3
နောက်တစ်ဖန်ဓမ္မာရုံသို့ ဝင်တော်မူပြန်သော်၊ လက်တစ်ဘက်သေခြောက်လျက်နေသောလူတစ်ယောက်ရှိသဖြင့်၊ ကိုယ်တော်ကိုအပြစ်စွဲဆိုလို၍ ဥပုသ်နေ့တွင် ထိုသူနာကို ကျန်းမာစေတော်မူမည် မမူမည်စောင့်ကြည့်လျက်နေကြသည့် ကာလ၊ ကိုယ်တော်က လက်သေခြောက်သူ့အား၊ အလယ်သို့ ထခဲ့လော့ဟုမိန့်တော်မူပြီးလျှင်၊ ထိုသူတို့အား ဥပုသ်နေ့တွင် အကောင်းကိုပြုအပ်သလော။ အဆိုးကိုပြုအပ်သလော။ အသက်ကို ကယ်အပ်သလော။ သတ်အပ်သလောဟုမေးတော်မူရာ ဆိတ်ဆိတ်နေကြ၏။ ထိုကာလ သူတို့စိတ်နှလုံးခဲယဉ်းခြင်းကြောင့် ဝမ်းနည်း၍အမျက်တော်ထွက်လျက် သူတို့ကို လှည့်ကြည့်ပြီးလျှင်လက်ဆန့်လောဟု သူနာအားမိန့်တော်မူသော် ဆန့်လိုက်သဖြင့် သန်စွမ်းပြန်လေ၏။ ဖာရိရှဲတို့သည် ချက်ခြင်းထွက်သွားပြီးနောက် မည်သို့ဖျက်ဆီးရမည်အကြောင်း ဟေရုဒ်မင်းဘက်တော်သားတို့နှင့် တိုင်ပင်ကြံစည်ကြ၏။
ထိုနောက်ယေရှုသည် တပည့်တော်တို့နှင့်တကွ အိုင်သို့ ထွက်ကြွတော်မူသော်ဂါလိလဲနယ်မှ ကြီးစွာသောလူပရိတ်သတ်လိုက်ကြသည့်ပြင်၊ ယေရုရှလင်မြို့၊ ယုဒနယ်၊ ဣဒုမဲနယ်၊ ယော်ဒန်မြစ်တစ်ဘက်နယ်၊ တုရုနှင့် ဇိဒုန်နယ်များမှ ကြီးစွာသော လူပရိသတ်သည် ပြုတော်မူသောအမှုအရာများကို ကြား၍၊ 9-10 အထံတော်သို့ လာရောက်ကြရာ လူအများတို့ကိုကျန်းမာစေတော်မူသဖြင့် ကိုယ်တော်ကိုတို့ ခြင်းငှါအနာရောဂါစွဲသူရှိသမျှတို့ တိုးဝင်ကြသောကြောင့်လူပရိသတ်တိုးဝှေ့မည်ကို စိုး၍ လှေငယ်တစ်စင်းအသင့်ထားစေရန် တပည့်တော်တို့အားမိန့်တော်မူ၏။ 11 နတ်ဆိုးများလည်း ကိုယ်တော်ကိုမြင်သော် ပျပ်ဝပ်၍ကိုယ်တော်သည် ဘုရားသခင့်သားတော်တည်း ဟုဟစ်ကြသဖြင့်၊ 12 အကြောင်းတော်ကိုမကြားမပြောကြစေရန် ကြပ်တည်းစွာ မှာထားတော်မူ၏။
13 ထိုနောက်တောင်ပေါ်သို့တက်ကြွပြီးလျှင် အလိုတော်ရှိသူတို့ကို ခေါ်တော်မူသည့်အတိုင်း အထံတော်သို့လာရောက်ကြသော်၊ 14 တစ်ဆယ့်နှစ်ပါးသောသူတို့ကို အပါးတော်တွင် ရှိနေစေခြင်းငှါလည်းေကာင်း၊ 15 နတ်များကိုနှင်ထုတ်ခွင့် အာဏာနှင့် ဟောပြောရန် စေလွှတ်တော်မူအံ့သောငှါလည်းေကာင်း ခန့်ထားတော်မူသည်မှာ၊ 16 ပေတရုအမည်သစ်ဖြင့် သမုတ်တော်မူသောရှိမုန်၊ 17 မိုးကြိုးသားများဟု ဆိုလိုသောဗောနေရဂက်အမည်သစ်ဖြင့် သမုတ်တော်မူသောဇေဗေဒဲ့သား ညီအစ်ကိုဖြစ်သူ ယာကုပ်နှင့် ယောဟန်။ 18 အန္ဒြေ၊ဖိလိပ္ပု၊ဗာသောလမဲ၊မဿဲ၊သောမ၊အာလဖဲ့သား ယာကုပ်၊ သဒ္ဒဲ။ ဝံသာနုရှိမုန်နှင့် 19 ကိုယ်တော်ကိုပို့အပ်သောယုဒဣရှကာရုတ်တို့တည်း။
