9
ရှောလမုန်မင်းသည် ဗိမာန်တော်၊ နန်းတော်များမှစ၍ ပြုလုပ်လိုသမျှကို အပြီးသတ်သည့်ကာလ၊ ဂိဗောင်မြို့၌ထင်ရှားခဲ့သည့်နည်းတူ တစ်ဖန်ထာဝရဘုရားထင်ရှားပြန်လျက် ဗျာဒိတ်ပေးတော်မူသည်မှာ ငါ့မျက်မှောက်တွင် သင့်အသနားတော်ခံ တောင်းလျှောက်ချက်ကို ငါနာယူပြီ။ သင်တည် ဆောက်သောဤဗိမာန်ကို ငါသီးသန့်ထားလျက် နာမတော်တည်မြဲစေသည့်အတိုင်း အစဉ်မပြတ် ငါမျက်မှောက်ပြု၍ အရေးယူမည်။ သင်သည် ငါမိန့်မှာတိုင်းပြု၍ ထုံးဖွဲ့ဆုံးဖြတ်ချက်များကို စောင့်ထိန်းလျက် သင့်အဘဒါဝိဒ်ကဲ့သို့ ငါ့မျက်မှောက်တွင် ဖြောင့်မှန်စုံလင်သောစိတ်သဘောနှင့် လိုက်လျှောက်လျှင် ဣသရေလရာဇပလ္လင်ထက်စံရသော သင့်အမျိုး မင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်အား ကတိထားခဲ့သည့်အတိုင်း ဣသရေလနိုင်ငံပေါ်တွင် သင့်ရာဇပလ္လင်ကို ကာလအစဉ်ငါတည်မြဲစေမည်။ သင့်တို့ဖြစ်စေ၊ သားမြေးတို့ဖြစ်စေ၊ ငါစီရင်ခဲ့သောမိန့်မှာထုံးဖွဲ့ချက်များကို မစောင့်ရှောက်ဘဲ နောက်တော်မှတွန့်ဆုတ်လျက် အခြားဘုရားများနောက် လိုက်သွားဝတ်ပြုရှိခိုးကြလျှင်မူကား၊ ဣသရေလလူမျိုးကိုပေးထားသောပြည်မှ ပယ်ရှားလျက် ငါ့နာမအဖို့ သီးသန့်ထားခဲ့သော ဤဗိမာန်ကိုလည်းမျက်မှောက်မှ စွန့်ပယ်မည်ဖြစ်၍ ဣသရေလလူမျိုးသည် လူအမျိုးမျိုးတို့တွင် ပုံခိုင်းရာပြောင်လှောင်ရာဖြစ်ကြလိမ့်မည်။ မြင့်မြတ်သော ဤဗိမာန့်အနီးသီသွားသူအပေါင်းတို့ အံ့အားသင့်လျက် ထာဝရဘုရားသည် ထိုပြည်နှင့်ထိုဗိမာန်ကို အဘယ်ကြောင့် ဤသို့စီရင်တော်မူသနည်းဟု ကဲ့ရဲ့မေးမြန်းသော် ဘိုးဘေးတို့အား အိဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သော ကိုယ့်ဘုရားသခင်ထာဝရဘုရားကို သူတို့စွန့်၍ အခြားဘုရားများထံ မှီဝဲရှိခိုးဝတ်ပြုကြသောကြောင့်၊ ထိုဘေးဆိုးအလုံးစုံကို ထာဝရဘုရားသင့်ရောက်စေတော်မူကြောင်းပြောကြလတ္တံ့ဟု မိန့်တော်မူ၏။
10 ရှောလမုန်မင်းသည် ဗိမာန်တော်၊ နန်းတော်၊ နှစ်ရပ်လုံးကိုဆောက်၍ နှစ်ပေါင်းနှစ်ဆယ်ပြည့်သောအခါ 11 ရှောလမုန်မင်းသဘောတော်အတိုင်း သစ်ကတိုး၊ ထင်းရူးသားနှင့်တကွ၊ ရွှေများကို ပေးပို့သော တုရုဘုရင်ဟိရံမင်းအား ဂါလိလဲပြည်နယ်အတွင်း မြို့ရွာနှစ်ဆယ်ကိုပေးရာ 12 ရှောလမုန်မင်းပေးသောမြို့ရွာများကို တုရုမြို့မှ ဟိရံမင်းထွက်လာ၍ 13 ကြည့်ရှုသော် မနှစ်သက်သဖြင့် အကြည်တော်ပေးသောဤမြို့ရွာများကား အသို့နည်းဟုဆိုသည်ကိုအစွဲပြု၍ ကာဗုလဟု ယနေ့တိုင်အောင် တွင်သတည်း။ 14 ဟိရံမင်းလည်း ရှောလမုန်မင်းအား ရွှေချိန်ခွက်သုံးထောင့်ခြောက်ရာကိုပေးလေ၏။
