10
1 ရှေဘပြည့်ရှင် ဘုရင်မသည် ထာဝရဘုရားနာမတော်ကြောင့် ရှောလမုန်မင်း၏ကျော်စောကိတ္တိ သတင်းကိုကြားလျှင် စကားဝှက်များဖြင့် စုံစမ်းရန်ထွက်လာရာ
2 နံ့သာမျိုး၊ ကျောက်မျက်၊ ရွှေအမြောက်အမြားကိုတင်ဆောင်သော ကုလားအုပ်တို့နှင့်တကွ များစွာသောအခြံအရံတို့ပါ ယေရုရှလင်မြို့သို့ရောက်၍ ရှောလမုန်မင်းထံဝင်ပြီးလျှင် စိတ်၌ကြံစည်သမျှကိုစောဒနာတင်သည့်ကာလ
3 မဖြေနိုင်အောင် နက်နဲသောစောဒနာမရှိသည်နှင့်အညီ ရှောလမုန်မင်းသည် အကြွင်းမဲ့ဖြေဆိုလေ၏။
4 ရှေဘဘုရင်မသည် ရှောလမုန်မင်း၏ဉာဏ်ပညာ၊ တည်ဆောက်ပြီးနန်းတော်၊
5 ပွဲတော်စာ၊ ကျေးကျွန်သင်းပင်းတို့နေထိုင်ပုံ၊ နန်းတော်သားတို့ ဆင်ယင်ခစားပုံ၊ ရေကြည်တော် အရာရှိတို့နှင့် ထာဝရဘုရားဗိမာန်တော်၌မီးရှို့ပူေဇာ်နည်းများကို အလုံးစုံသိမြင်သောအခါ စိတ်အားလျော့၍
6 အကြည်တော်၏အပြုအမူနှင့် ဉာဏ်ပညာအကြောင်း ကိုယ့်ပြည်မှကြားရသောသတင်းမှန်ပေ၏။
7 သို့ရာတွင် ကိုယ်တိုင်ရောက်၍မမြင်မီ၊ ကျွန်ုပ်မယုံသေးပါ။ ယခုမှာ ယခင်ကြားသောသတင်းသည် ထက်ဝက်မျှမမှီချေ။ အကြည်တော့်ဉာဏ်ပညာနှင့် ဘုန်းစည်းစိမ်ကား၊ ကျွန်ုပ်ကြားရသောသတင်းထက် လွန်ကဲပေ၏။
8 အပါးတော်တွင် အမြဲခစားလျက် ပညာတော်ကိုနာယူရသော အကြည်တော်၏အမှုထမ်း၊ ကျေးကျွန်သင်းပင်းတို့သည် သာယာကြလေစွ။
9 အကြည်တော်ကိုနှစ်သက်၍ ဣသရေလရာဇပလ္လင်ထက်တင်တော်မူသော အကြည်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ဣသရေလလူမျိုးအား အစဉ်မြတ်နိုး တော်မူသောကြောင့်၊ တရားသဖြင့် စီရင်ဆုံးဖြတ်စေရန် အကြည်တော်ကို ဘုရင်အဖြစ် ထာဝရဘုရားခန့်ထားတော်မူပြီဟု သြဘာပြုပြီးလျှင်
10 ရွှေချိန်ခွက်သုံးထောင့်ခြောက်ရာ၊ ကျောက်မျက်နှင့်နံ့သာမျိုး၊ အမြောက်အမြားကိုဆက်သွင်းလေ၏။ ရှောလမုန်မင်းထံ ရှေဘဘုရင်မဆက်သွင်းသော နံ့သာမျိုးနှင့်အမျှ၊ နောက်တစ်ဖန်မရောက်ချေ။
11 သြဖိရပြည်မှ ရွှေတင်ယူသော၊ ဟိရံမင်း၏သင်္ဘောများဖြင့် နံ့သာသား၊ ကျောက်မျက်များစွာကိုလည်း တင်ဆောင်ခဲ့သည်နှင့်အညီ ဗိမာန်တော်၊ နန်းတော်၊
12 လက်ရန်းများကိုလည်းကောင်း၊ အညိမ့်တော်တို့တီးရန် စောင်းတယောများကိုလည်းကောင်း၊ ဘုရင်မင်းလုပ်စေ၏။ ဤမျှလောက်ကောင်းသော နံ့သာသားသည် ယနေ့တိုင်မပေါ်မရောက်ချေ။
13 လက်တော်ဖြင့် ရှောလမုန်မင်းပေးသောလက်ဆောင်တော့်ပြင်၊ ရှေဘဘုရင်မလိုသမျှ တောင်းတိုင်းပေးလိုက်ပြီးမှ ဘုရင်မသည် ကျေးကျွန်သင်းပင်းနှင့်တကွ ကိုယ့်ပြည်သို့ပြန်သွားလေ၏။
