5
ဒါဝိဒ်မင်းနှင့် အမြဲမဟာမိတ်ဖြစ်သူ၊ တုရုဘုရင်ဟိရံမင်းသည် ရှောလမုန်ကို ခမည်းတော် ဒါဝိဒ်မင်းအရိုက်အရာ၌ ရာဇဘိသိက်ဖြင့် ချီးမြှင့်ကြောင်း ကြား၍ ရာဇသံစေလွှတ်ရာ ရှောလမုန်မင်းက ဟိရံမင်းထံရာဇသံပြန်သည်ကား ခမည်းတော်ဒါဝိဒ်မင်းသည် ခြေဖဝါးအောက်သို့ရန်သူတို့ကို ထာဝရဘုရားနှိမ့်ချတော်မမူမချင်း ပတ်ဝန်းကျင်အရပ်ရပ် စစ်ရေးများအတွက် ကိုယ့်ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ ဗိမာန်တော်မတည်မဆောက်ခဲ့ရကြောင်းကို အကြည်တော်သိပါ၏။ ယခုမှာ ပတ်ဝန်းကျင်အရပ်ရပ်၌သာယာခွင့်ကို ကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူ သဖြင့် ရန်မူသူမရှိ၊ ဘေးအန္တရာယ်ကင်းသည်တစ်ကြောင်း၊ သင့်အရိုက်အရာ၊ သင့်ရာဇပလ္လင်ထက်၊ ငါတင်မြှောက်မည့်သင့်သားသည် ငါ့နာမအဖို့ ဗိမာန်တော်ကိုတည်ဆောက်ရလိမ့်မည်ဟု ခမည်းတော်ဒါဝိဒ်မင်းအား ထာဝရဘုရားဗျာဒိတ်ပေးတော်မူ သည်တစ်ကြောင်းများကြောင့် ကိုယ်ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ ဗိမာန်တော်ကို တည်ဆောက်ရန် ကျွန်ုပ်ကြံစည်ပါ၏။ လေဗနုန်တောရှိ သစ်ကတိုးသစ်များကို ကျွန်ုပ်အဖို့ခုတ်လုပ်ရန် အမှုထမ်းတို့အား အမိန့်ပေးပါ လော့။ အကြည်တော်ဆုံးဖြတ်ရာအခကို ပေးမည့်ပြင် ကျွန်ုပ်အမှုထမ်းတို့လည်း ကူညီစေပါမည်။ ဇိဒုန်လူမျိုးတို့အခုတ်အလုပ်ကျွမ်းကျင်သည့်နည်းတူ ကျွန်ုပ်တွင် ကျွမ်းကျင်သူမရှိကြောင်း အကြည်တော်သိပါသည်ဟု အမှာတော်သလိုက်လေ၏။ ရှောလမုန်မင်း၏အမှာတော်စကားကို ဟိရံမင်းကြားလျှင် ဤနိုင်ငံကြီးပေါ်တွင် ဒါဝိဒ်မင်းအစား ပညာရှိသောသားကိုပေးသနားတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိပါစေ သောဟု အားရဝမ်း​မြောက်လျက် ရှောလမုန်မင်းအား အကြည်တော်ပေးပို့သောအမှာတော်စကားကို ကျွန်ုပ်ကြားသိပါပြီ။ အလိုရှိ သောသစ်ကတိုးနှင့် ထင်းရူးသစ်ပါသယ်ပိုးပါမည်။ လေဗမုန်တောမှ ပင်လယ်သို့၊ ကျွန်ုပ်အမှုထမ်းတို့ထုတ်စေပြီးလျှင် အကြည်တော်စီမံသော ဆိပ်ကမ်းရောက် ပင်လယ်လမ်းဖြင့် ဖောင်ဖွဲ့မျှော၍ လုံးကောက်အပ်နှင်းပါစေမည်။ အကြည်တော်လည်း နန်းတော်သားတို့အဖို့ စားနပ်ရိက္ခာထောက်ရန် ကျွန်ုပ်အလိုရှိပါသည်ဟု ရာဇသံပြန်လွှတ်သည့်အတိုင်း 10 ဟိရံမင်းသည် ရှောလမုန်မင်းအလိုရှိသမျှသစ်ကတိုး၊ ထင်းရူးသစ်များကို ပေးပို့လေ၏။ 11 ရှောလမုန်မင်းလည်း ဟိရံမင်း၏နန်းတော်သားတို့အဖို့ တစ်နှစ်လျှင် ဂျုံဆန်တင်းရေနှစ်သိန်း၊ ထောင်းညှပ်၍ရသောဆီချိန်ခွက်ငါးထောင်၊ ရိက္ခာများကိုပေးပို့လေ၏။ 12 ထာဝရဘုရားသည် ဗျာဒိတ်တော်အတိုင်း ရှောလမုန်မင်းအား ပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့လည်း မဟာမိတ်ဖွဲ့၍ သင့်မြတ်ကြသတည်း။
13 ရှောလမုန်မင်းသည် ဣသရေလနိုင်ငံလုံးတွင် လမိုင်းအမှုထမ်းသုံးထောင်ကိုစီမံ၍ 14 တစ်လှည့်တစ်သောင်းစီ လေဗနုန်တောသို့ စေလွှတ်သည့်နှင့်အညီ တောတွင်တစ်လ၊ အိမ်တွင် နှစ်လနေရကြ၏။ လမိုင်းဝန်ကား အဒေါနိရံတည်း။ 15-16 အမှုအရေးကို လုပ်ဆောင်သူတို့အပေါ်တွင် ကြီးကြပ်ကြည့်ရှုရသောအကြီးအကဲ သုံးထောင်သုံးရာမှတစ်ပါး ကံကျွေးလူခုနစ်သောင်း၊ တောင်ပေါ်တွင် ကျောက်ဆစ်သမားရှစ်သောင်းတို့ကိုထားသည့်အလျောက် 17 ထိုသူတို့သည် ရှောလမုန်မင်းအမိန့်တော်အရ ဆစ်ပြီးကျောက်နှင့်ဗိမာန်တော်အမြစ်ချရန် ကောင်းမွန်သောကျောက်ကြီးများကို တူးေဖာ်ရကြ၏။ 18 ရှောလမုန်မင်း၊ ဟိရံမင်းတို့၏ ဗိသုကာများနှင့် ဂေဗလမြို့သား ဗိသုကာများလည်း ကျောက်များ၊ သစ်သားများကို ဗိမာန်တော်တည်ဆောက်ရန် ဆစ်ရွေပြင်ဆင်ကြလေ၏။