18
1 ဧလာ့သား၊ ဣသရေလဘုရင်ဟောရှေမင်းနန်းစံသုံးနှစ်တွင် ယုဒဘုရင်အာခတ်မင်းသားတော် ဟေဇကိမင်းသည်
2 အိမ်နိမ့်နှစ်ဆယ့်ငါးနှစ်ရှိသော်၊ နန်းတက်၍ ယေရုရှလင်မြို့၌ နှစ်ဆယ့်ကိုးနှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား၊ ဇာခရိသမီးအဘိတည်း။
3 ထိုမင်းသည် ဘေးတော်ဒါဝိဒ်မင်းပြုသမျှအတိုင်း ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်သည်နှင့်အညီ
4 မြင့်ရာဌာနများကို ပယ်ရှားပြီးလျှင်ကျောက်တိုင်၊ တံခွန်တိုင်များကို ခုတ်လှဲချိုးဖဲ့၍ ထိုနေ့ရက်ကာလတိုင်အောင် နဂါးမင်းဟုသမုတ်လျက် ဣသရေလအမျိုးသားတို့ မီးဖြင့်ပူဇော်လေ့ရှိသော မောရှေလုပ်ခဲ့သည့်ကြေးမြွေရုပ်ကိုလည်း ချေမွှလေ၏။
5 ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား၌ ကိုးစားသူထိုမင်းနှင့်တူညီသော ယုဒဘုရင်တစ်ပါးမှ ရှေးကာလမှစ၍ နောင်ကာလတိုင်အောင်မပေါ်ချေ။
6 ထာဝရဘုရားကို ဆည်းကပ်လျက် အစဉ်တစိုက်နောက်တော်သို့လိုက်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သော ပညတ်တော်များကို စောင့်ရှောက်သည်နှင့်အညီ
7 ထိုမင်းနှင့်အတူထာဝရဘုရားရှိတော်မူသောကြောင့် ချီလေရာရာအောင်မြင်၍ အာရှုရိဘုရင့် လက်အောက်မခံ၊ ခြားနားလေ၏။
8 ဖိလိတ္တိလူမျိုးတို့ကိုလည်း ဂါဇမြို့နှင့်ဆင်ခြေဖုံးတိုင်အောင် ကင်းစင်များ၊ ခံမြို့များပါ လုပ်ကြံလေ၏။
9 ဟေဇကိမင်းနန်းစံလေးနှစ်၊ ဧလာ့သား၊ ဣသရေလဘုရင် ဟောရှေမင်းနန်းစံခုနစ်နှစ်တွင် အာရှုရိဘုရင် ရှာလမနေဇာမင်းသည် ရှမာရိုမြို့သို့ချီတက်ဝိုင်းထားလေ၏။
10 သုံးနှစ်တိုင်လျှင် ဟေဇကိမင်းနန်းစံခြောက်နှစ်၊ ဣသရေလဘုရင်ဟောရှေမင်းနန်းစံကိုးနှစ်တွင် ရှမာရိမြို့ကိုရကြရာ၊
11 အာရှုရိဘုရင်သည် ဣသရေလလူမျိုးတို့ကို အာရှုရိပြည်သို့သိမ်းသွားလျက် ဟာလနယ်၌လည်းေကာင်း၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်အနီး၌လည်းေကာင်း၊ မေဒိပြည်နယ်မြို့ရွာများ၌လည်းေကာင်း နေစေ၏။
12 ထိုအခြင်းအရာကား ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ ဗျာဒိတ်တော်သံကို သူတို့နားမထောင်ဘဲ ကျွန်တော်ရင်း မောရှေဆင့်ဆိုခဲ့သောပဋိညာဉ်တော်ကို မလိုက်မနာ၊ ဖောက်ကျော်သောကြောင့်တည်း။
13 ဟေဇကိမင်းနန်းစံဆယ့်လေးနှစ်တွင် အာရှုရိဘုရင် သနာခရိမ်မင်းသည် ယုဒပြည်ရှိ ခံတပ်မြို့များကိုချီတက်လုပ်ကြံရာ
