20
တစ်နေ့သ၌ ဗိမာန်တော်တွင် လူပရိသတ်အားဒေသနာပေးလျက် သတင်းတော်မြတ်ကို ဟောပြောတော်မူစဉ် ပရောဟိတ်ကြီးများ၊ လူကြီးများ၊ ကျမ်းတတ်ဆရာများတို့သည်၊ ချဉ်းကပ်၍ ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း၊ ဤအခွင့်အာဏာပေးအပ်သူ မည်သူဖြစ်ကြောင်း ဖော်ပြပါဟုဆိုကြရာ၊ ကိုယ်တော်က ငါသည် သင်တို့ကို ပုစ္ဆာတစ်ချက်မေးဦးမည်ဖြေဆိုကြ။ ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် ကောင်းကင်မှလော၊ လူတို့မှလောဟု ပြန်၍မေးတော်မူသော်၊ ထိုသူတို့က ကောင်းကင်မှဖြစ်လာသည်ငါတို့ဖြေလျှင် အဘယ့်ကြောင့်ယောဟန်ကိုမယုံကြသနည်းဟု မေးဦးမည်။ လူတို့မှဖြစ်လာသည်ဖြေလျှင်မူကား ပြည်သူပြည်သားအပေါင်းတို့သည် ယောဟန်ကိုပရောဖက်အဖြစ်မှတ်ယူသောကြောင့် ငါတို့ကိုပစ်ခတ်ကြလိမ့်မည်ဟူ၍ အချင်းချင်းဆွေးနွေးတိုင်ပင်ကြပြီးလျှင်၊ မည်သို့ဖြစ်လာသည်ကို ငါတို့မသိဟုဖြေဆိုကြ၏။ ထိုအခါယေရှုက ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း ငါလည်းပြောမည်မဟုတ်ဟု မိန့်တော်မူ၏။
ထိုနောက်လူပရိသတ်အားဥပမာဆောင်၍ မိန့်တော်မူသည်မှာ လူတစ်ဦးသည် စပျစ်ဥယျာဉ်စိုက်ပျိုးလျက် ဥယျာဉ်သမားတို့အားအငှားချထားပြီးနောက် အခြားပြည်သို့ကာလရှည်စွာသွားနေ၏။ 10 အချိန်တန်သော် ဥယျာဉ်သီးခွန်ဆောင်စေရန် ကျွန်တစ်ယောက်ကိုစေလွှတ်လိုက်ရာ ဥယျာဉ်သမားတို့သည် ရိုက်နှက်ပြီးလျှင် လက်ချည်းပြန်လွှတ်ကြ၏။ 11 အခြားကျွန်တစ်ယောက်ကိုစေလွှတ်ပြန်ရာ ရိုက်နှက်ရှုတ်ချပြီးလျှင် လက်ချည်းပြန်လွှတ်ကြ၏။ 12 တတိယကျွန်တစ်ယောက်ကိုစေလွှတ်ရာ ထိုးခုတ်ပြီးလျှင် ထုတ်ပစ်ကြ၏။ 13 သို့ဖြစ်၍ ဥယျာဉ်ရှင်က ငါသည်မည်သို့ပြုရအံ့နည်း။ ငါ့ချစ်သားကိုစေလွှတ်မည်။ သူ့ကိုရိုသေကျိုးနွံကြတော့မည်ဟုအောက်မေ့၏။ 14 သို့ရာတွင် ထိုသားကို ဥယျာဉ်သမားတို့မြင်ကြသော် ဤသူကားအမွေခံဖြစ်သည်။ အမွေကိုပိုင်ရခြင်းငှာသတ်ကြကုန်အံ့ဟု အချင်းချင်းဆွေးနွေးတိုင်ပင်လျက် ဥယျာဉ်ပြင်သို့ထုတ်၍သတ်ကြ၏။ 15 ထိုကြောင့် ဥယျာဉ်ရှင်သည် ထိုဥယျာဉ်သမားတို့ကို မည်သို့ပြုမည်နည်း။ 16 သူတို့ကိုလာ၍ဖျက်ဆီးပြီးမှ သူတစ်ထူးတို့အားစပျစ်ဥယျာဉ်ကိုလွှဲအပ်လိမ့်မည်ဟု