8
1 ထိုအခါ ရှောလမုန်မင်းသည် ထာဝရဘုရား၏ ပဋိညာဉ်တော်သေတ္တာကို ဇိအုန်ခေါ်ဒါဝိဒ်မြို့ တော်မှ ပင့်ဆောင်ရန်ကြံရွယ်လျက် ဣသရေလလူကြီးတည်းဟူသော အမျိုးအနွယ်ဦးစီးဦးကိုင်၊ အိမ်ထောင်အကြီးအကဲဟူသမျှကို ယေရုရှလင်မြို့၊ အထံတော်သို့ဆင့်ခေါ်လေ၏။
2 ဣသရေလလူအပေါင်းတို့သည် ဧသနိမ်ခေါ်သတ္တမလတွင် ကျင်းပမြဲ ပူဇော်ပွဲအတွင်း
3 ရှောလမုန်မင်းထံစုရုံး၍ လူကြီးအပေါင်းတို့ရောက်လာကြရာ ထာဝရဘုရား၏သေတ္တာတော်ကို ပရောဟိတ်တို့ပင့်ချီလျက်
4 တွေ့ဆုံရာတဲတော်နှင့် တဲတော်ရှိသန့်ရှင်းသော အသုံးအဆောင်ဟူသမျှပါ လေဝိဂိုဏ်းသားတို့နှင့် တကွ ပင့်ဆောင်ကြသောအခါ
5 ရှောလမုန်မင်းမှစ၍ စုရုံးပြီးသောဣသရေလလူမျိုးပရိသတ်ဥဿုံသည် မရေမတွက်နိုင်သော သိုးနွားများကို သေတ္တာတော်ရှေ့ပူဇော်ကြလေ၏။
6 ပရောဟိတ်တို့လည်း ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို ဗိမာန်တော်အတွင်းခန်း၊ အထူးသန့်ရှင်းရာဌာန၊ ခေရုဗအတောင့်အောက်၊ ပြင်ဆင်ပြီးနေရာသို့ သွင်းထားကြရာ
7 ခေရုဗအတောင်များသည် သေတ္တာတော်တည်ရာပေါ်တွင် ဖြန့်နေသည့်အတိုင်း သေတ္တာတော်နှင့် ထမ်းပိုးများပါ မိုးကာလျက်ရှိ၏။
8 ထမ်းပိုးများရှည်လျားသဖြင့် အတွင်းခန်းမျက်နှာစာသန့်ရှင်းရာဌာနမှ အစွန်းကိုမြင်ရသော်လည်း ပြင်ခန်းသို့မရောက်၊ ယနေ့တိုင်ရှိသတည်း။
9 အိဂျစ်ပြည်မှထွက်လာခဲ့သော ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရားပဋိညာဉ်ဖွဲ့တော်မူသည့်ကာလ၊ ဟောရပ်တောင်၌မောရှေထည့်ခဲ့သော ကျောက်နှစ်ပြားမှတစ်ပါး၊ သေတ္တာတော်အတွင်း တစ်စုံတစ်ခုမျှမရှိ။
10-11 သန့်ရှင်းရာဌာနမှ ပရောဟိတ်တို့ထွက်လာကြစဉ် ထာဝရဘုရား၏ဘုန်းတော်ဆိုင်ရာတိမ်တိုက်ဖြင့်၊ ဗိမာန်တော်ပြည့်လျက်ရှိသောကြောင့် ပရောဟိတ်တို့သည် တန့်စား၍ အမှုတော်ကို မဆောင်မရွက်ဝံ့ချေ။
12 ထိုနောက် ရှောလမုန်မင်းက၊ မှောင်အတိတွင် ငါစံနေမည်ဟု ထာဝရဘုရားမိန့်တော်မူပါပြီ။
13 စံတော်မူရာဗိမာန်၊ အစဉ်ကိန်းဝပ်ရာဌာနတော်ကို အကျွန်ုပ်မုချတည်ဆောက်ပါပြီဟု လျှောက်ဆိုပြီးလျှင်
14 လှည့်ကြည့်၍၊ ရပ်နေကြသော ဣသရေလပရိသတ်ကိုကောင်းကြီးပေးသည်မှာ
