7
1 ရှောလမုန်မင်းသည် ကိုယ့်နန်းတော်ကို ဆယ့်သုံးနှစ်နှင့်အပြီးသတ်တည်ဆောက်ရာ
2 လေဗနုန်တောခေါ် နန်းတော်မှာ သစ်ကတိုးသားတိုင်စဉ်လေးတန်းကိုထူပြီးမှ ၎င်းအသားရက်မကပ်၍ အလျားအတောင်တစ်ရာ၊ အနံငါးဆယ်၊ အမြင့်သုံးဆယ်ရှိလျက်
3 တိုင်အထက်ဆင့် ကြားသုံးတန်းတွင် တစ်တန်းလျှင် ဆယ့်ငါးခန်းစီ၊ ပေါင်းလေးဆယ့်ငါးခန်း အပေါ်၌
4-5 သစ်ကတိုးပျဉ်ဖြင့် မိုးလေ၏။ သုံးတန်းတွင်လေသာပြူတင်း၊ တစ်ဘက်တစ်ချက်မျက်နှာချင်းဆိုင်ထားလျက် ပြူတင်းတိုင်းတံခါးဘောင်လေးထောင့်ခွေ၏။
6 အလျားအတောင်ငါးဆယ်၊ အနံသုံးဆယ်ရှိသော တိုင်စုခေါ်မုတ်ဆောင်ကိုလည်းလုပ်လျက် ၎င်းရှေ့ စနုဆောင်မျက်နှာစာတွင် မုတ်ရိုးထောက်တိုင်နှင့်တကွ စမြင်ခံလေ၏။
7 တရားပလ္လင်တည်၍ တရားစီရင်ရန် စမုတ်ဆောင်တော်လုပ်ရာ ကြမ်းခင်းမှမျက်နှာကြက်တိုင်အောင်၊ သစ်ကတိုးပျဉ်ဖြင့် ခင်းကာလျက်
8 ထိုစမုတ်ဆောင်အတွင်းရှိ တံတိုင်း၌ ကိုယ့်စံနန်းတော်ကိုလည်းကောင်း၊ ဖာရောမင်းသမီးတော် မိဖုရား ခေါင့်စံနန်းတော်ကိုလည်းကောင်း၊ စမုတ်ဆောင်နည်းတူ လုပ်လေ၏။
9 အပြင်နန်းမြို့ရိုးနှင့် တကွ ဆိုခဲ့သောအဆောင်တော်များကို အတွင်းအပြင် အမြစ်မှစ၍ ခေါင်တိုင်အောင် စနစ်အတိုင်းလွှဆွဲ၍ ဆစ်ပြီးကောင်းမွန်သောကျောက်များနှင့် တည်ဆောက်ရာအမြစ်ကား၊
10 ထုထည်ဆယ်တောင်၊ ရှစ်တောင်ရှိလျက် ကောင်းမွန်သောကျောက်ကြီးများတည်း။
11 အပေါ်၌လည်းသစ်ကတိုးသားနှင့်တကွ၊ စနစ်အတိုင်းဆစ်ပြီး ကောင်းမွန်သောကျောက်များဆင့်၏။
12 ပတ်လည်နန်းမြို့ရိုးကို ထာဝရဘုရား၏ဗိမာန်တော်၊ မုတ်ဆောင်တော်ရှိ၊ အတွင်းတံတိုင်းနည်းတူ ဆစ်ပြီးကျောက်သုံးရစ်၊ ရွေပြီးသစ်ကတိုးသားတစ်ရစ်ကျ ဆင့်တည်လေ၏။
13-14 ထိုနောက် နဿလိအနွယ်မုဆိုးမနှင့် တုရုမြို့နေ ပန်းတဉ်းဆရာတို့ရသောသား၊ ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်၊ အသိပညာနှင့်ပြည့်စုံလျက် ကြေးအလုပ်ကိုတတ်မြောက်သူဟိရံကို တုရုမြို့မှ ရှောလမုန်မင်းခေါ်သည့်အတိုင်း လာရောက်၍ ရှောလမုန်မင်းစီမံသမျှလုပ်ရသည်မှာ
15 အမြင့်ဆယ့်ရှစ်တောင်၊ လုံးပတ်ဆယ့်နှစ်တောင်ရှိသော ကြေးတိုင်နှစ်တိုင်ကိုလည်းကောင်း၊ တိုင်ထိပ်ပေါ်တွင်တင်ရန်
16 အမြင့်ငါးတောင်ရှိသော ကြေးတိုင်အုပ်နှစ်ခုကိုလည်းကောင်း၊
