6
ရှောလမုန်မင်းသည် အိဂျစ်ပြည်မှ ဣသရေလအမျိုးသားတို့ထွက်သော သက္ကရာဇ်လေးရာ့ရှစ်ဆယ် နန်းစံလေးနှစ်၊ ဇိဖခေါ်ဒုတိယလတွင် ထာဝရဘုရား၏ဗိမာန်တော်ကိုစတည်၏။ ထာဝရဘုရားအဖို့ ရှောလမုန်မင်းတည်ဆောက်သော ဗိမာန်တော်ကား အလျားအတောင် ခြောက်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်အတောင်သုံးဆယ်တည်း။ ဗိမာန်တော်မျက်နှာစာမုတ်ဆောင်အလျားမှာ ဗိမာန်တော်အနံနှင့်အမျှ အတောင်နှစ်ဆယ်၊ မုတ်ဆောင်အနံကား ဆယ်တောင်ရှိ၏။ ဗိမာန်တော်လေသာပေါက်ကို ရာဇမတ်ကွက်လုပ်၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနံရံအပ ပတ်လည်၌ အခန်းငယ်သုံးဆင့်ကိုလုပ်ရာ ဗိမာန်တော်နံရံကိုမဖောက်ဘဲ ၎င်းနံရံတွင် ရက်မခံဖောင်းရစ်များကို လုပ်၍ အောက်ထပ် အနံငါးတောင်၊ အလယ်ထပ်အနံခြောက်တောင်၊ အပေါ်ထပ်အနံခုနစ်တောင်ရှိ၏။ ဗိမာန်တော်ကို တည်လုပ်သောအခါ ကျောက်တွင်းမှဆစ်ခဲ့ပြီး ကျောက်များနှင့်သာ တည်ဆောက်သောကြောင့် တူ၊ ပုဆိန်စသောသံလက်နက်များနှင့် ထုလုပ်သံမကြားချေ။ အောက်ဆင့်ခန်းသို့ဝင်ရန် တံခါးဝသည် ဗိမာန်တော်တောင်နံရံ၌ရှိ၏။ အလယ်ဆင့်၊ အထက်ဆင့်တိုင်အောင် ကြောင်လိမ်လှေကားဖြင့် တက်ရ၏။ ဗိမာန်တော်အမိုးကို သစ်ကတိုးဒိုင်းပျဉ်ဖြင့်မိုး၍၊ တည်ဆောက်မှုကိုအပြီးသတ်လေ၏။ 10 ဗိမာန်တော်ပတ်လည်တွင် တည်ဖွဲ့သောအခန်းဆင့်များကား အမြင့်ငါးတောင်စီရှိလျက် သစ်ကတိုးရက်မဖြင့် ဗိမာန်တော်ဖောင်းရစ်တွင်တင်လေ၏။
11 ရှောလမုန်မင်းသို့ ထာဝရဘုရား၏ဗျာဒိတ်တော်ရောက်လာသည်ကား 12 ယခုတည်နေသော ဗိမာန်တော်ကိုထောက်၍ သင်သည်ငါထုံးဖွဲ့ချက်အတိုင်းကျင့်ကြံခြင်း၊ ဆုံးဖြတ်ချက်အတိုင်း လိုက်နာခြင်း၊ မိန့်မှာချက်ဟူသမျှအတိုင်း စောင့်ရှောက်ကျင့်ကြံခြင်းများကိုပြုလျှင်၊ ငါလည်း၊ သင့်အဘဒါဝိဒ် အားပေးခဲ့သော ဗျာဒိတ်တော်ကိုအတည်ပြုလျက် 13 ဣသရေလလူမျိုးတော်ကိုမစွန့်ဘဲ ထိုအမျိုးသားတို့ဘောင်တွင် စံနေမည်ဟုမိန့်တော်မူ၏။
14 ရှောလမုန်မင်းသည် ဗိမာန်တော်ကိုတည်ဆောက်ပြီးစီးသည်မှာ 15 အောက်ခင်းမှထုပ်လျောက်တိုင်အောင် ဗိမာန်တော်အတွင်းနံရံများကို သစ်ကတိုးပျဉ်ဖြင့်ကာ၍ အောက်ခင်းကိုကား ထင်းရူးပျဉ်ဖြင့်ခင်းလေ၏။ 16 အထူးသန့်ရှင်းရာဌာနအဖြစ်၊ ဗိမာန်တော်နောက်ပိုင်း၊ အတောင်နှစ်ဆယ်ရှိ အတွင်းခန်းကို သစ်ကတိုးပျဉ်ဖြင့် ကာရံသည့်အလျောက် 17 