17
1 ယုဒဘုရင်အာခတ်မင်းနန်းစံဆယ့်နှစ်နှစ်တွင် ဧလာ့သားဟောရှေမင်းနန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံရာ
2 ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်သော်လည်း အထက်ဘုရင်မင်းတို့နှင့်အမျှမဆိုးမသွမ်းချေ။
3 အာရှုရိဘုရင်ရှာလမနေဇာမင်းစစ်ချီလာရာ ဟောရှေမင်းသည် ပဏ္ဏာဆက်သွင်း၍ လက်အောက်ခံဖြစ်ပြီးနောက်
4 နှစ်စဉ်ဆက်မြဲပဏ္ဏာကို မဆက်ဘဲ အိဂျစ်ဘုရင်သွာမင်းထံ ရာဇသံစေလွှတ်၏။ တော်လှန်မည့် အကြံကိုအာရှုရိဘုရင်ရိပ်မိသဖြင့်၊ ဖမ်းယူချုပ်ထားပြီးလျှင်
5 ဣသရေလပြည်လုံးနှံ့စစ်ချီလျက် ရှမာရိမြို့သို့ရောက်သော်၊ သုံးနှစ်ပတ်လုံးဝိုင်းထားလေ၏။
6 ဟောရှေမင်းနန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုအာရှုရိဘုရင်ရ၍ ဣသရေလူမျိုးတို့ကို အာရှုရိပြည်သို့သိမ်းသွားလျက် ဟာလနယ်၌လည်းေကာင်း၊ ဂေါဇန်နယ်၌လည်းေကာင်းနေစေ၏။
7 ထိုအခြင်းအရာကား အိဂျစ်ပြည်၊ ဖာရောမင်းလက်တွင်းမှ ထုတ်ဆောင်တော်မူခဲ့သော ကိုယ့် ဘုရားသခင်ထာဝရဘုရားအား ဣသရေလအမျိုးသားတို့ပြစ်မှားလျက် အခြားဘုရားများကို ခန့်ညားသည့်ပြင်၊
8 ဣသရေလအမျိုးသားတို့ရှေ့ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့ထုံးဖွဲ့ချက်၊ ဣသရေလဘုရင်တို့စီရင်ခဲ့သော ထုံးဖွဲ့ချက်များအတိုင်း လိုက်ေလျှာက်ခြင်း၊
9 ကိုယ့်ဘုရားသခင်ထာဝရဘုရားနှင့်ဆန့်ကျင်သော စဉ်းလဲမှုများကို လျှို့တဝှက်ပြုခြင်း၊ ကင်းစင်မှစ၍ ခံမြို့တိုင်အောင် မြို့ရွာတိုင်း၌ မြင့်ရာဌာနများကိုတည်လုပ်ခြင်း၊
10 အရပ်ရပ်ရှိမြင့်လှသောတောင်ပေါ်၊ စိမ်းလန်းသောသစ်ပင်အောက်များတွင် ကျောက်တိုင်၊ တံခွန်တိုင်များကိုစိုက်ထူခြင်း၊
11 သူတို့ရှေ့ထာဝရဘုရားပယ်ရှားတော်မူခဲ့သောလူမျိုးခြားတို့ထပ်တူ၊ ထိုမြင့်ရာဌာနရှိသမျှ၌ မီးဖြင့်ပူဇော်၍ ထာဝရဘုရားအမျက်တော်တိုက်ဆိုးသွမ်းမှုကိုကျင့်ခြင်း၊
12 ထာဝရဘုရားတားဆီးတော်မူခဲ့သော ရုပ်ပွားဆင်းတုတို့အား ဝတ်ပြုခြင်းများကြောင့်တည်း။
13 ထာဝရဘုရားက၊ ဘိုးဘေးတို့အား ငါမိန့်မှာခဲ့သည့်အတိုင်း၊ သင်တို့ကိုလည်း ငါကျွန်ရင်း ပရောဖက်တို့ဖြင့် ထားစေသောတရားတော်အရ ငါ့ပညတ်နှင့်ထုံးဖွဲ့ချက်များကို စောင့်ရှောက်လျက် ကိုယ့်မကောင်းလမ်းကို ကြဉ်ရှောင်ကြလော့ဟူ၍ ပရောဖက်၊ အမြော်အမြင်ဆရာအပေါင်းတို့ဖြင့် ဣသရေလနှင့်ယုဒအမျိုးတို့အား ဗျာဒိတ်ထားတော်မူသော်လည်း
14 ကိုယ့်ဘုရားသခင်ထာဝရဘုရားကိုကိုးစားခြင်းကင်းသော ဘိုးဘေးတို့ထပ်ထူ၊ ၁ 17.14 ပါဠိ-လည်ပင်း။စိတ်ခဲယဉ်းလျက် မလိုက်မနာကြသည့်ပြင်