14 ယုဒဘုရင်ဟေဇကိမင်းက၊ ကျွန်ုပ်ပြစ်မှားမိပါပြီ။ တင်သမျှဝန်ကိုထမ်းဆောင်ပါမည်။ ပြန်ဆုတ်တော်မူပါဟု လာခိရှမြို့ရှိအာရှုရိဘုရင့်ထံ တင်လျှောက်စေသော်၊ အာရှုရိဘုရင်သည် ယုဒဘုရင်ဟေဇကိမင်းအပေါ်တွင် ငွေချိန်ခွက်ကိုးထောင်၊ ရွှေချိန်ခွက်ကိုးရာဝန်ကိုတင်လိုက်သည်နှင့်အညီ
15 ဗိမာန်တော်၊ နန်းတော်ဘဏ္ဍာတိုက်၌ရှိသမျှငွေကို ဟေဇကိမင်းပို့သွင်းသည့်ပြင်
16 ဗိမာန်တော် တံခါးချယ်လယ်သောရွှေနှင့် ကိုယ်တိုင်မွမ်းမံသောတိုင်တော့်ရွှေများကိုခွါ၍၊ အာရှုရိဘုရင့်ထံပို့သွင်းရ၏။
17 သို့ရာတွင် အာရှုရိဘုရင်သည် ယေရုရှလင်မြို့၊ ဟေဇကိမင်းထံသို့ လာခိရှမြို့မှ တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခဘွဲ့ခံဗိုလ်မင်းတို့ကို များစွာအလုံးအရင်းနှင့်တကွ ချီတက်စေသည့်အတိုင်း၊ ဆိုက်ရောက်ရာ ခဝါသည်မြေကွက်ရှိ လမ်းမအနီး၊ အထက်ရေကန်ပြွန်ဝနားတွင် စွဲရပ်ကြပြီးလျှင်
18 ဘုရင်မင်းကိုဟစ်အော်ခေါ်ပင့်ကြသောအခါ ဟိလခိသားလက်သုံးတော်ချုပ်ဧလျာကိမ်၊ သံတော်ဆင့်ရှေဗန အာသပ်သားအတွင်းဝန်ယောအာတို့ဆီးကြိုကြသော်၊
19 ရာဗရှာခက၊ ဟေဇကိမင်းထံသင်တို့သင်တို့ပြန်ကြားရမည့် ဧကရာဇ်မင်းဖြစ်တော်မူသော အာရှုရိဘုရင်၏အမှာတော်ကား သင်ကိုးစားရာကိုးစားကြောင်းမှာ မည်သို့နည်း။
20 နှုတ်ထွက်စကားမျှသာဖြစ်လျက် စစ်တိုက်နိုင်ရန် အကြံစွမ်းရည်သတ္တိရှိသည်ဟု အောက်မေ့သည်တကား။ ငါ့ကိုခြားနားသည်မှာ မည်သူ၌ကိုးစားသနည်း။
21 ကျိုးပျက်လွယ်သောကျူတုတ်သဖွယ်အိဂျစ်ပြည်ကိုကိုးစားပါသည်တကား။ ထိုကျူတုတ်သည် တံကဲပြုသူတို့၏လက်ကို စူးရှတတ်သည့်နည်းတူ ကိုးစားသူတို့အား အိဂျစ်ဘုရင်ဖာရောမင်း ပြုလေ့ရှိ၏။
22 ငါတို့ဘုရားသခင်ထာဝရဘုရားအား ကိုးစားကြသည်ဟု ဆိုပြန်မူက၊ ထိုဘုရား၏မြင့်ရာဌာနနှင့်ပူဇော်ရာပလ္လင်များကို ဟေဇကိမင်းပယ်ရှားပြီးလျှင်၊ ယေရုရှလင်မြို့ရှိပူဇော်ရာပလ္လင်တော်ရှေ့တွင်သာရှိခိုးကြရမည်ဟု ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား အမိန့်ထုတ်ဆင့်ပြီမဟုတ်လော။
23 သို့ဖြစ်၍ ကျွန်ုပ်သခင်အာရှုရိဘုရင်နှင့် လောင်းကြေးစပ်ပါလော့။ သင်၌မြင်းစီးသူရဲလုံလောက်လျှင် မြင်းနှစ်ထောင်ပေးပါမည်။
24 အိဂျစ်ပြည်မှစစ်ရထား၊ မြင်းစီးသူရဲများရလိမ့်မည်ဟု ကိုးစားလျက် ကျွန်ုပ်သခင်၏ကျေးကျွန် သင်းပင်းအနက် အနိမ့်ဆုံးမြို့ဝန်ကိုပင် မျက်နှာမပေးဘဲ မည်သို့နေဝံ့သနည်း။
25 ထာဝရဘုရားထံအခွင့်တော်မရဘဲ ဤမြို့ကိုဖျက်ဆီးရန် ယခုကျွန်ုပ်ချီလာသလော။ ထိုပြည်ကို ချီတက်ဖျက်ဆီးလော့ဟု ကျွန်ုပ်အားထာဝရဘုရားမိန့်ဆိုတော်မူကြောင်းကို ပြန်ကြားလော့ဟူ၍ဆိုရာ
