19
ကိုယ်တော်သည် ယေရိခေါမြို့သို့ ဝင်၍ဖြတ်ကြွတော်မူရာ၊ 2-3 ဇက္ခဲခေါ်ကြွယ်ဝသူအခွန်ဝန်ကြီးသည် ယေရှုကိုမည်သို့သောသူဖြစ်ကြောင်း ကြည့်လို၍ လူပုဖြစ်သောကြောင့် ပရိသတ်ထူထပ်သဖြင့်မမြင်နိုင်သော် ရှေ့သို့ပြေးနှင့်ပြီးလျှင်၊ မြင်ရအံ့သောငှာ ကြွတော်မူမည့်လမ်းအနီးရှိ ပိုးစာပင်ကိုတက်လေ၏။ ထိုအရပ်သို့ရောက်တော်မူသော် ယေရှုမော်ကြည့်၍ အိုဇက္ခဲ၊ အမြန်ဆင်းခဲ့လော့။ သင့်အိမ်တွင်ယနေ့ ငါတည်းနေရမည်ဟု မိန့်တော်မူသည့်အတိုင်း၊ အလျင်အမြန်ဆင်းလာ၍ ဝမ်းမြောက်စွာဧည့်ခံ၏။ ရှိသမျှတို့မြင်ကြသော် အပြစ်သားတစ်ဦးထံတည်းခိုရန် ဝင်ရောက်တော်မူလေစွတကားဟု ညည်းညူကြသော်၊ ဇက္ခဲသည်ထရပ်လျက် ကြည့်တော်မူပါအရှင်ဘုရား၊ ကျွန်တော်သည် ကိုယ့်ပစ္စည်းတစ်ဝက်ကို သူဆင်းရဲတို့အားပေးကမ်းပါမည်။ မည်သူ့ထံမဆိုလျှပ်ဖြတ်မိလျှင် လေးဆပြန်ပေးပါမည်ဟု အရှင်ဘုရားအားလျှောက်သော်၊ ယေရှုက ဤသူလည်းအာဗြဟံ၏သားမှန်သည့်အတိုင်း ကယ်တင်တော်မူခြင်းသည် ဤအိမ်သို့ယနေ့ရောက်လေပြီ။ 10 လူ့သားသည် ပျောက်သောသူတို့ကိုလိုက်ရှာ၍ ကယ်တင်ရန်ရောက်လာပြီဟုမိန့်တော်မူ၏။
11 ယေရုရှလင်မြို့အနီးသို့ရောက်တော်မူသဖြင့် ဘုရားသခင့်နိုင်ငံတော်ရုတ်ခြင်းထင်ရှားတော့မည်ဟု ထင်မှတ်ကြသောကြောင့် အထက်စကားကြားနာသူတို့အား ဥပမာဆောင်၍ဆက်လက်မိန့်တော်မူသည်မှာ၊ 12 မင်းသားတစ်ပါးသည် မင်းရိုက်ရာကိုဆက်ခံ၍ ပြန်လာမည့်အကြံနှင့် ဝေးသောပြည်သို့သွားမည်ပြုရာ၊ 13 အိမ်တော်ပါဆယ်ယောက်ကိုခေါ်၍ ရွှေဒင်္ဂါးဆယ်ပြားအပ်ပြီးလျှင် ငါမပြန်မီကုန်သွယ်ကြဟု မှာခဲ့၏။ 14 သွားပြီးနောက် မုန်းထားသောကိုယ့်ပြည်သားတို့က ဤသူ့ကိုကျွန်တော်တို့အပေါ်တွင် မင်းမပြုစေလိုပါဟု လူစေလွှတ်လျှောက်ထားကြသော်လည်း၊ 15 ထိုမင်းသားသည် အရိုက်အရာရ၍ပြန်လာသော် ကုန်သွယ်မှုအကြောင်းသိခြင်းငှာ ရွှေအပ်ခဲ့သောအိမ်တော်ပါတို့ကို ခေါ်စေ၏။ 16 ပဌမလူသည်ရောက်လာ၍ အရှင်၊ ကိုယ်တော်၏ရွှေဒင်္ဂါးဖြင့် အမြတ်ဆယ်ပြားရပါသည်ဟု လျှောက်သော်၊ 17 အရှင်က တော်လှပြီ၊ ငါ့ကျွန်ကောင်း၊ နည်းပါးရာ၌သင်သစ္စာရှိသည်ဖြစ်၍ ဆယ်မြို့ပေါ်တွင် အုပ်စိုးတော့ဟု အမိန့်ရှိ၏။ 18 ဒုတိယလူလည်းလာ၍ အရှင်၊ ကိုယ်တော်၏ရွှေဒင်္ဂါးဖြင့် အမြတ်ငါးပြားရပါသည်ဟု လျှောက်သော် 19 အရှင်က ငါးမြို့ပေါ်တွင် သင်အုပ်စိုးတော့ဟု အမိန့်ရှိ၏။ 20-21 ကျန်လူတစ်ယောက်လာ၍ အရှင်၊ ကိုယ်တော်၏ရွှေဒင်္ဂါးကိုကြည့်တော်မူပါ။ ကိုယ်တော်သည် ခဲယဉ်းသောအရှင်ဖြစ်၍ ကိုယ်မထားဘဲလျက်သိမ်းယူ၊ ကိုယ်မစိုက်ဘဲလျက် ရိတ်ဖြတ်တတ်သောကြောင့် ကျွန်တော်ကြောက်ရွံ့၍ ပဝါနှင့်ထုတ်ထားခဲ့ပါသည်ဟု လျှောက်သော်၊ 22 အရှင်က အချင်းကျွန်ဆိုး၊ သင့်နှုတ်ထွက်အတိုင်းသင့်ကိုငါစီရင်မည်။ ငါသည်ခဲယဉ်းသောသူဖြစ်၍ ကိုယ်မထားဘဲလျက်သိမ်းယူ၊ ကိုယ်မစိုက်ဘဲလျက်ရိတ်ဖြတ်တတ်သည်ကို သင်သိလျှင်၊ 23 ငါ့ရွှေကိုရွှေပွဲစားတို့ထံ အဘယ်ကြောင့်မအပ်သနည်း။ အပ်လျှင် အတိုးနှင့်တကွငါပြန်လာ၍ တောင်းယူရလေပြီဟု မိန့်ဆိုပြီးနောက်၊ 24 အပါးတော်ထမ်းတို့အား ထိုရွှေဒင်္ဂါးကိုနုတ်ယူ၍ ဆယ်ပြားရှိသူ့အားလွှဲအပ်ကြလော့ဟု အမိန့်ရှိ၏။ 25 ထိုအခါ အရှင်၊ ဆယ်ပြားရှိပါပြီတကားဟု ပြန်လျှောက်ကြရာ၊ 26 အရှင်က ရရှိသူတိုင်းအားထပ်မံပေးလိမ့်မည်။ မရမရှိသူမှာမူကား ရရှိသမျှကိုပင်နုတ်ယူလိမ့်မည် ငါဆို၏။ 27 ၎င်းပြင် ငါ့ကိုမင်းမပြုစေလိုသော ထိုရန်သူတော်ကိုဆွဲငင်ပြီးလျှင် ရှေ့တော်တွင် ကွပ်မျက်ကြလော့ဟူ၍ ထုတ်ဆင့်သည်ဟု မိန့်တော်မူ၏။
28 ထိုသို့မိန့်တော်မူပြီးနောက် ယေရုရှလင်မြို့သို့ဦးတည်၍ကြွသွားစဉ်၊ 29 သံလွင်ခေါ်တောင်ခြေရင်းရှိ ဗက်ဖာဂေရွာ၊ ဗေသနိရွာများအနီးသို့ရောက်တော်မူသော် တပည့်တော်နှစ်ပါးကိုစေလွှတ်လျက်၊ 30 ရှေ့ရွာသို့သွား၍ဝင်လျှင် မည်သူမျှမစီးဘူးသောမြည်းငယ်တစ်ကောင် ချည်ထားသည်ကိုတွေ့လိမ့်မည်။ ဖြည်၍ဆွဲခဲ့ကြ။ 31 အဘယ်ကြောင့်ဖြည်သနည်းဟုမေးသူရှိလျှင် အရှင်ဘုရားအလိုတော်ရှိကြောင်းဆိုကြဟု မှာတော်မူလိုက်၏။ 32 စေသူတို့သွားရာ မိန့်တော်မူလိုက်သည့်အတိုင်းတွေ့၍ မြည်းငယ်ကိုဖြည်ကြစဉ်၊ 33 မြည်းရှင်တို့က အဘယ့်ကြောင့်ဖြည်သနည်းဟု မေးကြသော်၊ 34 