21
ထို့နောက်ကြွယ်ဝသူတို့သည် အလှူတိုက်တွင်အလှူငွေထည့်သွင်းကြသည်ကို မြော်ကြည့်ရာ၊ နွမ်းပါးသူမုဆိုးမတစ်ယောက်လည်း ကြေးပြားငယ်နှစ်ပြားထည့်သွင်းသည်ကို မြင်သော်၊ ကိုယ်တော်က ဤဆင်းရဲသောမုဆိုးမသည် ထိုသူရှိသမျှထက်ထည့်သွင်းလေပြီ ငါအမှန်ဆို၏။ ထိုသူအပေါင်းတို့သည် စည်းစိမ်ပိုမိုရာမှအလှူထည့်သွင်းကြ၏။ ဤမိန်းမမူကား ဆင်းရဲငတ်မွတ်ရာမှ အသက်မွေးရန်ရှိသမျှကိုထည့်သွင်းပြီတကားဟု မိန့်တော်မူ၏။
လှပသောကျောက်များကောင်းမှုများနှင့် ချယ်လှယ်သောဗိမာန်တော့်အကြောင်း လူအချို့တို့ပြောဆိုကြရာ ကိုယ်တော်က သင်တို့မြင်ရသောဤအရာများကို ကျောက်တစ်ချပ်ပေါ်မှာ တစ်ချပ်မနေစေဘဲ ဖြိုချကြမည့်နေ့ရက်ကာလရောက်တော့မည်ဟု မိန့်တော်မူသော်၊ ဆရာ၊ မည်သည့်အခါတွင်ထိုသို့ဖြစ်ပါမည်နည်း။ ဖြစ်အံ့သောနိမိတ်လက္ခဏာမှာ မည်သို့ပါနည်းဟုမေးမြန်းကြရာ၊ ကိုယ်တော်က ဖြားယောင်းမခံရန်သတိမူကြလော့။ များစွာသောသူတို့က ငါဖြစ်သည်ဟူ၍လည်းေကာင်း၊ အချိန်စေ့ပြီဟူ၍လည်းေကာင်းဆိုလျက် ငါ့နာမနှင့်ရောက်လာကြလိမ့်မည်။ ထိုသူတို့နောက် မလိုက်မသွားကြလင့်။ စစ်သတင်း ရုန်းရင်းခတ်သတင်းများကိုကြားရသော် မကြောက်မလန့်ကြနှင့်။ ထိုသို့ဦးစွာဖြစ်ပျက်ရသော်လည်း အဆုံးသည်ချက်ခြင်းတိုင်မည်မဟုတ်ဟု မိန့်တော်မူ၏။
10 ဆက်လက်မိန့်တော်မူသည်မှာ လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုသည့်ပြင် ကြီးစွာသောငလျင်လှုပ်ခြင်း၊ 11 ကပ်ရောဂါသင့်ရောက်ခြင်း၊ အစာခေါင်းပါးခြင်းများသည် အရပ်ရပ်ဖြစ်လျက် ကြောက်မက်ဖွယ်နိမိတ်မဟာလက္ခဏာများလည်း ကောင်းကင်၌ထင်ရှားလိမ့်မည်။ 12 ထိုသို့မဖြစ်မီသင်တို့သည် လက်ရဖမ်းဆီးခြင်း၊ ညှဉ်းပန်းခြင်း၊ ဓမ္မာရုံများ၊ ထောင်များသို့ပို့အပ်ခြင်း၊ ဘုရင်မင်းနှင့်ဘုရင်ခံမင်းတို့ထံဆွဲငင်ခြင်းများကို ငါ့နာမအတွက်ကြောင့်ခံရကြလတ္တံ့။ 13 ထိုသို့သောအားဖြင့် သက်သေခံခွင့်ရကြလိမ့်မည်။ 14-15 သို့ရာတွင် သင်တို့တရားဘက်အပေါင်းတို့မခုခံမငြင်းဆိုနိုင်အောင် နှုတ်သတ္တိဉာဏ်သတ္တိကို ငါပေးအံ့သောကြောင့် ထုချေချက်ကိုတင်ကူး၍မစဉ်းစားမည့်အကြောင်း စိတ်ပြဋ္ဌာန်းကြလော့။ 16 သင်တို့သည် မိဘ၊ ညီအစ်ကို၊ အမျိုးသားချင်း၊ အဆွေခင်ပွန်းများဖြင့် ပို့အပ်ခံ၍ အချို့တို့သေဒဏ်ခံရကြလိမ့်မည်။ 17 ငါ့နာမအတွက်ကြောင့် လူခပ်သိမ်းတို့မုန်းထားကြသော်လည်း၊ 18 သင်တို့ဦးဆံတစ်ပင်မျှမကျွတ်ရ။ 19 တည်ကြည်ကြလျှင် အသက်ချမ်းသာရကြလိမ့်မည်။