15-16 ဣသရေလလူမျိုးတော်ကို အိဂျစ်ပြည်မှ ထုတ်ဆောင်ကတည်းက ဣသရေလအနွယ် အပေါင်းတို့နေသော မြို့ရွာများအနက် နာမတော်တည်ရာဗိမာန်တော်ဆောက်ရန် မြို့တစ်မြို့ကိုမရွေး ချယ်ဘဲ ထိုလူမျိုးအပေါ်တွင် သင်ဒါဝိဒ်ကို ငါရွေးချယ်ခန့်ထားပြီဟု ခမည်းတော်ဒါဝိဒ်မင်းအား ဗျာဒိတ်ပေးတော်မူသည့်အတိုင်း လက်ရုံးတော်ဖြင့် အတည်ပြုတော်မူသော ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။
17 ဣသရေလူမျိုး၏ဘုရားသခင်ထာဝရဘုရားနာမတော်အဖို့ ဗိမာန်တော်ကို ခမည်းတော် ဒါဝိဒ်မင်းတည်ဆောက်ရန် ကြံရွယ်သော်လည်း
18 ထာဝရဘုရားက၊ ငါ့နာမအဖို့ ဗိမာန်တော်တည်ဆောက်ရန် ကြံရွယ်သည်ကား သင့်မြတ်၏။
19 သို့ရာတွင်၊ သင့်ကိုယ်တိုင်ဗိမာန်တော်တည်ဆောက်ခွင့်မရ။ ရင်သွေးဖြစ်သော သင့်သားသာလျှင် ငါ့နာမအဖို့ ဗိမာန်တော်ကိုတည်ဆောက်ခွင့်ရလိမ့်မည်ဟု ခမည်းတော်ဒါဝိဒ်မင်းအား ထာဝရဘုရားမိန့်တော်မူ၏။
20 ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ငါသည်ခမည်းတော်ဒါဝိဒ်မင်းအရိုက်အရာ၌ ပေါ်ထွန်း၍ ဣသရေလရာဇပလ္လင်ထက်ထိုင်လျက် ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား နာမတော်အဖို့ ဗိမာန်တော်တည်ဆောက်ရသည်မှာ ထိုဗျာဒိတ်တော်ကို ထာဝရဘုရားအတည်ပြု တော်မူပြီ။
21 ဘိုးဘေးတို့ကို အိဂျစ်ပြည်မှထုတ်ဆောင်သည့်ကာလ ထာဝရဘုရားဖွဲ့တော်မူခဲ့သော ပဋိညာဉ်တရားတော်ပါရှိသည့် သေတ္တာတော်ကိုလည်း ဗိမာန်တော်တွင်ငါသွင်းထားပြီဟု မြွက်ဆိုလေ၏။
22 ရှောလမုန်မင်းသည် ဣသရေလလူမျိုး ပရိသတ်ဥဿုံမျက်မှောက်တွင် ထာဝရဘုရား၏ ပူဇော်ရာပလ္လင်တော်ရှေ့၊ လက်အုပ်ချီ၍ ပဌနာပြုသည်မှာ
23-24 အိုဣသရေလလူမျိုး၏ဘုရားသခင်၊ ထာဝရဘုရား၊ မျက်မှောက်တော်တွင် စိတ်နှလုံးအကြွင်းမဲ့ကျင့်ကြံပြုမူသော ကိုယ်တော်၏ကျွန်များအား ပဋိညာဉ်နှင့် ကရုဏာတော်ကိုစောင့်ခြင်း၊ ကျွန်တော်ရင်းခမည်းတော် ဒါဝိဒ်မင်းအားထားခဲ့သောသစ္စာတော်ကိုထိန်းခြင်း၊ ဗျာဒိတ်တော်ပေး၍ ယနေ့ဖြစ်လာသည့်အတိုင်း လက်ရုံးတော်ဖြင့် အတည်ပြုခြင်းများကို စီရင်တော်မူသော ကိုယ်တော်နှင့်တူသောဘုရား၊ အထက်ကောင်းကင်၌သော်လည်းကောင်း၊ အောက်မြေကြီး၌သော်လည်းကောင်း မရှိပါ။
25 သို့ဖြစ်၍ အိုဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သင်လိုက်လျှောက်သည့်အတိုင်း သားမြေးတို့လည်း ငါ့မျက်မှောက်တွင် လိုက်လျှောက်ရာလမ်းကို သတိပြုကြလျှင် ငါ့ရှေ့ဣသရေလ ရာဇပလ္လင်ထက်စံရသော သင့်အမျိုးမင်းရိုးမပြတ်ရဟု ကျွန်တော်ရင်းခမည်းတော် ဒါဝိဒ်မင်းအားထားခဲ့သောသစ္စာတော်ကို စောင့်တော်မူပါ။