15 ရှောလမုန်မင်းသည် လမိုင်းအမှုထမ်းဖွဲ့ခြင်းအကြောင်းမှာ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောပြအိုး၊ ယေရုရှလင်မြို့ရိုးမှစ၍ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့၊ ဂေဇာမြို့များကို တည်ဆောက်ရန်တည်း။ 16 ဂေဇာမြို့ကိုကား အိဂျစ်ဘုရင်ဖာရောမင်းချီတက်တိုက်ခိုက် မီးရှို့လျက်၊ ခါနာန်အမျိုးမြို့သူ မြို့သားတို့ကိုလုပ်ကြံပြီးမှ သမီးတော်ဖြစ်သော ရှောလမုန်မင်းမိဖုရားသို့ လက်ဖွဲ့သည်နှင့်အညီ 17 ရှောလမုန်မင်းတည်ထောင်ပြုစုလေ၏။ 18 ၎င်းပြင် အောက်ဗေသောရုန်မြို့၊ ဗာလတ်မြို့၊ ပြည်တော်အတွင်းသဲကန္တာရရှိတာဒမော်မြို့များနှင့် 19 ရိက္ခာတော်သိုရာမြို့များ၊ စစ်ရထားထိန်းမြို့များ၊ မြင်းစီးသူရဲနေရန်မြို့များမှစ၍ ယေရုရှလင်မြို့ လေဗနုန်တောင်၊ နိုင်ငံတော်အရပ်ရပ်တွင် တည်ဆောက်လိုသမျှကိုတည်ဆောက်၏။ 20-21 ဣသရေလအမျိုးသားတို့ မြေမလှန်နိုင်သဖြင့် ပြည်တော်အတွင်းကြွင်းသေးသောတစ်ပါး အမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအနွယ်၊ သားစဉ်မြေးဆက်တို့ကို ယနေ့တိုင်အောင် လမိုင်းအမှုထမ်းဖွဲ့လျက် 22 ဣသရေလအမျိုးသားတို့ကို မဖွဲ့ဘဲ ရဲမက်တော်၊ ကျေးကျွန်သင်းပင်း၊ မှူးတော်၊ မတ်တော်၊ စစ်ကဲ၊ ရထားတပ်ဗိုလ်၊ မြင်းတပ်ဗိုလ်ရာထူးများတွင်သာ ခန့်ထားလေ၏။ 23 စီမံသမျှသောအမှုတော်ကို လုပ်ဆောင်သူတို့အပေါ်တွင် ကြီးကြပ်ကြည့်ရှုရသောအကြီးအကဲ ငါးရာ့ငါးဆယ်ရှိသတည်း။ 24 ဖာရောမင်းသမီးတော်သည် ဒါဝိဒ်မြို့တော်မှထွက်၍ မိဖုရားအဖို့တည်ဆောက်သောနန်းမတွင်စံနေစဉ်၊ မိလ္လောပြအိုးကို ရှောလမုန်မင်းပြင်ဆင်လေ၏။ 25 ရှောလမုန်မင်းလည်း ထာဝရဘုရားအဖို့တည်သော ရှေ့တော်ရှိပလ္လင်တော်ပေါ်တွင် နံ့သာပေါင်းနှင့်တကွ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို တစ်နှစ်သုံးကြိမ်ပူဇော်လေ့ရှိ၏။ ဗိမာန် တော်တည်ဆောက်မှုအပြီးသတ်ပြီးလျှင် 26 ရှောလမုန်မင်းသည် ဧဒုံပြည်၊ ဧလုတ်မြို့အနီး၊ ပင်လယ်နီဆိပ်ကမ်းရှိ ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောအများတည်လုပ်ရာ ဟိရံမင်းလည်း 27 ပင်လယ်သွားကျွမ်းကျင်သူ ကိုယ့်သင်္ဘောသားတို့ကို ရှောလမုန်မင်း၏သင်္ဘောသားတို့နှင့်အတူ စီးစေ၍ 28 သြဖိရပြည်သို့လွှင့်သွားလျက် ရွှေချိန်ခွက်တစ်သောင်းနှစ်ထောင့်ခြောက်ရာကို ဆောင်ယူခဲ့ပြီးလျှင် ရှောလမုန်မင်းထံ ဆက်သကြလေ၏။