့ဟု ဆုံးမတော်မူသဖြင့်၊
26 နတ်ဆိုးသည် ထိုသူ့ကို တုန်တက်စေပြီးလျှင် ကျယ်စွာအော်၍ ထွက်ခွာ၏။
27 ရှိသမျှတို့လည်းအံ့သြ၍မည်သူနည်း၊ အခွင့်အာဏာနှင့်ပေးသောဒေသနာသစ်ပါတကား။ နတ်ဆိုးများပင်အမိန့်ရှိက လိုက်နာကြပါသည်တကားဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
28 ကိုယ်တော့်အကြောင်းသတင်းသည်ပတ်ဝန်းကျင်ရှိ ဂါလိလဲနယ်အရပ်ရပ်တွင် ချက်ခြင်းနှံ့ပြားကျော်စော၏။
29 ထိုနောက်ဓမ္မာရုံမှ ထွက်ပြီးလျှင်ရှိမုန်နှင့် အန္ဒြေတို့အိမ်သို့ ယာကုပ်၊ ယောဟန်တို့နှင့်တကွ ရောက်တော်မူရာ၊
30 ရှိမုန်၏ ယောက္ခမမိန်းမသူ ဖျား၍ ပက်လက်နေကြောင်း ချက်ခြင်းလျှောက်ထား ကြသည့်အတိုင်း၊
31 ချဉ်းကပ်၍ လက်ကိုကိုင်လျက် ထူတော်မူသဖြင့် ထိုမိန်းမသည် အဖျားပျောက်၍ လုပ်ကျွေးသမှုပြုလေ၏။
32 နေဝင်၍ ညချမ်းအချိန်ရောက်သော် သူနာရှိသမျှနှင့် နတ်ပူးသူရှိသမျှကို အထံတော်သို့ ခေါ်ခဲ့ကြရာ
33 မြို့သူမြို့သားအပေါင်းတို့သည်တံခါးဝအနီး စုရုံးရှိနေခိုက်၊
34 ရောဂါအထူးထူးအထွေထွေကပ်ရောက်သောသူနာအများကိုကျန်းမာစေလျက် နတ်များကိုလည်း နှင်ထုတ်တော်မူ၏။ ကိုယ်တော်ကိုနတ်များသိကြသဖြင့် စကားပြောခွင့်ပြုတော်မမူချေ။
35 နောက်နေ့နံနက်မတိုင်မီကိုယ်တော်သည် နိုးထထွက်သွားပြီးလျှင်တောအရပ်သို့ကြွရောက်၍ ပဌနာပြုတော်မူစဉ်၊
36-37 ရှိမုန်နှင့် အပေါင်းအဖော်တို့ လိုက်ရှာ၍ တွေ့သည့်ကာလ ကိုယ်တော်ကိုလူအပေါင်းတို့ ရှာဖွေကြပါသည်ဟုလျှောက်ကြရာ
38 ကိုယ်တော်က အနီးရှိမြို့ရွာများတွင်လည်း ငါဟောခွင့်ရစေရန် သွားကြဦးအံ့။ ထိုအကြောင်းနှင့် ငါရောက်လာသည်ဟု မိန့်တော်မူပြီးနောက်၊
39 ဂါလိလဲနယ် တစ်ဝှမ်းလုံးတွင် ဓမ္မာရုံများသို့ သွားရောက်ဟောပြောလျက် နတ်ဆိုးတို့ကိုနှင်ထုတ်လျက် နေတော်မူ၏။
40 ထိုအခါ လူနူတစ်ယောက်သည် ကိုယ်တော့်ထံချဉ်းလာ ဒူးထောက်လျက် အလိုတော်ရှိလျှင် ကျွန်တော်ကိုသန့်စေတော်မူနိုင်ပါသည်ဟု အသနားတော်ခံသော်၊
41 ကိုယ်တော်သည် ကရုဏာသက်သဖြင့် လက်ဆန့်၍ တို့တော်မူလျက် ငါအလိုရှိ၏။ သန့်စေဟု မိန့်တော်မူလျှင်မူချင်း၊
42 နူနာပျောက်၍ ထိုသူသန့်ရာရောက်၏။
43-44 ကိုယ်တော်ကလည်းမည်သူ့ကိုမျှမကြားမပြောမိစေရန်သတိပြုလော့။ ပရောဟိတ်ထံသွား၍ကိုယ်ကိုပြပြီးလျှင် မောရှေစီရင်ခဲ့သောဝတ္ထုကို သက်သေအဖြစ်သန့်ရာရောက်သည့်အတွက် ဆက်ကပ်လော့ဟုချက်ခြင်းလွှတ်၍ ကြပ်တည်းစွာမိန့်တော်မူသော်လည်း၊
45 ထိုသူထွက်သွားပြီးလျှင်များစွာသတင်း ကြော်ငြာကြားပြောသဖြင့်၊ နောင်ကိုယ်တော်သည် မြို့တွင်းသို့ အထင်အရှားမဝင်ဘဲတောအရပ်များ၌ နေတော်မူရ၏။ အရပ်ရပ်မှ ကိုယ်တော့်ထံ ရောက်လာကြသတည်း။