မိန့်တော်မူ၏။ ကြားသောသူတို့က ထိုသို့မဖြစ်ပါစေနှင့်ဟုဆိုကြရာ၊ 17 ရှုကြည့်လျက် ကိုယ်တော်က မဖြစ်လျှင် တိုက်တည်ဆောက်သူတို့ပယ်ထားသောကျောက်သည် တိုက်ထောင့်စွန်းကျောက်ဖြစ်လာသည်ဟူသောကျမ်းချက်ကား မည်သို့နည်း။၊ 18 ထိုကျောက်ပေါ်သို့လဲကျသူတိုင်း ကျိုးပဲ့လိမ့်မည်။ မည်သူ့အပေါ်သို့မဆို ထိုကျောက်ကျလျှင်မူကား ညက်ညက်ကြေလိမ့်မည်ဟု မိန့်တော်မူ၏။
19 ပရောဟိတ်ကြီးနှင့် ကျမ်းတတ်ဆရာတို့သည် ထိုဥပမာကို သူတို့နှင့်စပ်၍မိန့်တော်မူကြောင်း သိမြင်သည်နှင့် ထိုအချိန်နာရီတွင်ပင် ဖမ်းဆီးရန်ရှာကြံသော်လည်း လူပရိသတ်ကိုကြောက်ရွံ့၍နေကြ၏။
20 သို့ရာတွင် အချက်ရှာလျက် ဘုရင်ခံမင်းအာဏာအောက်သို့ပို့အပ်မည့်အကြံနှင့် ကိုယ်တော်ကိုစကားအားဖြင့်ကျော့မိစေရန် ရိုးဟန်ဆောင်သောသူလျှိုတို့ကိုစေလွှတ်ကြသဖြင့်၊ 21 ထိုသူတို့က ဆရာသည်တရားအတိုင်းမိန့်ဆိုသွန်သင်လေ့ရှိ၍ မည်သူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင့်နည်းလမ်းတော်ကို သစ္စာနှင့်သွန်သင်ကြောင်း ကျွန်ုပ်တို့သိကြပါသည်။ 22 ကျွန်ုပ်တို့သည် ကဲသာမင်းအားအခွန်ဆက်အပ်သလော၊ မဆက်အပ်သလောဟု ပြောဆိုမေးမြန်းကြရာ၊ 23 ကိုယ်တော်သည် ထိုသူတို့၏ စဉ်းလဲခြင်းကိုသိမြင်၍၊ 24 ငွေတစ်ကျပ်ကိုပြကြ၊ မည်သူ့ပုံ မည်သူ့ကမ္ဗည်းပါသနည်းဟုမေးတော်မူလျှင်၊ ကဲသာမင်း၏ပုံနှင့်ကမ္ဗည်းပါပါသည်ဟု ဖြေဆိုကြသည့်ကာလ၊ 25 သို့ဖြစ်က ကဲသာမင်းပိုင်ဆိုင်ရာများကို ကဲသာမင်းအားလည်းေကာင်း၊ ဘုရားသခင်ပိုင်ဆိုင်တော်မူရာများကို ဘုရားသခင်အားလည်းေကာင်း၊ ဆက်ကြလော့ဟု မိန့်တော်မူ၏။ 26 ထို့ကြောင့် လူပရိသတ်ရှေ့ စကားအားဖြင့်ကိုယ်တော်ကို ကျော့၍မရနိုင်သည်နှင့် ဖြေဆိုတော်မူချက်ကို အံ့သြလျက် ဆိတ်ဆိတ်နေကြ၏။
27 ရှင်ပြန်ထမြောက်ခြင်းမရှိဟု ငြင်းဆိုတတ်သောဇဒ္ဒုကဲအချို့လည်း ချဉ်းလာလျက်၊ 28 ဆရာ၊ မောရှေက မယားရှိသောအစ်ကိုဖြစ်သူသည်သားမရှိဘဲသေလျှင် မုဆိုးမကိုညီသိမ်းပိုက်၍ အစ်ကိုအဖို့အမျိုးအနွယ်ဖြစ်ပွားစေရမည့်အကြောင်းရေးထားခဲ့ရာ၊ 29 ညီအစ်ကိုခုနစ်ယောက်ရှိဘူးပါသည်။ ပဌမလူသည် မယားယူ၍ သားမရှိဘဲသေသော်၊ 30-31 ဒုတိယ၊ တတိယလူတို့သည် မုဆိုးမကိုသိမ်းပိုက်ကြပါသည်။ ထိုနည်းတူခုနစ်ယောက်တိုင် သားမရှိဘဲသေကြပါသည်။ 32 နောက်ဆုံး၌ မိန်းမလည်းသေပါသည်။ 33 ထို့ကြောင့် ခုနစ်ယောက်တိုင်သိမ်းပိုက်ဖူးသောထိုမိန်းမသည် ရှင်ပြန်ထမြောက်ရာကာလတွင် မည်သူ့မယားဖြစ်ပါမည်နည်းဟု ပြောဆိုမေးမြန်းကြလျှင်၊ 34 ယေရှုက ယခုဘဝသားတို့သည် အိမ်ထောင်ခြင်း၊ ပေးစားခြင်းကိုပြုတတ်ကြ၏။ 35-36 သူသေတို့အထဲမှရှင်ပြန်ထမြောက်၍ နောင်ဘဝသို့ဝင်စားခွင့်ရသူတို့မူကား စေတမန်တော်တို့နှင့်တူမျှလျက် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာသား၊ ဘုရားသခင့်သားများဖြစ်၍ သေခြင်းကင်းသောကြောင့် အိမ်ထောင်ခြင်း၊ ပေးစားခြင်းကိုမပြုတတ်။ 37 မောရှေကပင် ထာဝရဘုရားသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍ ချုံဆိုင်ရာကျမ်းချက်တွင်ရေးထားသည့်အတိုင်း သေသူတို့ရှင်ပြန်ထမြောက်ခြင်း ရှိကြောင်းပြသခဲ့၏။ 38 ကိုယ်တော်ကြောင့် ရှိသမျှတို့ရှင်ခွင့်ရသည့်အလျောက် ကိုယ်တော်သည် သူသေတို့၏ဘုရားမဟုတ်၊ သူရှင်တို့၏ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။ 39-40 ထိုအခါ ထပ်မံမမေးမစမ်းဝံ့ကြရာ ကျမ်းတတ်ဆရာအချို့က ဆရာသည် လျောက်ပတ်စွာဖြေဆိုလေပြီဟု ဝန်ခံကြ၏။ 41 ကိုယ်တော်ကလည်း ခရစ်တော်သည် ဒါဝိဒ်မင်းသားတော်ဖြစ်ကြောင်း အသို့ဆိုလေ့ရှိသနည်း။ 42-43 ထာဝရဘုရားက သင်၏ရန်သူတို့ကို သင့်ခြေတင်ရာငါမဖြစ်စေမီအတွင်း ငါ့လက်ျာဘက်မှာ စံနေလော့ဟူ၍ ငါ့အရှင်ဘုရားအားမိန့်တော်မူကြောင်း ဆာလံကျမ်းတွင်ဒါဝိဒ်ကိုယ်တိုင် မြွက်ဆို၏။ 44 ခရစ်တော်ကို အရှင်ဘုရားဟူ၍ ဒါဝိဒ်ခေါ်သဖြင့် မည်သို့သူ့သားဖြစ်မည်နည်းဟု မိန့်တော်မူ၏။
45 လူပရိသတ်ကြားနာကြစဉ် တပည့်တော်တို့အားကိုယ်တော်က၊ 46 ကျမ်းတတ်ဆရာတို့ကို ကြဉ်ရှောင်ကြလော့။ ထိုသူတို့သည် ဝတ်လုံဆင်လျက်သွားလာလို၍ စျေးများတွင်နှုတ်ဆက်ခံခြင်း၊ ဓမ္မာရုံများ၊ ပွဲလမ်းသဘင်များတွင် မြင့်မြတ်သောနေရာ၌ထိုင်ခြင်းကို နှစ်သက်သည့်ပြင်၊ 47 ဟန်ဆောင်လျက် ရှည်လျားသော ပဌနာတော်များကို ရွတ်ဖတ်စဉ်ပင် မုဆိုးမတို့အိမ်များကို သုံးစားသဖြင့် သာ၍ကြီးလေးသောအပြစ်စီရင်ခြင်းကို ခံရကြလတ္တံ့ဟု မိန့်တော်မူ၏။