22
ပသခါခေါ်တဆေးမဲ့မုန့်ပွဲတိုင်လုနီးသော် ပြည်သူပြည်သားတို့ကိုကြောက်ရွံ့လျက်နေသော ပရောဟိတ်ကြီးနှင့် ကျမ်းတတ်ဆရာတို့သည်၊ ကိုယ်တော်ကိုမည်သို့ကွပ်မျက်ရမည့်အကြောင်း ရှာကြံကြစဉ်၊ တစ်ဆယ့်နှစ်ပါးအပါအဝင် ဣရှကာယုတ်ခေါ် ယုဒထဲသို့စာတန်ဝင်၍၊ ထိုသူသည်ပရောဟိတ်ကြီးနှင့်မဟာဒါန်ဝန်တို့ထံသွားလျက် မည်သို့ပို့အပ်နိုင်ကြောင်းတိုင်ပင်ကြရာ၊ ထိုသူတို့ဝမ်းမြောက်၍ ငွေပေးမည်ဟုပဋိညာဉ်ပြုသည့်အတိုင်း၊ ယုဒဝန်ခံပြီးလျှင် လူပရိသတ်မပါဘဲပို့အပ်ရန် အချိန်အခွင့်ကိုရှာကြံလျက်နေ၏။
ပသခါယဇ်စီရင်ရသော တဆေးမဲ့မုန့်ပွဲနေ့တိုင်သည့်ကာလ၊ ကိုယ်တော်သည်ပေတရုနှင့်ယောဟန်အား ငါတို့စားရန်ပသခါပွဲကိုသွား၍ ပြင်ဆင်ကြဟုမိန့်ဆိုလျက် စေလွှတ်တော်မူသော်၊ မည်သည့်အရပ်တွင် ပြင်ဆင်စေလိုတော်မူပါသနည်းဟုမေးလျှောက်ကြရာ၊ 10 ကိုယ်တော်ကမြို့တွင်းသို့ဝင်မိလျှင် ရေအိုးထမ်းသွားသူတစ်ယောက်ကိုတွေ့ကြလိမ့်မည်။ သူဝင်ရာအိမ်ရောက်လိုက်သွားပြီးမှ အိမ်ရှင်အား၊ 11 ဆရာက တပည့်တို့နှင့်တကွပသခါပွဲကို ငါသုံးဆောင်ရမည့်ဧည့်ခန်းအဘယ်မှာနည်းဟူ၍ မေးလိုက်ကြောင်း ကြားပြောကြလော့။ 12 ခင်းကျင်းထားသောအထက်ခန်းကြီးကိုပြလိမ့်မည်။ ပြင်ဆင်ကြဟုမိန့်တော်မူ၏။ 13 တပည့်တော်တို့သည်သွားလျက် မိန့်တော်မူလိုက်သည့်အတိုင်းတွေ့၍ ပသခါပွဲကိုပြင်ဆင်ကြပြီးနောက်၊ 14 အချိန်နာရီစေ့သော် တမန်တော်တို့နှင့်တကွ စားပွဲထိုင်တော်မူစဉ်၊ 15 ကိုယ်တော်ကစီရင်ခြင်းကိုငါမခံမီ ဤပသခါပွဲကိုသင်တို့နှင့်အတူ သုံးဆောင်ရန်အလွန်သဘောရှိ၏။ 16 ဘုရားသခင့်နိုင်ငံတော်တွင် ထိုပွဲတော်မပြည့်စုံမီ ယခုမှတစ်ပါးသုံးဆောင်တော့မည်မဟုတ် ငါဆိုသည်ဟု မိန့်တော်မူ၏။ 17 ထိုနောက်ကိုယ်တော်သည် ဖလားကိုခံယူလျက် ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင် ယူ၍အချင်းချင်းဝေငှကြလော့။ 18 ဘုရားသခင့်နိုင်ငံတော်မတည်မီ ယခုမှတစ်ပါးစပျစ်ရည်ကိုသောက်တော့မည်မဟုတ် ငါဆိုသည်ဟုမိန့်တော်မူ၏။