အရှင်ဘုရားအလိုတော်ရှိကြောင်းပြန်ပြောကြ၏။ 35 ထိုမြည်းငယ်ကိုယေရှုထံဆွဲခဲ့၍ ကျောပေါ်မှာခြုံထည်များကိုတင်လျက် စီးတော်မူစေကြပြီးနောက် စီးကြွတော်မူစဉ်လည်း၊ 36 ခြုံထည်များကို လမ်းတစ်လျှောက်ခင်းကြ၏။ 37 မြို့အနီးသံလွင်တောင်လမ်းဆင်းသို့ရောက်တော်မူသော် တပည့်တော်အစုအရုံးတို့သည် ဝမ်းမြောက်လျက် မြင်ခဲ့ရသောအမှုတော်ကြီးခပ်သိမ်းအတွက် ဘုရားသခင်ကိုအသံကျယ်စွာ ချီးမွမ်းထောမနာပြု၍၊ 38 ထာဝရဘုရားနာမတော်နှင့် ကြွလာတော်မူသောအရှင်၌ မင်္ဂလာရှိပါစေသော။ ကောင်းကင်ဘုံတွင်ငြိမ်သက်ခြင်း၊ ဘဝဂ်ပေါ်တွင်ဘုန်းကြီးခြင်းတည်စေသတည်းဟု ကြွေးကြော်ကြကုန်၏။ 39 လူပရိသတ်ရှိဖာရိရှဲအချို့က ဆရာ၊ တပည့်တို့ကိုဆုံးမပါဟုဆိုကြသော်၊ 40 ဤသူတို့သည် ဆိတ်ဆိတ်နေကြလျှင် ကျောက်များပင်ကြွေးကြော်လိမ့်မည် ငါဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
41 ကိုယ်တော်သည် မြို့အနီးသို့ရောက်၍ ရှုမြင်တော်မူသည့်ကာလ၊ 42 အချင်းမြို့တော်၊ ရန်ငြိမ်းရာငြိမ်းကြောင်းများကို ယနေ့ပင်သိစေလိုလှလေပြီ။ 43-44 ယခုမှာမူ သင့်မျက်ကွယ်ထားလေစွ။ သင့်ထံကြွလာတော်မူရာကာလကို သင်မသိသည့်အတွက် ရန်သူတို့သည် ကတုတ်လှန်ခြင်း၊ ဝန်းဝိုင်းခြင်း၊ အဘက်ဘက်ကပိတ်ဆို့ခြင်းများကိုပြုလျက် ကျောက်တစ်ချပ်ပေါ်မှာတစ်ချပ်ကိုပင်မနေ​ေစဘဲ မြို့သူမြို့သားတို့ပါ သင့်ကိုဖြိုချကြမည့်နေ့ရက်ကာလရောက်တော့မည်ဟု ငိုကြွေးလျက်မြွက်ဆိုတော်မူ၏။
45 ထိုနောက် ကိုယ်တော်သည် ဗိမာန်တော်အတွင်းဝင်ပြီးလျှင် ရောင်းဝယ်ရှိနေသူတို့ကို နှင်ထုတ်၍၊ 46 ငါ့ဗိမာန်သည် ဆုတောင်းပဌနာပြုရာဗိမာန်ဖြစ်ရမည်ကျမ်းချက်ရှိသော်လည်း၊ သင်တို့သည် ဓားပြအောင်းရာအရပ်ဖြစ်စေကြပြီတကားဟူ၍ မိန့်တော်မူ၏။
47 နေ့စဉ် ဗိမာန်တော်တွင်ဒေသနာပေးလျက်ရှိနေတော်မူရာ ပရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ၊ လူမျိုးတော်အကြီးအမှူးများတို့သည် ကိုယ်တော်ကိုဖျက်ဆီးရန်ရှာကြံကြသော်လည်း၊ 48 ဒေသနာတော်ကို လူပရိသတ်စွဲလမ်းလျက်နေသောကြောင့် မည်သို့ပြုနိုင်ကြောင်း မတွေ့မရကြချေ။