20 သို့သော်လည်းယေရုရှလင် မြို့ပတ်လည်စစ်တပ်ဝိုင်းဝန်းသည်ကို သင်တို့မြင်သည့်ကာလ ဆိတ်ညံရာရောက်ချိန်နီးပြီဟု သိမှတ်ကြလော့။ 21-22 ထိုနေ့ရက်ကာလသည် ကျမ်းချက်ရှိသမျှပြည့်စုံစေရန် ဆပ်ပေးတော်မူရာကာလဖြစ်သောကြောင့် ယုဒပြည်တွင်နေထိုင်သူတို့သည် တောင်တန်းသို့ပြေးလျက် မြို့နေသူတို့ထွက်ခြင်း၊ တောနေသူတို့မဝင်ခြင်းကို ပြုကြလေစေ။ 23 ထိုနေ့ရက်ကာလတွင် ကိုယ်ဝန်ဆောင်မိန်းမနှင့်နို့ငင်မိန်းမတို့ အကျိုးနည်းလေစွ။ ပြည်ပေါ်တွင်ကြီးစွာသောဒုက္ခ၊ လူမျိုးတော်ပေါ်တွင်အမျက်တော်ဒဏ်သင့်ရောက်သဖြင့်၊ 24 ထိုသူတို့သည်ဓားဘေးဖြင့်ကျဆုံးခြင်း၊ လူမျိုးခြားတို့ထံသိမ်းသွားခြင်းခံရသည့်အလျောက် လူမျိုးခြားတို့ခေတ်မကုန်မချင်း ယေရုရှလင်မြို့ကိုကျော်နင်းကြလိမ့်မည်။ 25 ထိုကာလ နေ၊ လ၊ ကြယ်၊ နက္ခများတွင် နိမိတ်လက္ခဏာများထင်ရှားရာ မြေကြီးပေါ်တွင်သမုဒ္ဒရာ လှိုင်းတံပိုးဟုန်းသံကြောင့် လူအမျိုးမျိုးတို့ရှုပ်ထွေးနာကျင်လျက်၊ 26 ဤလောကတွင် နောင်အဖြစ်အပျက်ကိုမြော်မြင်ကြောက်ရွံ၍ မူးမော်ကြလတ္တံ့။ ထိုသို့ကမ္ဘာ့တန်ဆာများတုန်လှုပ်သောအခါ၊ 27 မဟာဘုန်းတန်ခိုးတော်ကိုဆောင်လျက် တိမ်တိုက်ပေါ်တွင်စကြာဖြန့်လာသောလူ့သားကို မြင်ရကြလိမ့်မည်။ 28 သင်တို့မူကား ထိုအဖြစ်အပျက်အစ၌ ကိုယ့်ရွေးနုတ်ခြင်းရောက်လုပြီဖြစ်သောကြောင့် ဦးခေါင်းကြွ၍ မြော်ကြည့်ကြလော့ဟုမိန့်တော်မူ၏။
29 ဥပမာဆောင်၍မိန့်တော်မူပြန်သည်မှာ သဖန်းပင်မှစသောသစ်ပင်ရှိသမျှကို ထောက်ရှုကြလော့။ 30 အရွက်ထွက်သည်ကိုမြင်သည့်ကာလ နွေရာသီနီးကြောင်းကိုယ်တိုင်သိကြသည့်နည်းတူ ဆိုခဲ့သောအချင်းအရာများကိုမြင်သော်၊ 31 ဘုရားသခင့်နိုင်ငံတော်တည်လုကြောင်း သိမှတ်ကြလော့။ 32 ထိုအချင်းအရာအလုံးစုံမဖြစ်မီ ယခုလူမျိုးမကွယ်မလွန်ရ ငါအမှန်ဆို၏။ 33 ကောင်းကင်နှင့်မြေကြီးပျောက်ပျက်ရမည်။ ငါ့ဟောချက်မူကားပျောက်ပျက်မည်မဟုတ်။
34-35 သို့ရာတွင် မြေတစ်ပြင်လုံးရှိသူတို့အပေါ်သို့ရောက်အံ့သောထိုနေ့သည် သောက်ကြူးမူးယစ်ခြင်း၊ ယခုဘဝသောကရှိခြင်းများဖြင့်စိတ်နှလုံးထိုင်းမှိုင်းစဉ် ကျော့ကွင်းသဖွယ် သင်တို့အပေါ်သို့ရုတ်တရက်မရောက်စေရန် သတိမူကြလော့။ 36 ဖြစ်ပျက်အံ့သောထိုအချင်းအရာအလုံးစုံမှလွတ်မြောက်၍ လူ့သားရှေ့ညီလာခံတွင်ရနိုင်စေရန် အခါခပ်သိမ်းပဌနာပြုလျက်စောင့်နေကြလော့ဟု မိန့်တော်မူ၏။
37 ကိုယ်တော်သည် နေ့စဉ်ဗိမာန်တော်တွင်ဒေသနာပေးပြီးလျှင် ညဉ့်အခါထွက်ကြွ၍ သံလွင်ခေါ်တောင်ပေါ်တွင် တည်းနေတော်မူတတ်၏။ 38 မြို့သူမြို့သားအပေါင်းတို့လည်းကြားနာရန် ဗိမာန်တော်ရှိ ကိုယ်တော့်ထံ နံနက်စောစောရောက်လာတတ်ကြ၏။