19 မုန့်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးလျှင် ဖဲ့တော်မူလျက် ဤကားသင်တို့အဖို့စွန့်သော ငါ့ကိုယ်ခန္ဓာတည်း။ ငါ့ကိုသတိရခြင်းငှာဤသို့ပြုကြလော့ဟုမိန့်ဆို၍ တပည့်တော်တို့အားပေးတော်မူ၏။ 20 ထိုနည်းတူအဟာရသုံးပြီးနောက်ဖလားကိုယူပြန်၍ ဤဖလားကား သင်တို့အဖို့သွန်းသော ငါ့အသွေးဖြင့်ဖွဲ့သည့်ပဋိညာဉ်တော်သစ်တည်း။ 21-22 ငါ့ကိုပို့အပ်သောသူ၏လက်သည် ငါ့အနီးစားပွဲပေါ်တွင်ရှိသည်မှာ ပြဌာန်းပြီးဖြစ်သည့်အတိုင်း လူ့သားသွားရမည်မှန်သော်လည်း ပို့အပ်သူ၌အမင်္ဂလာရှိသည်ဟုမိန့်တော်မူရာ၊ 23 တပည့်တော်တို့သည် ထိုအမှုအရာကိုမည်သူပြုဝံ့ကြောင်း အချင်းချင်းမေးမြန်းကြ၏။
24 ၎င်းပြင် တမန်တော်တို့အနက် မည်သူ့ကိုအကြီးအမြတ်မှတ်ယူထိုက်ကြောင်း အငြင်းအခုန်ဖြစ်ကြသော်၊ 25 ကိုယ်တော်က လူမျိုးခြားဘုရင်မင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာပိုင်တို့လည်း ကျေးဇူးရှင်ဟူ၍အခေါ်ခံတတ်ကြ၏။ 26 သင်တို့တွင်မူကား ထိုသို့မဖြစ်စေရ။ ကြီးမြတ်သူသည်သိမ်ငယ်သူကဲ့သို့လည်းေကာင်း၊ အကြီးအမှူးဖြစ်သူသည် အစေခံကဲ့သို့လည်းေကာင်းဖြစ်စေ။ 27 စားပွဲထိုင်သူ၊ အစေခံသူတို့အနက် မည်သူကြီးမြတ်သနည်း။ စားပွဲထိုင်သူမဟုတ်လော။ ငါမူကားသင်တို့ဘောင်တွင် အစေခံသဖွယ်ဖြစ်၏။ 28 သို့သော်လည်း သင်တို့သည် ငါစုံစမ်းခံစဉ် ငါနှင့်အတူတည်မြဲသူများဖြစ်သဖြင့်၊ 29-30 ငါ့အား နိုင်ငံတော်ကိုခမည်းတော်လွှဲအပ်တော်မူသည့်နည်းတူ ထိုနိုင်ငံတော်တွင် စားပွဲတော်ထိုင်လျက်စားသောက်ခွင့်ကို ငါလွှဲအပ်သည့်အလျောက် သင်တို့သည်ပလ္လင်များထက်ထိုင်လျက် ဣသရေလဆယ့်နှစ်နွယ်ကို တရားစီရင်ရကြလတ္တံ့။ 31 အိုရှိမုန်၊ ရှိမုန်၊ စာတန်သည်ဆန်ခါနှင့်ချသကဲ့သို့ သင်တို့ကိုချခွင့်ပန်၍ရလေပြီ။ 32 သို့ရာတွင် ယုံကြည်ခြင်းမပျက်ကွက်စေရန် သင့်အဖို့ငါတောင်းလျှောက်၏။ သင်လည်းစိတ်ပြောင်းလဲသော် ညီအစ်ကိုချင်းတို့ကိုအားပေးလော့ဟု မိန့်တော်မူ၏။ 33 ထိုကာလရှိမုန်က အရှင်ဘုရား၊ တပည့်တော်သည်ထောင်ကျရာသို့လည်းေကာင်း၊ အသေခံရာသို့လည်းေကာင်း၊ ကိုယ်တော်နှင့်လိုက်ရန်အသင့်ရှိပါသည်ဟု ပြန်လျှောက်ရာ၊ 34 ကိုယ်တော်က အိုပေတရု၊ ငါ့ကိုမသိဟူ၍သုံးကြိမ်တိုင်သင်မငြင်းဆိုမီ ယနေ့ကြက်တွန်မည်မဟုတ် ငါဆိုသည်ဟုမိန့်တော်မူ၏။