26 အိုဣသရေလလူမျိုး၏ ဘုရားသခင်ကျွန်တော်ရင်း ခမည်းတော်ဒါဝိဒ်မင်းအား မိန့်ဖူးသော ဗျာဒိတ်ကို ယခုတည်မြဲစေတော်မူပါ။
27 သို့ရာတွင် ဤေမြပထဝီ၌ ဘုရားသခင်မုချစံနေတော်မူပါမည်လော။ ဘဝဂ်အထိကောင်းကင် အထပ်ထပ်မှာပင် ကိုယ်တော်မဆံ့နိုင်ပါလျှင် အကျွန်ုပ်တည်ဆောက်သော ဤဗိမာန်တော်ကား သာ၍မဆံ့လေစွ။
28 အိုထာဝရဘုရားသခင်၊ ကျွန်တော်မျိုးတောင်းလျှောက်ချက်၊ အသနားတော်ခံချက်ကိုငဲ့၍ ယနေ့ပြုသောပဌနာကို နားညောင်းတော်မူသဖြင့်၊
29 ငါ့နာမတည်မည်ဟူ၍ ရည်ရွယ်တော်မူသော ဤဌာန၊ ဤဗိမာန်တော်ကို နေ့ညဉ့်မဟူမျက်မှောက်ပြုတော်မူသည့်အလျောက် ဤဌာနသို့မျက်နှာမူလျက် ကျွန်တော်မျိုးတောင်း လျှောက်ချက်ကို နားညောင်းတော်မူပါ။
30 ကျွန်တော်မျိုးမှစ၍ ဣသရေလလူမျိုးတော်သည် ဤဌာနသို့မျက်နှာမူလျက် အသနားတော်ခံ တောင်းလျှောက်ချက်ကို စံနေတော်မူရာကောင်းကင်ဘုံမှ နားညောင်း၍ ချမ်းသာပေးတော်မူပါ။
31 လူတစ်ဦးသည် သူတစ်ပါးကိုပြစ်မှား၍ သစ္စာဆိုရန် တာဝန်ရှိသည့်အတိုင်း ဤဗိမာန်တော်တွင် ပူဇော်ရာပလ္လင်တော်ရှေ့ဝင်ရောက်သစ္စာဆိုလျှင်
32 ကောင်းကင်ဘုံမှနားညောင်းတော်မူ၍ ဆိုးသူ့ဦးထိပ်ထက် ချင့်အလေ့အလာအကျိုးဆက်ကို လည်းကောင်း၊ ဖြောင့်သူ့အား၊ ဖြောင့်သည့်အတိုင်း၊ လွတ်ရာကောင်းကျိုးကိုလည်းကောင်း၊ ကိုယ်တော့်ကျွန်များအပေါ်တွင် စီရင်ဆုံးဖြတ်တော်မူပါ။
33 ဣသရေလလူမျိုးတော်သည် ကိုယ်တော်အား ပြစ်မှားမိသည့်အတွက် ရန်သူတို့ရှေ့ ရှုံးနိမ့်ခံရသောအခါ ကိုယ်တော့်ထံပြန်လာ၍ နာမတော်ကို ဝန်ခံလျက် ဤဗိမာန်တော်တွင် အသနားတော်ခံ တောင်းလျှောက်ကြလျှင်
34 ကောင်းကင်ဘုံမှ နားေညာင်းလျက် ဣသရေလလူမျိုးတော်၏အပြစ်ကို ဖြေလွှတ်၍ ဘိုးဘေးတို့အား ပေးသနားခဲ့သောပြည်သို့ ပို့ဆောင်တော်မူပါဦး။
35 ကိုယ်တော်အား ပြစ်မှားမိသည့်အတွက် မိုးမရွာအောင်ပိတ်ဆို့လျက် ဆုံးမတော်မူသောအခါ ဤဗိမာန်တော်သို့ မျက်နှာမူလျက် နာမတော်ကိုဝန်ခံ၍ ဒုစရိုက်ရှောင်ကြဉ်ကြလျှင်
36 ကောင်းကင်ဘုံမှနားညောင်း၍ ကိုယ်တော်၏ကျွန်ဖြစ်သူ ဣသရေလလူမျိုးတော့်အပေါ်တွင် အပြစ်ဖြေလွှတ်သည့်ပြင် လိုက်အပ်သောလမ်းကောင်းကို ညွှန်ပြတော်မူလျက် လူမျိုးတော်အား အပိုင်ပေးခဲ့သောပြည်ပေါ်တွင် မိုးရွာစေတော်မူပါ။