20 အိမ်တစ်အိမ်သို့ ဝင်တော်မူသော်သုံးဆောင်ခွင့် မရနိုင်အောင် လူပရိတ်သတ်စုလာကြပြန်ရာ ဆွေတော်မျိုးတော်တို့ကြား၍ 21 ရူးသွပ်ပြီဟုဆိုလျက် ကိုယ်တော်ကိုဖမ်းဆီးရန် ထွက်လာကြ၏။ 22 ယေရုရှလင်မြို့မှ ရောက်လာသောကျမ်းတတ်ဆရာတို့ကလည်း၊ ဗေလဇေဗုလနတ်ကပ်သည်။ ထိုနတ်မင်းကိုမှီပြီးလျှင် နတ်များကိုနှင်ထုတ်သည်ဟုဆိုကြသော်၊ 23 ထိုသူတို့ကို ခေါ်တော်မူ၍ စာတန်သည်စာတန်ကို မည်သို့နှင်ထုတ်နိုင်သနည်း။ 24 နိုင်ငံသည် အတွင်း၌ကွဲပြားလျှင် မတည်နိုင်။ 25 အိမ်ထောင်လည်း အတွင်း၌ကွဲပြားလျှင် တည်နိုင်မည်မဟုတ်။ 26 ထိုနည်းတူစာတန်သည် ကိုယ်ကိုရန်ဘက်ပြု၍ကွဲပြားလျှင် မတည်မနေနိုင်။ ဆုံးခန်းတိုင်ရောက်ရ၏။ 27 ခွန်အားကြီးသူ့ကိုဦးစွာမချည်နှောင်ဘဲ သူ့အိမ်အတွင်းဝင်၍ ပစ္စည်းများကို မည်သူမျှမလုယူနိုင်။ ချည်နှောင်ပြီးမှသာ ထိုအိမ်ကိုလုယက်နိုင်လိမ့်မည်ဟု ဥပမာဆောင်၍မိန့်တော်မူ၏။ 28-30 ၎င်းပြင် နတ်ဆိုးကပ်ကြောင်းဆိုကြသည်ကိုထောက်၍ ကိုယ်တော်က ပြစ်မှုအမျိုးမျိုးနှင့် ပြောမိသောပုတ်ခတ်မှုအမျိုးမျိုးအတွက် လူ့သားတို့ပြေလွတ်ခွင့်ရရှိသော်လည်း မည်သူမဆိုသန့်ရှင်းသော ဝိညာဉ်တော်ကိုပုတ်ခတ်မိလျှင် ကာလအစဉ်ပြေလွတ်ခွင့်မရဘဲ ထာဝရအပြစ်သင့်လေပြီ။ ငါအမှန်ဆိုသည်ဟုမိန့် တော်မူ၏။
31 ထိုနောက်မယ်တော်နှင့် ညီတော်တို့သည်လာ၍ပြင်ကရပ်လျက် ကိုယ်တော်ကိုခေါ်စေကြရာ၊ 32 ပတ်လည်တွင် ထိုင်နေသူပရိတ်သတ်တို့က ကြည့်တော်မူပါ၊ မယ်တော်နှင့် ညီတော်တို့သည်ကိုယ်တော်ကိုရှာ၍ ပြင်မှာရှိပါသည်ဟု လျှောက်ကြသည့်ကာလ၊ 33 ငါ့အမိ ငါ့ညီတို့ကား မည်သူနည်းဟုမေးတော်မူလျက်၊ 34 ပတ်လည်တွင် ထိုင်နေသူ တို့ကိုလှည့်ကြည့်တော်မူပြီးလျှင် ကြည့်လော့၊ ဤသူတို့ကား ငါ့အမိ၊ ငါ့ညီတို့တည်း။ 35 မည်သူမဆိုဘုရားသခင့်အလိုတော်ကိုဆောင်ရွက်လျှင် ထိုသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သည်ဟု ပြန်၍မိန့်တော်မူ၏။