14-15 ကူးသန်းရောင်းဝယ်သောကုန်သည်တို့ထံမှ အမြတ်တော်ကြေးနှင့် အာရပ်စော်ဘွားတို့၊ ဝန်မင်းရှိသမျှတို့ထံမှ အခွန်တော်များပြင် ရှောလမုန်မင်းထံနှစ်စဉ်ဆက်သွင်းရသောရွှေချိန်ကား ခွက်နှစ်သောင်းခန့်တည်း။
16 ရှောလမုန်မင်းသည် ရွှေချိန်ခြောက်ပိဿာစီ စီးသောဒိုင်းလွှားရှည်နှစ်ရာ
17 တစ်ပိဿာ့ငါးဆယ်စီ စီးသောဒိုင်းလွှားဝိုင်းသုံးရာများကို ထုလုပ်စေပြီးလျှင် လေဗနုန်တောခေါ် နန်းတော်တွင်ဆွဲထားလေ၏။
18 ဆင်စွယ်ဖြင့်ပြီးသော ရွှေစင်မွမ်းမဟာရာဇပလ္လင်တော်ကို တည်လုပ်သည်မှာ
19 လှေကားသဖွယ်အောက်ခြေခြောက်ဆင့်ထား၍ လခြမ်းသဏ္ဌာန်ပိတာန်ကြက်လျက် စံရာတော် ဝဲယာ၊ လက်ရုံးတန်းအနီး၊ ရပ်ဟန်ခြင်္သေ့နှစ်စီးပြင်၊
20 အခြေခြောက်ဆင့်ဝဲယာအစွန်းပေါ်တွင်လည်း ရပ်ဟန်ခြင်္သေ့ဆယ့်နှစ်စီးကိုတင်၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။
21 ရှောလမုန်မင်းသောက်တော်ဖလားများသည် ရွှေဖြင့်ပြီး၏။ လေဗနုန်တောခေါ်နန်းတော်ရှိ အသုံးအဆောင်ဟူသမျှလည်း ရွှေစင်ဖြင့်ပြီး၏။ ရှောလမုန်မင်းလက်ထက် ငွေကိုအရေးမယူ သည့်အတိုင်း၊ ငွေအသုံးအဆောင်တစ်ခုမျှမထား။
22 ဘုရင်မင်းသည် တာရှုသေင်္ဘာများကို ဟိရံမင်း၏သေင်္ဘာများနှင့်အတူ စေလွှတ်သည့်အတိုင်း သုံးနှစ်တစ်ကြိမ်၊ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကိုတင်ဆောင်ပြန်လာတတ်ကြ၏။
23 ထိုသို့ရှောလမုန်မင်းသည် မြေပေါ်ရှိဘုရင်တကာတို့ထက် ဉာဏ်ပညာ၊ စည်းစိမ်ချမ်းသာလွန်ကဲ၍
24 နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသော ဉာဏ်ပညာကို နာယူရန် မြေတစ်ပြင်လုံးမှ အဖူးအမြော်လာကြရာ
25 အသီးအသီးတို့သည် ရွှေထည်၊ ငွေထည်၊ အဝတ်ထည်၊ နံ့သာမျိုး၊ လက်နက်၊ မြင်း၊ လားများကို ပဏ္ဏာအဖြစ် နှစ်စဉ်ဆက်သကြ၏။
26 ရှောလမုန်မင်းလည်း စစ်ရထားနှင့်မြင်းစီးသူရဲများကို ဖွဲ့စည်းသည့်အလျောက် ရထား တစ်ထောင့်လေးရာ၊ မြင်းစီးသူရဲတစ်သောင်းနှစ်ထောင်တို့ကို ရထားထိန်းမြို့များ၌လည်းကောင်း၊ ယေရုရှလင်မြို့ အပါးတော်၌လည်းကောင်း၊ ထားလေ၏။
27 ဘုရင်မင်းသည် ယေရုရှလင်မြို့တွင်ငွေကို ကျောက်ခဲများနှင့်အမျှလည်းကောင်း၊ သစ်ကတိုးပင်များကို ရှဖေလာခရိုင်တွင် အလေ့ပေါက်ပိုးစာပင်များနှင့်အမျှလည်းကောင်း၊ ပွားများစေ၏။
28 ရှောလမုန်မင်းဖောက်ကားသည့်အတိုင်း အဝယ်တော်တို့သည် အိဂျစ်ပြည်မှရောက်လာသော မြင်းအုပ်များကို အဖိုးနှင့်အုပ်လိုက်ဝယ်ကြရာ၊
29 ရထားတစ်စီးလျှင် ငွေခြောက်ရာ၊ မြင်းတစ်စီးလျှင် ငွေတစ်ရာ့ငါးဆယ်၊ ရောင်းဝယ်လေ့ရှိ၏။ ဟိတ္တိမင်း၊ ရှုရိမင်းတို့လည်း အဝယ်တော်တို့လက်မှ ဝယ်ရကြ၏။