37 ပြည်တော်၌ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ ဒဟဝါယောကပ်၊ ပိုးကောင်၊ ကျိုင်းကောင်၊ နှံကောင်စားခြင်းကပ်၊ တိုင်းပြည်မြို့ရွာများကို ရန်သူဝန်းဝိုင်းခြင်းကပ်မှစသော မည်သည့်ရောဂါ၊ မည်သည့်ဒဏ်ချက်မဆို သင့်သောအခါ
38 ဣသရေလလူမျိုးတော်အနက် ကိုယ်ခံရသောဒဏ်ချက်ကိုသိသူတိုင်း၊ ဤဗိမာန်တော်သို့လက်အုပ်ချီလျက် အသနားတော်ခံတောင်းလျှောက်လျှင်
39-40 စံတော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူလျက် ဘိုးဘေးတို့အား ပေးတော်မူခဲ့သော ပြည်တွင်အသက်တည်သမျှ ကာလပတ်လုံးကိုယ်တော်ကိုခန့်ညားကြစေရန် လူ့သားအပေါင်းတို့စိတ်သဘောကို ကိုယ်တော်သာလျှင် သိသည်နှင့်အညီ အသီးအသီး၌သိတော်မူ တိုင်း၊ အကျိုးအပြစ်အလျောက်စီရင်ဆုံးဖြတ်၍ ချမ်းသာပေးတော်မူပါ။
41-42 ဣသရေလလူမျိုးတော်မဟုတ်သောလူမျိုးခြားတို့လည်း မဟာနာမတော်နှင့် အားကြီးစွာ ဆန့်တန်းသောလက်ရုံးတော်အကြောင်းကို ကြားသိရသည့်အတိုင်း နာမတော်အတွက် ဝေးလှသော ပြည်မှပင်ရောက်လာ၍ ဤဗိမာန်တော်သို့မျက်နှာမူလျက် တောင်းလျှောက်ကြလျှင်
43 စံတော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ဣသရေလလူမျိုးတော်နှင့် ထပ်တူ နာမတော်ကိုမြေတစ်ပြင်လုံးရှိ လူအမျိုးမျိုးတို့သိကျွမ်းခန့်ညားကြစေရန်လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် သော ဤဗိမာန်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းသိကြစေရန်လည်းကောင်း၊ ထိုလူမျိုးခြားတို့ပဌနာပြု သည့်အတိုင်း စီရင်တော်မူပါ။
44 ကိုယ်တော်စေလွှတ်တော်မူသည့်အတိုင်း ရန်သူတို့ကို တိုက်ခိုက်ရန် လူမျိုးတော်ချီထွက်ရ သောအခါ ရွေးချယ်တော်မူသောမြို့နှင့် နာမတော်အဖို့အကျွန်ုပ်တည်ဆောက်သော ဗိမာန်တော်သို့ မျက်နှာမူလျက် ထာဝရဘုရားထံတောင်းလျှောက်ကြလျှင်၊
45 အသနားတော်ခံတောင်းလျှောက်ချက်ကို ကောင်းကင်ဘုံမှနားညောင်း၍ သူတို့အရေးကို မိုင်းမတော်မူပါ။
46 အပြစ်ကင်းသူတစ်စုံတစ်ယောက်မျှ မရှိသည်နှင့်အညီ လူမျိုးတော်သည် ကိုယ်တော်အား ပြစ်မှားမိသည့်အတွက် အမျက်တော်ထား၍ အပ်နှင်းတော်မူသည့်အတိုင်း၊ အနီးအဝေး တစ်ပြည်ပြည်သို့ရန်သူတို့သုံ့ပန်းသိမ်းသွားရသည်ဖြစ်သော်၊