17 သွန်းလုပ်သည့်ပြင် တိုင်အုပ်နှစ်ခုပေါ်တွင်ချယ်လှယ်ရန် ရက်ကျစ်သောကွန်ချာ၊ ပန်းဆိုင်း မြိတ်တစ်စုံကိုလည်းကောင်း၊
18 အပေါ်ရှိတိုင်အုပ်ကိုပတ်ရစ်ရန် တိုင်အုပ်တစ်ခုလျှင် သလဲသီးပုံနှစ်ကုံးစီကိုလည်းကောင်း၊ လုပ်ရ၏။
19 မုတ်ဆောင်အနီးတိုင်ထက် အမြင့်လေးတောင်ရှိသော တိုင်အုပ်ကို ကြာပန်းအိုးသဏ္ဌာန် လုပ်လျက်
20 ကွန်ချာလွှမ်းသောတိုင်အုပ်ခါးလယ်တွင် တိုင်အုပ်တစ်ခုလျှင် လုံးရေနှစ်ရာရှိ သလဲသီးပုံအကုံးများကို ချယ်လယ်ပြီးနောက်
21 ထိုတိုင်နှစ်လုံးကို ဗိမာန်တော်မုတ်ဆောင်အနီး စိုက်ထား၍ လက်ျာတိုင်ကို ၁ 7.21 အနက်ကား၊ တည်မြဲေသာ။ယာခိန်၊ လက်ဝဲတိုင်ကို ၂ 7.21 အနက်ကား၊ ခိုင်ခံ့ေသာ။ဗောဇဟုသမုတ်လေ၏။
22 တိုင်ထိပ်ပေါ်တွင် ကြာပန်းအိုးသဏ္ဌာန်လုပ်သဖြင့်၊ အပြီးသတ်သတည်း။
23 အကျယ်ဆယ်တောင်၊ စောက်ငါးတောင်၊ လုံးပတ်သုံးဆယ်ရှိသော ကြေးရေကန်ကို သွန်းလုပ်ရာရေကန်အနားရစ်အောက်ပတ်လည်တွင်
24 တစ်ပြိုင်နက်သွန်းလုပ်သော တစ်တောင်လျှင် ဆယ်လုံးကျ အသီးပုံနှစ်တန်းပါလျက်
25 အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးဘက်တွင် တစ်ဖက်လျှင် သုံးကောင်ကျ နောက်ပိုင်း အတွင်း၊ မျက်နှာကားအပြင်သို့မူသော နွားရုပ်ဆယ့်နှစ်ကောင်ပေါ်မှာ တင်ထားလေ၏။
26 ကြာပွင့်ချပ်သဏ္ဌာန်၊ ဖလားအနားရစ်ပါလျက် ထုလက်တစ်ဝါးဖြစ်သော ထိုရေကန်၌ ရေချိန်ခွက် ငါးသောင်းဝင်ရှိ၏။
27 အလျားအနံလေးတောင်စီ၊ အမြင့်သုံးတောင်ရှိသော ကြေးအောက်ခံတစ်ဆယ်ကိုလုပ်သည်မှာ
28-29 ထောက်တိုင်ကြားရှိ ခါးထောက်တွင်လည်းကောင်း၊ ထောက်တိုင်အထက်ပိုင်းတွင်လည်းကောင်း၊ ခြင်္သေ့၊ နွား၊ ခေရုဗပုံများပါလျက် ၎င်းအောက်၌ပန်းဆိုင်းရှိ၏။
30 အောက်ခံတစ်ခုတွင် ကြေးဝင်ရိုးနှင့်ကြေးဘီးနှစ်စုံရှိလျက် ခြေလေးချောင်းအထက် ကြေးအင်တုံတင်ရန် ပန်းဆိုင်းချယ်လယ်သောကြေးခနောက်ကို သွန်းလုပ်၏။
31 ခနောက်လည်ဆစ်အဝင်၊ အထက်၊ အမြင့်တစ်တောင်၊ တစ်တောင့်ထွာပြွန်လုံးသဏ္ဌာန်ကြေးကရွတ်ကိုထား၍ ၎င်း၌ပန်းထုလျက်၊ စတုရန်းအထောက်အခံရှိ၏။
32 အထောက်အခံအောက်မှာ အမြင့်တစ်ထောင့်ထွာရှိသော ထိုဘီးနှစ်စုံ၏ဝင်ရိုးများသည် အောက်ခံအတွင်းတပ်ထားလျက်ရှိ၏။
33 ဘီးပုံကား၊ စစ်ရထားနှင့်တူလျက် ဝင်ရိုး၊ ထောက်၊ တကူ၊ ပုံတောင်းများပါ သွန်းလုပ်လေ၏။
34 အောက်ခံလေးထောင့်၊ တစ်ထောင့်တစ်ထောင့်၌ တစ်ဆက်တည်းသွန်းလုပ်သောခနောက်ရှိ၏။