15 ဘိုးဘေးတို့နှင့်ဖွဲ့တော်မူခဲ့သော ပဋိညာဉ်၊ သက်သေခံတော်မူချက်၊ ထုံးဖွဲ့တော်မူချက်များကို စွန့်ပစ်ခြင်း၊ အလဟဿဖြစ်လျက် အလဟဿလိုက်ခြင်း၊ ထိုနည်းတူမပြုရဟု ထာဝရဘုရားပညတ်တော်မူခဲ့သော ပတ်ဝန်းကျင်ရှိလူမျိုးခြားတို့နောက်လိုက်ေလျှာက်ခြင်း၊
16 ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်အချက်ချက်ကို စွန့်ပယ်လျက် နွားရုပ်တစ်စုံကို သွန်းလုပ်ခြင်း၊ တံခွန်တိုင်ကိုစိုက်ထူခြင်း၊ ကမ္ဘာ့တန်ဆာရှိသမျှအား ရှိခိုးခြင်း၊
17 ဗာလနတ်အားဝတ်ပြုခြင်း၊ သားသမီးတို့ကိုမီးဖြင့်ဆက်ကပ်ခြင်း၊ ဟူးရားအတတ်နှင့်ဇော်ဂနီ အတတ်ကိုလေ့လာခြင်း၊ အမျက်တော်တိုက်၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုလို၍ ကိုယ်ကိုရောင်းခြင်းများကိုကျင့်ကြံကြ၏။
18 ထိုကြောင့် ထာဝရဘုရားသည် ဣသရေလလူမျိုးကိုပြင်းစွာအမျက်ထား၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူသဖြင့် ယုဒအနွယ်မှတစ်ပါး တစ်နွယ်မျှကျန်တော့သည်မဟုတ်။
19 ယုဒအနွယ်လည်း ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်များကိုမစောင့်ရှောက်ဘဲ ဣသရေလအမျိုးစီရင်ခဲ့သော ထုံးဖွဲ့ချက်များကိုသာ ေလျှာက်လိုက်ကြသောကြောင့်
20 ထာဝရဘုရားသည် ဣသရေလတစ်မျိုးလုံးကိုစွန့်လျက်၊ မျက်မှောက်တော်မှပယ်ပစ်တော်မူ သည့်တိုင်အောင် ဖိစီးသောသူတို့လက်တွင်းသို့ အပ်နှင်းရှုတ်ချတော်မူ၏။
21 ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှဆုတ်ဖြတ်တော်မူသည်နှင့်အညီ ထိုအမျိုးသည် နေဗတ်သားယေရောဗောင်ကို မင်းမြှောက်ကြသဖြင့် ထာဝရဘုရားနောက်တော်သို့မလိုက်ကြစေရန် ယေရောဗောင်မင်းကန့်ကွက်လျက် ကြီးလေးသောပြစ်မှုကို ကျူးလွန်စေ၏။
22 ယေရောဗောင်မင်းပြုသမျှ ပြစ်မှုကို ထိုအမျိုးသားတို့မစွန့်၊ အစဉ်လိုက်ေလျှာက်ကြသောကြောင့်၊
23 ကျွန်တော်ရင်း ပရောဖက်တို့အားဖြင့် ထာဝရဘုရားဗျာဒိတ်ထားတော်မူခဲ့သည့်အလျောက် ဣသရေလအမျိုးကို မျက်မှောက်တော်မှပယ်ရှားတော်မူ၍ နေရင်းပြည်မှ အာရှုရိပြည်သို့သိမ်းသွားခြင်းကို ယနေ့တိုင်အောင် ခံရကြသတည်း။
24 အာရှုရိဘုရင်လည်း ဗာဗုလုန်၊ ကုသ၊ အာဝ၊ ဟာမတ်၊ သေဖရဝိမ့်မြို့များမှ လူတို့ကိုခေါ်ဆောင်၍ ရှမာရိမြို့များတွင် ဣသရေလအမျိုးသားတို့အစားထားသဖြင့် ထိုသူတို့သည် ရှမာရိမြို့ရွာများကို အပိုင်ရလျက်အတည်ကျကြ၏။
25 အတည်ကျစကပင် ထာဝရဘုရားအား မခန့်ညားသောကြောင့် လူအချို့ကိုကိုက်သတ်စေရန်၊ ခြင်္သေ့များကိုလွှတ်တော်မူသည့်အတွက်
26 ရှမာရိမြို့ရွာများသို့ ကိုယ်တော်သုံ့ဘမ်းဆောင်သွင်းတော်မူ သောလူမျိုးတို့သည် ပြည့်ရှင်ဘုရား၏တရားကို နားမလည်ကြသောကြောင့် ခြင်္သေ့များကို လွှတ်၍ ကိုက်သတ်စေပါသည်တကားဟု အာရှုရိဘုရင်အားတင်လျှောက်ကြသော်၊