47 ပါသွားရသောထိုပြည်၌ စိတ်ပြောင်းလျက် နောင်တရ၍ အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ လွန်ကျူး မိပါပြီ။ ဒုစရိုက်ကိုပြုမိပါပြီဟု အသနားတော်ခံသည်နှင့်အညီ
48 သိမ်းသွားရသောရန်သူ့ပြည်မှပင် စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော့်ထံပြန်လာသည့်ပြင်၊ ဘိုးဘေးတို့အား ပေးတော်မူခဲ့သောပြည်၊ ရွေးချယ်တော်မူသောမြို့ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောဗိမာန်တော်သို့ မျက်နှာမူလျက် ကိုယ်တော့်ထံတောင်းလျှောက်ကြလျှင်
49 အသနားတော်ခံတောင်းလျှောက်ချက်ကို စံတော်မူရာကောင်းကင်ဘုံမှ နားညောင်း၍ သူတို့အရေးကိုမိုင်းမတော်မူသဖြင့်၊
50-51 အိဂျစ်ပြည်သံမိုက်လုံထဲမှ ထုတ်ဆောင်တော်မူခဲ့သောပိုင်တော်မူရာလူမျိုးတော်ဖြစ်လျက် ကိုယ်တော်အား ပြစ်မှားမိသောထိုလူမျိုးတော်၏ လွန်ကျူးမှုရှိသမျှကိုဖြေလွှတ်၍ သုံဘမ်းသိမ်းသွားသူတို့ရှေ့၊ သနားဖွယ်ဖြစ်စေတော်မူသည့်အတိုင်း စာနာကြပါစေသော။
52-53 သို့နှင့်အညီ၊ ကျွန်တော်မျိုး၏အသနားတော်ခံချက်ကိုလည်းကောင်း၊ ဘိုးဘေးတို့ကိုအိဂျစ်ပြည်မှ ထုတ်ဆောင်သည့်ကာလ ကျွန်တော်ရင်းမောရှေအားဖြင့် ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း မြေတစ်ပြင်လုံးရှိ လူအမျိုးမျိုးမှ၊ ပိုင်ရာတော်အဖြစ် သန့်ခြားတော်မူသော ဣသရေလလူမျိုးတော်၏ အသနားတော်ခံချက်ကိုလည်းကောင်း၊ အခါခပ်သိမ်းမျက်မှောက်ပြု၍ နားညောင်းတော်မူပါ။ အိုအရှင်ထာဝရ ဘုရားဟု ပဌနာပြုလေ၏။
54 ရှောလမုန်မင်းသည် ထာဝရဘုရားထံ အသနားတော်ခံတောင်းလျှောက်မှုကို အဆုံးသတ်၍ ထာဝရ ဘုရား၏ပူဇော်ရာပလ္လင်တော်ရှေ့၊ ကောင်းကင်ထက်သို့လက်အုပ်ချီလျက်၊ ဒူးထောက်လျက်ပြုရာမှ ထပြီးလျှင်
55 ဣသရေလပရိသတ်ကို ကျယ်သောအသံနှင့်ကောင်းကြီးပေးသည်မှာ
56 ကတိတော်အတိုင်း ဣသရေလလူမျိုးတော်ကို ရန်ငြိမ်းခွင့်ပြုတော်မူသော ထာဝရဘုရားသည် မင်္ဂလာ ရှိတော်မူပါစေသော။ ကျွန်တော်ရင်းမောရှေအားဖြင့် ပေးတော်မူခဲ့ေသာ ကတိတော်မြတ်အတိုင်း၊ တသဝေမျှမတိမ်းပါ။
57 အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဘိုးဘေးများနှင့်အတူရှိသည်နည်းတူ၊ အကျွန်ုပ်တို့နှင့် လည်း၊ မစွန့်မထား၊ အတူရှိတော်မူ၍