26 ဟိလခိသားဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ကျွန်တော်မျိုးတို့နားလည်သော အာရံဘာသာ စကားဖြင့် ပြန်ကြားပါလော့။ မြို့ရိုးပေါ်ရှိလူတို့ရှေ့၊ ယုဒဘာသာစကားမသုံးပါနှင့်ဟု ရာဗရှာခအား လျှောက်ကြသော်၊
27 ရာဗရှာခက၊ သင်နှင့်သင့်သခင်ကိုသာ ဤသို့ပြောစေရန် ငါ့သခင်စေတော်မူသလော။ သင်တို့နှင့်တကွ ကိုယ့်ကျင်ကြီးကျင်ငယ်ကို သောက်စားရသော မြို့ရိုးပေါ်တွင်ထိုင်နေသူတို့ရှိရာသို့ စေတော်မူသည်မဟုတ်လောဟုဆိုပြီးလျှင်၊
28 ရပ်လျက်ယုဒဘာသာစကားဖြင့် ကျယ်စွာကြွေးကြော်သည်မှာ ဘုရင်ဧကရာဇ်ဖြစ်သော အာရှုရိမင်းအမိန့်တော်ကို နာခံကြလော့။
29 အမိန့်တော်ကား၊ လွတ်ရာလွတ်ကြောင်းကို မတတ်နိုင်သည့်အတွက် ဟေဇကိမင်း လှည့်ဖြားသည်ကိုနားမယောင်ကြနှင့်။
30 ထာဝရဘုရားသည် ငါတို့ကိုလွတ်မြောက်စေတော်မူမည်။ အာရှုရိဘုရင့်လက်တွင်းသို့ ဤမြို့ မရောက်ရဟူသောစကားကြောင့် ထာဝရဘုရားကိုမကိုးစားကြနှင့်။
31-32 ဟေဇကိမင်းစကားကို နားမထောင်ကြနှင့်။ အာရှုရိဘုရင်မိန့်တော်မူသည်ကား သင်တို့ရှိရာ ငါလာရောက်၍ သင်တို့နေပြည်နှင့်တူသော စပါးဆန်ရေနှင့် ခဲဖွယ်၊ စပျစ်ခြံများနှင့်လည်းေကာင်း၊ သံလွင်ဆီ၊ ပျားရည်များနှင့်လည်းေကာင်း၊ ကြွယ်ဝသောပြည်သို့ ငါမပို့မချင်း၊ အသီးအသီးကိုယ့်ဆိုင်ရာစပျစ်သီးသဖန်းသီး များကိုစား၍ ကိုယ့်တွင်းရေကိုသောက်ခွင့်ရကြလျက် သေဘေးမတွေ့စေရန် ငါ့ဘက်သို့ဝင်ပြီးလျှင် မင်္ဂလာဆုကိုခံကြလော့။ ငါတို့ကိုထာဝရဘုရားလွတ်မြောက်စေတော်မူမည်ဟူ၍ ဟေဇကိမင်း သွေးဆောင်သောစကားကို နားမထောင်ကြနှင့်။
33 လူမျိုးခြားတို့ဘုရားများသည် ကိုယ့်ပြည်ကိုအာရှုရိဘုရင့်လက်တွင်းမှ လွတ်မြောက်စေဘူးသလော။
34 ဟာမတ်မြို့၊ အာပဒ်မြို့ဘုရားများနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ဘုရားများကား အဘယ်မှာနည်း။ ငါ့လက်တွင်းမှ ရှမာရိမြို့ကိုဆိုင်ရာဘုရားလွတ်မြောက်စေဘူးသလော။
35 ယေရုရှလင်မြို့ကို ငါ့လက်တွင်းမှထာဝရဘုရားလွတ်မြောက်စေရန် တိုင်းပြည်များရှင်ဘုရားတို့အနက် ကိုယ့်ပြည်ကိုမည်သည့်ဘုရားလွတ်မြောက်စေဘူးသနည်းဟု ထုတ်ဆင့်ကြွေးကြော်ရာ
36 မြို့သူမြို့သားတို့သည် မတုံ့မပြန်ကြနှင့်ဟူသော ဘုရင့်အမိန့်တော်ကို နာခံရသည့်အတိုင်း ခွန်းတုံ့မပြန်၊ ဆိတ်ဆိတ်နေကြ၏။
37 ဟိလခိသား၊ လက်သုံးတော်ချုပ်ဧလျာကိမ်၊ သံတော်ဆင့်ရှေဗန၊ အာသပ်သား၊ အတွင်းဝန်ယောအာတို့မူကား ကိုယ့်အဝတ်ကိုဆုတ်လျက် ဟေဇကိမင်းထံဝင်၍ ရာဗရှာခစကားကို ပြန်ကြား တင်လျှောက်ကြ၏။