27 အာရှုရိဘုရင်က ထိုပြည်မှသုံ့ဘမ်းခဲ့သော ပရောဟိတ်တစ်ပါးကိုပြန်ပို့၍ ထိုပြည့်ရှင်ဘုရား၏ တရားသွန်သင်လျက် နေပါလေစေဟု မိန့်ဆိုသည့်အတိုင်း
28 ရှမာရိမြို့မှသုံ့ဘမ်းခံရသူပရောဟိတ်တစ်ပါးသည် ဗေသလမြို့သို့သွားရောက်နေထိုင်လျက် ထာဝရဘုရားအား ခန့်ညားခြင်းတရားကိုသွန်သင်လေ၏။
29 သို့ရာတွင်ထိုလူမျိုးအသီးအသီးတို့သည် ကိုယ့်ဘုရားရုပ်များကို လုပ်ပြီးလျှင် တစ်မျိုးစီအတည်ကျသောမြို့ရွာ၌ ရှမာရိပြည်ရင်းသားတို့တည်ဆောက်ခဲ့သော မြင့်ရာဌာနရှိကျောင်းအတွင်း တင်ထားကြသောဘုရားများကား
30 ဗာဗုလုန်မြို့အလာတို့သည် သူကုတ်ဗေနတ်ဘုရား၊ ကုသမြို့အလာတို့သည် နေရဂါလဘုရား၊ ဟာမတ်မြို့အလာတို့သည်၊ အရှိမဘုရား၊
31 အာဝမြို့အလာတို့သည် နိဗဟာဇဘုရား၊ တာတက်ဘုရားများကို တင်ထားကြ၏။ သေဖရဝိမ်မြို့အလာတို့သည် ကိုယ့်မြို့ရှင်အာဒြမ္မေလက်၊ အာနမ္မေလက်ဘုရားများထံ သားသမီးတို့ကိုမီးရှို့ပူဇော် ကြကုန်၏။
32 ထိုသူတို့သည် ထာဝရဘုရားကိုကြောက်ရွံ့သော်လည်း၊ မြင့်ရာဌာနဆိုင်သောကျောင်းများတွင် ပူဇော်စေရန် အပေါင်းပါအနက်၊ ပရောဟိတ်တို့ကို ရွေးကောက်ခန့်ထားကြ၏။
33 ထာဝရဘုရားကို ကြောက်ရွံ့လျက် သုံ့ဘမ်းခြင်းမခံရမီ ကိုယ့်လူမျိုးလိုက်ပါသောထုံးနည်းအတိုင်း
34 ကိုယ့်ဘုရားများကို ဝတ်ပြု၍၊ ယနေ့တိုင်အောင် ရှေးထုံးနည်းအလိုက်ပြုလေ့ရှိကြ၏။ ဣသရေလဟုသမုတ်တော်မူသော ယာကုပ်အမျိုးသားတို့အား ထာဝရဘုရားမိန့်တော်မူသည့်ပညတ် တော်၊ တရားတော်၊ ထုံးဖွဲ့ဆုံးဖြတ်တော်မူချက်များအတိုင်းမလိုက်၊ ထာဝရဘုရားကိုခန့်ညားသောသဘောမရှိချေ။
35 ထာဝရဘုရားသည် ယာကုပ်အမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့၍ မိန့်မှာတော်မူခဲ့သည်မှာ အခြား ဘုရားများကိုခန့်ညား၊ ရှိခိုး၊ ဝတ်ပြု၊ ပူဇော်ခြင်းမပြုရ။
36 မဟာတန်ခိုးတော်ပြလျက် လက်ရုံးတော်ဆန့်တန်းလျက် အိဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကိုသာ ခန့်ညား၊ ရှိခိုး၊ ပူဇော်ကြရမည်။
37 သင်တို့အဖို့ရေးသားတော်မူခဲ့သော ထုံးဖွဲ့ဆုံးဖြတ်ချက်များနှင့် ပညတ်တော်၊ တရားတော်ကို အစဉ်စောင့်ရှောက်ကြရမည်။
38-39 အခြားဘုရားများကိုမခန့်ညားဘဲ သင်တို့ဘုရားသခင်ငါထာဝရဘုရားကိုသာ ခန့်ညားလျက် ဖွဲ့တော်မူခဲ့သောပဋိညာဉ်ကို မမေ့မလျော့ရ။ ရန်သူအပေါင်းတို့လက်တွင်းမှ ကယ်ဆယ်တော်မူမည်ဟူ၍တည်း။
40 ဝင်နေသူလူမျိုးတို့လည်း မလိုက်မနာဘဲ ရှေးထုံးနည်းအတိုင်းပြု၍
41 ထာဝရဘုရားကိုကြောက်ရွံ့လျက် ကိုယ့်ရုပ်ပွားဆင်းတုများကို ဝတ်ပြုကြ၏။ ဘိုးဘေးတို့အလိုက် သားစဉ်မြေးဆက်ယနေ့တိုင်အောင် ပြုကြကုန်၏။