58 ဘိုးဘေးများအား မိန့်မှာတော်မူခဲ့သော ပညတ်တော်နှင့်ထုံးဖွဲ့ဆုံးဖြတ်တော်မူချက်များကို စောင့်ထိန်းလျက် နည်းလမ်းတော်တိုင်း၌ လိုက်လျှောက်ကြရန် အကျွန်ုပ်တို့စိတ်သဘောကို ဘက်တော်သို့လှည့်တော်မူပါစေသော။
59-60 ထာဝရဘုရားသည် ဘုရားမှန်ကြောင်းကိုလည်းကောင်း၊ အခြားဘုရားမရှိကြောင်းကိုလည်းကောင်း၊ မြေတစ်ပြင်လုံးရှိ လူအမျိုးမျိုးတို့သိကြစေရန် မျက်မှောက်တော်တွင် အကျွန်ုပ်အသနားတော်ခံချက်များသည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်သို့ နေ့ညဉ့်မပြတ်ဆိုက်ရောက်၍ ကျွန်တော်မျိုး၏အရေး၊ ဣသရေလလူမျိုးတော်တို့အရေးကို နေ့စဉ်မိုင်းမတော်မူပါစေသော။
61 သင်တို့လည်း၊ ထုံးဖွဲ့တော်မူချက်များအတိုင်း လိုက်လျှောက်၍ ပညတ်တော်များကို စောင့်ထိန်းလျက် ယနေ့အတိုင်း၊ ငါတို့ဘုရားသခင်ထာဝရဘုရားအထံတော်၌ စိတ်နှလုံးစုံလင်ကြပါစေသောဟု မြွက်ဆိုပြီးလျှင်၊
62 ဘုရင်မင်းမှစ၍ ဣသရေလတစ်မျိုးလုံးသည် ထာဝရဘုရားရှေ့တော်တွင် ဆက်ကပ်ပူဇော်ကြ၏။
63 ထာဝရဘုရားထံ မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်သောင်းနှစ်ထောင်၊ သိုးတစ်သိန်းနှစ်သောင်းများကို ရှောလမုန်မင်းဆက်ကပ်ပူဇော်စေသည့်အလျောက် ဘုရင်မင်းမှစ၍ ဣသရေလအမျိုး သားအပေါင်းတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို အနုမောဒနာပြုကြကုန်၏။
64 ထိုနေ့တွင် ထာဝရဘုရားရှေ့တော်ရှိ ပူဇော်ရာကြေးပလ္လင်တော်သည် မီးရှို့ရာသက္ကာ၊ ဘောဇဉ်သက္ကာ၊ မိတ်သဟာယသက္ကာဆီဥကို ငယ်၍မဆံ့သောကြောင့် ထာဝရဘုရား၏ဗိမာန်တော်ရှေ့တံတိုင်းဗဟိုချက်ကို ဘုရင်မင်းသီးသန့်ထား၍ ထိုဌာနတွင်ဆိုခဲ့သောသက္ကာများကို ပူဇော်ရ၏။
65 ထိုကာလရှောလမုန်မင်းသည် ဟာမတ်မြို့လမ်းဝမှစ၍ အိဂျစ်ချောင်းတိုင်အောင် အရပ်ရပ်က လာရောက်ကြသောဣသရေလပရိသတ်ကြီးနှင့်တကွ ငါတို့ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်နှစ်ပတ်၊ ဆယ့်လေးရက်တိုင်တိုင် ပူဇော်ပွဲကျင်းပပြီးသော်
66 ရှစ်ရက်မြောက်သောနေ့တွင် ပရိသတ်ကိုလွှတ်လိုက်ရာ သူတို့သည် ဘုရင်မင်းကို သြဘာဆက်လျက် ကျွန်တော်ရင်းဒါဝိဒ်မင်းနှင့် ဣသရေလူမျိုးတော်အား ထာဝရဘုရားပြုတော်မူသမျှ ကျေးဇူးတော်ကြောင့် အားရဝမ်းမြောက်စွာ နေအိမ်များသို့ ပြန်သွားကြကုန်၏။