20
ရှုရိဘုရင် ဗင်္ဟာဒဒ်မင်းသည် ပဒေသရာဇ်မင်းသုံးကျိပ်နှစ်ပါးတို့နှင့် မြင်းတပ်၊ ရထားတပ်ပါ အလုံးအရင်းတို့ကို စုရုံးစေပြီးလျှင် ရှမာရိမြို့သို့ချီတက်ဝိုင်းဝန်းတိုက်ခိုက်လေရာ မြို့အတွင်း၊ ဣသရေလဘုရင်အာဟပ်မင်းထံ၊ ရာဇသံတို့ကိုစေလွှတ်မိန့်မှာသည်ကား သင့်ရွှေငွေ၊ သင်မြတ်နိုးသောမိဖုရား၊ သားတော်သမီးတော်များသည် ငါပိုင်ဖြစ်ပြီဟူသော ဗင်္ဟာဒဒ်မင်း၏အမိန့်တော်ကို ပြန်ကြားသော်၊ ဣသရေလဘုရင်က၊ အရှင်မင်းမြတ်၏အမိန့်တော်အတိုင်း ကျွန်တော်နှင့်ကျွန်တော်ပိုင်သမျှပါ အရှင်ပိုင်ဖြစ်ပါသည်ဟုလျောက်လိုက်၏။ ထပ်မံရာဇသံတို့လာရောက်၍ သင်ပိုင်ရွှေငွေ၊ မိဖုရား၊ သားတော်သမီးတော်များကို ငါ့ထံဆက်သရမည်ဟူသောအမိန့်တော်မှာ နက်ဖြန်ယခုအချိန်ငါ့ကျွန်တို့ကို စေလွှတ်ပြီးလျှင် သင့်နန်းတော်မှစ၍ သင့်ကျေးကျွန်သင်းပင်း တို့နေအိမ်များတွင် လျှောက်စစ်လျက် သင်နှစ်သက်သမျှကိုလက်ရွေးသိမ်းယူစေမည်ဟူသော ဗင်္ဟာဒဒ်မင်း၏အမိန့်တော်ကိုပြန်ကြားကြ၏။ ထိုအခါ ဣသရေဘုရင်သည် ပြည်လူကြီးအပေါင်းတို့ကိုခေါ်၍ ထိုမင်းရန်ရှာသည်ကို သိမှတ်ကြ လော့။ ရွှေငွေ၊ မိဖုရား၊ သားတော်သမီးတော်များကို တောင်းဆိုလိုက်ရာ ငါမငြင်းဟုမိန့်ဆိုသော် လူကြီးမှစ၍ ပရိသတ်လုံးက၊ နာယူဝန်ခံတော်မမူပါလင့်ဟု လျှောက်တင်ကြသည်နှင့်အညီ ဗင်္ဟာဒဒ်မင်း၏ရာဇသံတို့အား ဘုရင်မင်းက၊ အထက်အမိန့်ပါသမျှကို ကျွန်တော်နာခံသော်လည်း နောက်ထပ်အမိန့်တော်ကိုမနာခံနိုင်ပါဟု အရှင်မင်းမြတ်ထံလျှောက်တင်ရန်မှာလိုက်သည့်အတိုင်းရာဇသံတို့ပြန်သွားတင်လျှောက်ကြရာ 10 ဗင်္ဟာဒဒ်မင်းက၊ ရှမာရိမြို့ကြေမွသောအမှုန့်ကို ငါ့နောက်ပါသူတို့တစ်ယောက်တစ်ဆုပ်စီစေ့ငခဲ့လျှင် ဘုရားများတို့သည် ငါ့အပေါ်တွင်သာ၍အပြစ်စီရင်ပါစေသောဟုမှာလိုက်သော် 11 ဓားသိမ်းရသူကဲ့သို့ မသိမ်းရသေးသူမပလွှားသင့်ဟု ဣသရေလဘုရင်ပြန်ဆိုလေ၏။ 12 ထိုစကားကို ယာယီနန်းတွင် မင်းအပေါင်းတို့နှင့်သောက်စားလျက် နေသော ဗင်္ဟာဒဒ်မင်းကြားလျှင် စစ်ခင်းကြလော့ဟု ဗိုလ်မှူးတို့အားအမိန့်ထုတ်ဆင့်သည်အတိုင်း မြို့ရှေ့မှာ စစ်ခင်းကြလေ၏။