35 ၎င်းပြင်ကိုယ်တော်က သင်တို့ကို ငွေအိတ်၊ လွယ်အိတ်၊ ဖိနပ်မပါဘဲ ငါစေလွှတ်သည့်ကာလ တစ်စုံတစ်ရာလိုကြသလောဟုမေးတော်မူသော် မလိုပါကြောင်းပြန်လျှောက်ကြရာ၊ 36 ယခုမူကား ငွေအိတ်ရှိသူယူစေ။ လွယ်အိတ်ကိုလည်းယူစေ။ ဓားမရှိသူသည်ခြုံထည်ကိုရောင်းချ၍ ဝယ်စေ။ 37 ငါဆိုသည်မှာ ငါနှင့်စပ်လျဉ်းသောအချက်ချက်ပြီးစီးရမည့်အလျောက် မတရားသူတို့စာရင်းသွင်းပြီဟူသောကျမ်းချက်လည်း ငါ၌ပြည့်စုံရမည်ဟုမိန့်တော်မူလျှင်၊ 38 အရှင်ဘုရား၊ ဓားနှစ်စင်းပါပါကြောင်းလျှောက်ကြသော် တော်ပြီဟုမိန့်တော်မူ၏။
39 ထိုနောက်ကိုယ်တော်သည်ထွက်၍ အလေ့တော်အတိုင်း သံလွင်တောင်သို့ကြွတော်မူရာ တပည့်တော်တို့လိုက်ကြ၏။ 40 ရောက်တော်မူသော် ကိုယ်တော်က၊ စုံစမ်းရာမလိုက်မပါမည့်အကြောင်း တောင်းလျှောက်ကြလော့ဟု မိန့်တော်မူပြီးလျှင်၊ 41 ခဲတစ်ပစ်ခန့်ထွက်ခွာ၍ ဒူးထောက်လျက်၊ 42 အိုအဘ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွန်ုပ်မှရုပ်သိမ်းတော်မူပါ။ သို့သော်လည်းအကျွန်ုပ်အလိုအတိုင်းမဟုတ်။ အလိုတော်အတိုင်းဖြစ်စေတော်မူပါဟု တောင်းလျှောက်တော်မူစဉ်၊ 43 စေတမန်တော်တစ်ပါးသည် ကောင်းကင်မှထင်ရှား၍ ကိုယ်တော်ကိုအားပေး၏။ 44 ကိုယ်တော်သည် ပြင်းထန်သောဝေဒနာခံစား၍ အရင်ထက်စိတ်အားကြီးစွာတောင်းလျှောက်တော်မူစဉ် ဇောချွေးတော်သည် သွေးစိုင်များသဖွယ်မြေပေါ်သို့ကျ၏။ 45 တောင်းလျှောက်ပြီးမှ ထ၍တပည့်တော်တို့ရှိရာသို့ကြွပြန်သော် ပူပန်စွာအိပ်နေကြသည်ကိုတွေ့သဖြင့်၊ 46 အဘယ့်ကြောင့်အိပ်နေကြသနည်း။ စုံစမ်းရာမလိုက်မပါအံ့သောငှာ နိုးထတောင်းလျှောက်ကြလော့ဟု မိန့်တော်မူ၏။
47 ထိုသို့မိန့်တော်မူစဉ်ပင် လူအမြောက်အမြားနှင့်တကွ ယုဒခေါ်တစ်ဆယ့်နှစ်ပါးပါဝင်သူသည် ဦးတည်၍ ယေရှုကိုနမ်းရှုပ်ရန်ချဉ်းကပ်ရာ၊ 48 ယေရှုက အိုယုဒ၊ လူ့သားကိုနမ်းရှုပ်၍ပို့အပ်သလောဟု မေးတော်မူလျှင်၊ 49 မည်သို့ဖြစ်ပျက်မည်ကို နောက်တော်ပါတို့သိမြင်ကြသော် အရှင်ဘုရား၊ ဓားနှင့်ခုတ်ရမည်လောဟု မေးလျှောက်လျက်၊ 50 တစ်ယောက်သည်ပရောဟိတ်မင်း၏ ကျွန်ကိုခုတ်၍ လက်ျာနားရွက်ပြတ်လေ၏။ 51 ထိုအခါယေရှုက ဤမျှတိုင်ခွင့်ရပါစေဟုမိန့်ဆိုလျက် ထိုကျွန်၏နားကိုတို့၍ ကျန်းမာစေတော်မူ၏။ 52 ထိုနောက် ရောက်လာကြသောပရောဟိတ်ကြီးများ၊ ဗိမာန်တော်မဟာဒါန်ဝန်များ၊ လူကြီးများတို့အား ယေရှုက သင်တို့သည်ဓားတုတ်လက်နက်စွဲကိုင်လျက် ဓားပြဖမ်းထွက်သကဲ့သို့လာကြသလော။ 53 ငါသည်ဗိမာန်တော်တွင် သင်တို့နှင့်နေ့တိုင်းရှိစဉ် မဖမ်းကြပါတကား။ ဤအချိန်မှာ သင်တို့အချိန်၊ မှောင်မိုက်တန်ခိုးအချိန် ဖြစ်ပေသည်ဟုမိန့်တော်မူ၏။