35 အောက်ခံထိပ်တွင် အမြင့်တစ်ထွာရှိသော ကရွတ်ခွေရှိသည့်ပြင် တစ်ဆက်တည်းသွန်းလုပ်သော အထောက်အခံလည်းရှိ၏။
36 အထောက်အခံရှိအကွက်များ၌ ခေရုဗ၊ ခြင်္သေ့၊ စွံပလွန်ပင်ပုံများနှင့် ပတ်လည်ပန်းဆိုင်းကိုလည်း ထုလေ၏။
37 ထိုသို့စနစ်သဏ္ဌာန်လုံးရပ်တူစွာ အောက်ခံတစ်ဆယ်ကိုသွန်းလုပ်သတည်း။
38 အကျယ်လေးတောင်၊ ရေချိန်ခွက်နှစ်ထောင်ဝင်၊ ကြေးအင်တုံဆယ်လုံးကိုသွန်းလုပ်၍ အောက်ခံတစ်ခုတစ်ခုပေါ်တွင် တစ်လုံးစီတင်ထားလျက်၊
39 ဗိမာန်တော်တောင်ဘက်၌ငါးခု၊ မြောက်ဘက်၌ငါးခု၊ ထား၍ ရေကန်ကိုကား ဗိမာန်တော် အရှေ့တောင်ထောင့်၌ ထား၏။
40 အိုး၊ ကော်ပြား၊ ဖလားများကိုလည်း ဟိရံလုပ်ရ၏။
ရှောလမုန်မင်းအဖို့ ထာဝရဘုရား၏ဗိမာန်တော်တွင် ဟိရံပြုရသည်မှာတိုင်တစ်စုံ။
41 အိုးသဏ္ဌာန်တိုင်ထိပ်အုပ်တစ်စုံ၊ အိုးသဏ္ဌာန်တိုင်ထိပ်အုပ်ကို ဖုံးလွှမ်းရန် ကွန်ချာတစ်စုံ။
42 အိုးသဏ္ဌာန်တိုင်ထိပ်အုပ်နှစ်ခုကို ဖုံးလွှမ်းသောကွန်ချာအချယ်၊ သလဲသီးပုံနှစ်ကုံးစီ၊ လုံးရေလေးရာ။
43 အောက်ခံတစ်ဆယ် အပေါ်တင်အင်တုံတစ်ဆယ်၊ ရေကန်တစ်ကန်၊
44 အောက်ခံနွားရုပ်ဆယ့်နှစ်ကောင်၊
45 အိုး၊ ကော်ပြား၊ ဖလားများတည်းဟူသော ထာဝရဘုရား၏ဗိမာန်တော်အသုံးအဆောင်ရှိသမျှ ကို ရှောလမုန်မင်းအဖို့ ချွတ်ပြီးကြေးနှင့်လုပ်၍ အပြီးသတ်လေ၏။
46 မြေစေးရှိရာယော်ဒန်မြစ်ကမ်းပြင်၊ သုကုတ်မြို့နှင့် ဇာရတန်မြို့များကြားတွင်၊ ဘုရင်မင်းသွန်းလုပ်စေရာ
47 ကြေးချိန်မသိနိုင်အောင် အသုံးအဆောင်ကိရိယာတန်ဆာများပြား၍ ရှောလမုန်မင်း မချိန်မတွယ်ချေ။
48 ရှောလမုန်မင်းလည်း ပူဇော်ရာရွှေပလ္လင်တော်၊ ရှေ့တော်မုန့်တင်ရွှေစားပွဲတော်
49 အတွင်းခန်းရှေ့ဝဲယာနှစ်ဘက်၊ ရွှေပွင့်၊ ရွှေမီးခွက်များနှင့်ပြည့်စုံသော ရွှေစင်မီးခုံတော်ငါးခုစီ
50 ရွှေမီးကော်များ၊ ရွှေစင်ဖြင့် ပြီးသောလင်ပန်း၊ မီးညှပ်၊ ဖလား၊ ခွက်၊ မီးကျီးခံများ၊ အထူးသန့် ရှင်းရာဌာနတော်အတွင်းခန်းတံခါး၊ ဗိမာန်တော်ပြင်ခန်းတံခါးများအဖို့ ရွှေပတ္တာများတည်းဟူသော ထာဝရဘုရား၏ဗိမာန်တော်ရှိအသုံးအဆောင်ဟူသမျှကိုလုပ်စေလျက်
51 ဗိမာန်တော်အမှုကိုအပြီးသတ်ပြီးလျှင် ခမည်းတော်ဒါဝိဒ်မင်းသီးသန့်ထားခဲ့သော ရွှေ၊ ငွေ၊ အသုံးအဆောင်များကိုလည်း ထာဝရဘုရား၏ဗိမာန်တော်ဘဏ္ဍာတိုက်တွင် ဆောင်သွင်းသတည်း။