13 ထိုအခါ ဣသရေလဘုရင်အာဟပ်မင်းထံ ပရောဖက်တစ်ပါးချဉ်းလာ၍ ထာဝရဘုရားဗျာဒိတ်တော်ကို ဆင့်ဆိုသည်ကား ကြီးစွာသောထိုအလုံးအရင်းကို မြင်၏လော။ သင့်လက်သို့ယနေ့အပ် မည့်အလျောက် ငါသည်ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်ဟုဆင့်ဆိုလျှင် 14 အာဟပ်မင်းကလည်း၊ မည်သူ့လက်ဖြင့်ပါနည်းဟုမေးလျှောက်ရာ၊ အဝေးဝန်တို့၏အစေအပါများ လက်ဖြင့်တည်းဟု ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆင့်ဆိုပြန်သည့်ကာလ စတင်တိုက်ခိုက်ရ မည်ကား မည်သည့်ဘက်ကပါနည်းဟု မေးလျှောက်သော် 15 ဘုရားမင်းတည်းဟုဆင့်ဆိုသည်နှင့်အညီ အာဟပ်မင်းသည် အဝေးဝန်တို့၏အစေအပါနှစ်ရာ့ သုံးကျိပ်နှစ်ယောက်တို့ကိုစုရုံးပြီးမှ ဣသရေလအမျိုးရှိရဲမက်ပေါင်းခုနစ်ထောင်တို့ကိုလည်း စုဝေးစေ၏။ 16-17 မွန်းတည့်အချိန်၊ ဗင်္ဟာဒဒ်မင်းနှင့်တကွ ဝိုင်းညီသောမင်းသုံးကျိပ်နှစ်ပါးတို့ပါ ယာယီ နန်းတွင် သောက်စားယစ်မူးလျက် နေကြစဉ်ပင်၊ အဝေးဝန်တို့၏အစေအပါများတပ်ဦးချီထွက် ကြသည့်ကာလ ရှမာရိမြို့တွင်းမှ လူများထွက်လာကြပါသည်ဟု ဗင်္ဟာဒဒ်မင်းစေခိုင်းသူတို့ တင်လျှောက်ကြသောအခါ မိတ်ဖွဲ့ရန်လာသည်ဖြစ်စေ၊ 18 ရန်မူရန်လာသည်ဖြစ်စေ လက်ရဖမ်းကြလော့ဟုမိန့်ဆိုလေ၏။ 19 ထိုသို့အဝေးဝန်တို့၏အစေအပါများသည် နောက်ထပ်အလုံးအရင်းနှင့်တကွ၊ 20 မြို့တွင်းမှချီထွက်လျက် အသီးအသီးတစ်ယောက်ကျ လုပ်ကြံသဖြင့် ရှုရိတပ်ပျက်ပြေးကြရာ၊ ဣသရေလတပ်သားတို့လိုက်ကြ၏။ ရှုရိဘုရင်ဗင်္ဟာဒဒ်မင်းမူကား မြင်းစီးလျက် မြင်းစီးသူရဲအချို့ နှင့်ထွက်ပြေး၍ လွတ်လေ၏။ 21 ဣသရေဘုရင်လည်း မြင်းတပ်၊ ရထားတပ်များကိုချီထွက်ဖျက်ဆီးလျက် ရှုရိတပ်ကိုအပြင်း အထန်လုပ်ကြံသတ်ဖြတ်ပြီးနောက် ဆိုခဲ့သောပရောဖက်သည် 22 ဣသရေလဘုရင့်ထံချဉ်းကပ်ပြီးလျှင် နှစ်ဦးသမယတိုင်ရောက်သောအခါ စစ်တိုက်ရာ ရှုရိဘုရင်ချီလာဦးမည်ဖြစ်၍ ခိုင်လုံအောင်သတိနှင့်စီမံလော့ဟု နှိုးဆော်လေ၏။
23 ရှုရိဘုရင့်ကျေးကျွန်တို့ကလည်း သူတို့ဘုရားသည်တောင်ကိုအစိုးရသောဘုရားဖြစ်၏။ ငါတို့ကို နိုင်ကြပေ၏။ လွင်ပြင်၌တိုက်ရလျှင်မူကား ငါတို့မုချနိုင်ကြလိမ့်မည်။ 24 မင်းတို့ကိုချန်လှပ်၍ သူတို့နေရာ၌ဗိုလ်မှူးများကို တင်ထားတော်မူလျက် 25 ကျဆုံးသောအလုံးအရင်းနှင့်အမျှ မြင်းအစားမြင်း၊ ရထားအစားရထား၊ အလုံးအရင်းဖြည့် စွက်တော်မူပါ။ လွင်ပြင်၌တိုက်ရလျှင် ကျွန်တော်တို့မုချနိုင်ပါလိမ့်မည်ဟု လျှောက်တင်ကြသောစကားကို လိုက်နာစီရင်လေ၏။ 26 ဗင်္ဟာဒဒ်မင်းသည်နှစ်ဦးအခါသမယတွင် ရှုရိဗိုလ်ထုကိုစုရုံးစေပြီးမှ ဣသရေလလူမျိုးတို့နှင့်တိုက်ခိုက်ရန် အာဖက်မြို့သို့ချီသွား၏။ 27 ဣသရေလအမျိုးသားတို့လည်း စားနပ်ရိက္ခာအစုံနှင့် စုရုံးလျက်ဆီးဆို့ရန် ချီထွက်ကြရာ ပြည်လုံးနှံ့သောရှုရိတပ်တို့ရှေ့တွင် ဆိတ်အုပ်နှစ်စုမျှသဖွယ်စွဲရပ်ကြ၏။ 28 ထိုအခါ ဘုရားသခင့် လူယုံတော်သည် ဣသရေလဘုရင့်ထံချဉ်းကပ်ပြန်၍ ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ဆင့်ဆိုသည်ကား ရှုရိလူမျိုးတို့က၊ ထာဝရရားသည် လွင်ပြင်ကိုအစိုးမရ၊ တောင်ကိုသာအစိုးရသောဘုရားဖြစ်သည်ဟု ဆိုကြသောကြောင့် ကြီးစွာသောထိုအလုံးအရင်းကိုသင့်လက်သို့ အပ်ဦးမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြမည်ဟု ဆင့်ဆိုလေ၏။ 29 ခုနစ်ရက်တိုင်တိုင်၊ တပ်နှစ်သွယ်ရင်ဆိုင်စွဲလျက် သတ္တမနေ့၌ စစ်တိုက်ကြရာ၊ ဣသရေလ အမျိုးသားတို့သည် ရှုရိခြေသည် တစ်သိန်းကိုနေ့ချင်းလုပ်ကြံသဖြင့်၊ 30 ကြွင်းသောတပ်သားတို့သည် အာဖက်မြို့ရောက်ပြေးခိုကြလျှင် လူနှစ်သောင်းခုနစ်ထောင်တို့ အပေါ်သို့ မြို့ရိုးပြိုလဲလေ၏။ ဗင်္ဟာဒဒ်မင်းလည်း မြို့တွင်းရှိအိမ်အတွင်းခန်းသို့ပြေးခိုသော်၊ 31 ကျေးကျွန်သင်းပင်းတို့က၊ ဣသရေလအမျိုးသားဘုရင်မင်းများသည် သနားတတ်ကြောင်း၊ ကျွန်တော်တို့ကြားရပါသည်။ ကျွန်တော်တို့သည် လျှော်တေဝတ်လျက် လည်တွင်ကြိုးကွင်းစွပ်လျက်၊ ဣသရေလဘုရင့်ထံတိုးလျှိုးခွင့်ပြုတော်မူပါ။ အသက်တော်ကိုချမ်းသာပေးကောင်းပေးပါလိမ့်မည်ဟု လျှောက်တင်သည့်အတိုင်း 32 လျှော်တေဝတ်လျက် လည်တွင်ကြိုးကွင်းစွပ်လျက် ဣသရေလဘုရင့်ထံ တိုးလျှိုးပြီးလျှင် ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က အသက်ကိုချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းနှင့် လျှောက်တင်ကြသော်၊ ငါ့နောင်တော်အသက်ရှင်သေးသလောဟုမေးရာ 33 နိမိတ်ကောင်းစကားဟု ရုတ်ခြည်းထင်မှတ်လျက် အရှင့်နောင်တော်ဗင်္ဟာဒဒ်ပါတည်းဟု လျှောက်တင်ကြ၏။ သွား၍ခေါ်ကြလော့ဟူသော အမိန့်တော်နှင့်အညီ ဗင်္ဟာဒဒ်မင်းရောက်လျှင် ရထားတော်ထက်သို့ တက်ခွင့်ရပြီးနောက် 34 အရှင့်ခမည်းတော်လက်မှ ကျွန်တော့်ခမည်းတော်ယူထားသောမြို့များကို ပြန်ဆက်ပါ့မည်ပြင် ရှမာရိမြို့တွင်း၌ ရှုရိရပ်ကွက်ကို ကျွန်တော့်ခမည်းတော်သတ်မှတ်ခဲ့သည့်နည်းတူ အရှင်လည်း ဒမာသက်မြို့တွင်း၌ ဣသရေလရပ်ကွက်သတ်မှတ်တော်မူပါဟုဆိုရာ ဣသရေလဘုရင်က၊ ထိုသို့သစ္စာမိတ်ဖွဲ့ခဲ့လျှင် လွှတ်လိုက်မည်ဟုဆို၍ သစ္စာမိတ်ဖွဲ့လျက်လွှတ်လိုက်လေ၏။
35 ပရောဖက်ဂိုဏ်းသားတစ်ပါးက၊ ငါ့ကိုရိုက်နှက်ပါလော့ဟု ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း အပေါင်းအေဖာ်အားဆိုသော် 36 မရိုက်လိုပါဟု ငြင်းဆိုသည်နှင့် ထိုပရောဖက်က၊ ထာဝရဘုရား၏အမိန့်တော်ကို မနာယူသောကြောင့်၊ ငါ့ထံမှသွားစဉ်တွင် ခြင်္သေ့ကိုက်သတ်တော့မည်ဟုဆိုသည့်အရ၊ ထိုသူသွားစဉ်တွင် ခြင်္သေ့တွေ့၍ကိုက်သတ်လေ၏။ 37 ထိုပရောဖက်သည် အခြားသူ့ကိုတွေ့သဖြင့် ငါ့ကိုရိုက်နှက်ပါလော့ဟု ဆိုပြန်သည်နှင့်အညီ နာကျင်စွာအရိုက်အနှက်ခံပြီးမှ 38 မျက်ခုံးပေါ်တွင် အဝတ်ပတ်စည်း၍ အသွင်ပြောင်းလျက် လမ်းတွင်ဘုရင်မင်းကို ငံ့လင့်ရန် သွားလေ၏။ 39 ဘုရင်မင်းထွက်လာရာ ထိုပရောဖက်က၊ ကျွန်တော်မျိုးစစ်တိုက်မည်ပြုစဉ်တွင် စစ်ပွဲမှထွက်လာသူတစ်ဦးသည် သုံ့ဘမ်းသူတစ်ယောက်ကို ကျွန်တော့်ထံအပ်၍ ထိုသူ့ကိုစောင့်ထိန်းလော့။ ပျောက်လျှင် သူ့အသက်အစားသင့်အသက်သော်လည်းကောင်း၊ ငွေချိန်ခွက်သုံးဆယ်သော်လည်းကောင်း၊ လျော်ရမည်ဟု ထားခဲ့သော်လည်း 40 ကျွန်တော်မျိုး၌အရပ်ရပ်အမှုများပြားသည့်အတွက် ထိုသူပျောက်ပါသည်ဟု ဟစ်ကြွေးလျှင် ဣသရေလဘုရင်က၊ ထိုအတိုင်းသင်ခံရမည်။ သင့်ကိုယ်တိုင်ဆုံးဖြတ်လေပြီဟု မိန့်ဆိုရာ 41 ပရောဖက်သည် ပတ်စည်းသောအ၀တ်ကိုရုတ်ခြင်းဖြည်သဖြင့် ပရောဖက်ဖြစ်ကြောင်း ဣသရေလဘုရင်သိမြင်လေ၏။ 42 ပရောဖက်ကလည်း ငါမြေလှန်ခဲ့သူ့ကိုသင်လွှတ်လိုက်သည့်အတွက် သူ့အသက်အစားသင့်အသက် သူ့ဗိုလ်ထုအစား သင့်ဗိုလ်ထုခံရမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုသော်၊ 43 ဣသရေလဘုရင်သည် စိတ်မျက်ငြိုငြင်စွာ ရှမာရိမြို့နန်းတော်သို့ ဝင်သွားလေ၏။