54 ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ပရောဟိတ်မင်းကျောင်းတော့်အတွင်းယူသွားကြသော်၊ 55 ပေတရုသည် အဝေးကလိုက်၍ ကျောင်းတော့်တံတိုင်းအတွင်းမီးဖိုလျက် စုရုံးထိုင်နေကြသောသူတို့အလယ်၌ ထိုင်နေ၏။ 56 ထိုသို့မီးရောင်တွင်ထိုင်နေသည်ကို ကျွန်မတစ်ယောက်မြင်လျှင် စေ့စေ့ကြည့်၍ ဤသူလည်းထိုသူနှင့်လိုက်ပါသူဖြစ်သည်ဟုဆိုသော်၊ 57 အချင်းမိန်းမ၊ ထိုသူ့ကိုငါမသိဟု ငြင်းဆို၏။ 58 ခဏကြာမှ အခြားသူတစ်ယောက်မြင်၍ သင်လည်းထိုသူတို့အပေါင်းပါဖြစ်သည်ဟုဆိုရာ အချင်းလူ၊ ငါမဟုတ်ဟုပေတရုဆိုပြန်၏။ 59 တစ်နာရီခန့်ကြာပြန်သော် အခြားတစ်ယောက်က ဤသူလည်းဂါလိလဲနယ်သားဖြစ်သည့်အလျောက် ထိုသူနှင့်လိုက်ပါသူစင်စစ်ဖြစ်သည်ဟု အခိုင်အမာပြောဆိုရာ၊ 60 ပေတရုကအချင်းလူ၊ သင်ပြောသည်ကိုငါမသိဟုဆိုလျှင်ဆိုချင်း ကြက်တွန်လေ၏။ 61 အရှင်ဘုရားသည်လှည့်လျက် ပေတရုကိုရှုကြည့်တော်မူရာ ယနေ့ကြက်မတွန်မီငါ့ကိုသုံးကြိမ်တိုင် သင်ငြင်းဆိုလိမ့်မည်ဟူသော အရှင်ဘုရားမိန့်တော်မူချက်ကိုပေတရုသတိရ၍ ပြင်သို့ထွက်သွားပြီးလျှင်၊ 62 သည်းစွာငိုကြွေးလေ၏။ 63-64 ကိုယ်တော်ကိုကိုင်ထားသူတို့သည် ရိုက်နှက်ခြင်း၊ မျက်နှာတော်ကိုဖုံးခြင်းကိုပြုလျက် မည်သို့ရိုက်ကြောင်းဟောလော့ဟု သရော်၍ဆိုပြီးလျှင်၊ 65 ကဲ့ရဲ့စကားများစွာပြောဆိုကြ၏။
66 မိုးသောက်သော် ပရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများတို့သည် လူမျိုးတော်တွင် လူကြီးတို့နှင့်တကွစုရုံး၍ ကိုယ့်လွှတ်တော်သို့ကိုယ်တော်ကိုယူသွားပြီးလျှင် သင်သည် ခရစ်တော်ဟုတ်မဟုတ်ဖော်ပြလော့ဟုဆိုကြရာ၊ 67 ကိုယ်တော်က ငါဖော်ပြသော်လည်းသင်တို့ယုံကြမည်မဟုတ်။ 68 မေးသော်လည်းဖြေကြမည်မဟုတ်။ 69 သို့ရာတွင် ယခုမှစ၍လူ့သားသည် တန်ခိုးတော့်ရှင်ဘုရားသခင့်ယာဘက်တော်တွင် စံနေရမည်ဟုမိန့်တော်မူ၏။ 70 ထိုအခါ ရှိသမျှတို့က သို့ဖြစ်လျှင် သင်သည်ဘုရားသခင့်သားတော်လောဟု မေးကြသော် သင်တို့ဆိုကြသည့်အတိုင်းငါဖြစ်သည်ဟုမိန့်တော်မူလျှင်၊ 71 မည်သည့်သက်သေလိုတော့သနည်း။ သူ့နှုတ်မှပင် ငါတို့ကိုယ်တိုင်ကြားရပြီဟုဆိုလျက်