ရှေ့ပိုင်းအပြင်ခန်းကား၊ အတောင်လေးဆယ်ရှိ၏။ 18 ဗိမာန်တော်အတွင်းပတ်လည်၌ ကျောက်မပေါ်အောင် အသီးအပွင့်ပုံချယ်လှယ်သော သစ်ကတိုးပျဉ်ဖြင့် ဖုံးကာလေ၏။ 19 ဗိမာန်တော်အတွင်းတွင် ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာထားရန် အတွင်းခန်းကိုဖွဲ့ရာ 20 အလျား၊ အနံ၊ အမြင့်၊ အတောင်နှစ်ဆယ်စီရှိသောဌာနကို ရွှေစင်ဖြင့်မွမ်းမံလျက် ပူဇော်ရာ ပလ္လင်တော်ကိုလည်း သစ်ကတိုးသားဖြင့်လုပ်လေ၏။ 21 အတွင်းခန်းထဲတွင် ရွှေစင်ဖြင့်မွမ်းမံလျက် ေရှိ့၌ရွှေကြိုးများကို သွယ်တန်း၍ 22 ၎င်းမှစသောဗိမာန်တော်အတွင်းဆောင်လုံး ရွှေအပြည့်မွမ်းမံလေ၏။ အတွင်းခန်းရှိပလ္လင်တော်ကိုလည်း ရွှေဖြင့်မွမ်းမံလေ၏။ 23 အတွင်းခန်းတွင် အမြင့်ဆယ်တောင်ရှိသော ခေရုဗနှစ်ပါးကို သံလွင်သားဖြင့်လုပ်ရာ 24 အတောင်တစ်ဘက်ငါးတောင်စီ၊ တစ်ဘက်ဖျားမှတစ်ဘက်ဖျားတိုင်အောင်ဆယ်တောင်ရှိ၏။ 25-26 အမြင့်ဆယ်တောင်စီရှိသည်ဖြစ်၍ ခေရုဗနှစ်ပါးလုံးအရပ်သဏ္ဌာန်တူညီသတည်း။ 27-28 ရွှေနှင့်မွမ်းမံသော ထိုခေရုဗတို့ကို အတွင်းခန်းတွင်ထားရာ ဖြန့်လျက်ရှိသောအတောင်ဖျား၊ တစ်ဘက်တစ်ချက်နံရံကိုမှီလျက်၊ အလယ်တွင်လည်း အတောင်ဖျားချင်းထိ၏။ 29 ဗိမာန်တော်အတွင်းခန်း၊ ပြင်ခန်း၊ နံရံများတွင် ခေရုဗ၊ စွံပလွန်ပင်၊ 30 ပန်းပွင့်ပုံများကို ထုလုပ်သည့်ပြင် ဗိမာန်တော်အတွင်းခန်း၊ ပြင်ခန်း၊ ကြမ်းကိုလည်း ရွှေဖြင့် မွမ်းမံလေ၏။ 31 အတွင်းခန်းသို့ဝင်ရန်၊ ငါးထောင့်ကုံးတံခါးဘောင်ခွေလျက်၊ သံလွင်သားတံခါးရွက်ကို လုပ်ပြီးလျှင် 32 ထိုသံလွင်သားတံခါးနှစ်ရွက်တွင် ခေရုဗ၊ စွံပလွန်ပင်၊ ပန်းပွင့်ပုံများကိုထုလုပ်၍ ၎င်းခေရုဗ၊ စွံပလွန်ပင်ပုံများပေါ်တွင် ရွှေဖြင့်မွမ်းမံလေ၏။ 33 ထိုနည်းတူ အပြင်ခန်းသို့ဝင်ရန် လေးထောင့်တံခါးဘောင်ကို သံလွင်သားဖြင့်ခွေလျက် 34 ခေါက်တံခါးရွက်တစ်စုံကို ထင်းရူးသားဖြင့်လုပ်ပြီးလျှင် 35 ခေရုဗ၊ စွံပလွန်ပင်၊ ပန်းပွင့်ပုံများကိုထုလုပ်၍ ရွှေဖြင့်ပုံလုံးပေါ်မွမ်းမံလေ၏။ 36 အတွင်းတံတိုင်းကိုလည်း ဆစ်ပြီးကျောက်သုံးရစ်၊ ေရွပြီးသစ်ကတိုးသားတစ်ရစ်ကျ၊ ဆင့်တည်လေ၏။ 37 နန်းစံလေးနှစ်၊ ဇိဖခေါ်လတွင် ထာဝရဘုရား၏ဗိမာန်တော်ကျောက်မြစ်ကိုချလျက် ခုနစ်နှစ်ပတ်လုံးတည်ဆောက်ရာ 38 နန်းစံဆယ့်တစ်နှစ်၊ ဗုလခေါ်အဌမလတွင် နမူနာပုံစံအတိုင်းအလုံးစုံပြီးစီးသတည်း။