21
1 ထိုနောက် ယေဇရေလမြို့တွင် ၄င်းမြို့သားနာဗုတ်ပိုင်စပျစ်ခြံသည် ရှမာရိဘုရင်အာဟပ်မင်းစံ နန်းတော့်အနီးတွင် ရှိသည်ဖြစ်၍
2 အာဟပ်မင်းက၊ သင့်ခြံသည် နန်းတော်နှင့်နီးစပ်သောကြောင့်၊ ယာခင်းတော်လုပ်ရန်ဆက်သလော့။ သာ၍ကောင်းသောခြံကိုဖြစ်စေ၊ တန်ဖိုးကိုဖြစ်စေ၊ သင်အလို ရှိရာပေးမည်ဟု နာဗုတ်အားဆိုလျှင်
3 နာဗုတ်က၊ ဘိုးဘပိုင်မြေကိုဆက်သရန် ကျွန်တော်နှင့်ကင်းဝေး ပါစေသောဟုပြန်လျှောက်ရာ
4 ဘိုးဘပိုင်မြေကို မဆက်လိုဟု ယေဇရေရလမြို့သား နာဗုတ်ငြင်းဆိုသောကြောင့် အာဟပ်မင်းသည် စိတ်မျက်ငြိုငြင်စွာနန်းတော်သို့ဝင်ပြီးလျှင် ပွဲတော်မတည်။ သာလွန်ပေါ်တွင် မျက်နှာမပေးဘဲ လျောင်းနေလေ၏။
5 မိဖုရားယေဇဗေလသည်ဝင်လာ၍ ပွဲတော်မတည်နိုင်အောင် အဘယ်ကြောင့်စိတ်တော် ငြိုငြင်ရပါသနည်းဟု မေးလျှောက်ရာ
6 ယေဇရေလမြို့သား နာဗုတ်ကိုခေါ်၍ သင့်စပျစ်ခြံကို တန်ဖိုးနှင့်ဖြစ်စေ၊ ခြံစားနှင့်ဖြစ်စေ၊ ဆက်သလော့။ အလိုရှိရာငါပေးမည်ဆိုသော်လည်း ထိုခြံကိုမဆက်လိုကြောင်း ငြင်းပယ်သည့်အတွက် ဖြစ်သည်ဟုမိန့်ဆိုသော်၊
7 မိဖုရားယေဇဗေလက၊ ကိုယ်တော်သည် ဣသရေလနိုင်ငံရှင်ဟုတ်ပါ၏လော။ ရွှင်လန်းသော စိတ်နှင့်ထ၍ပွဲတော်တည်ပါလော့။ ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို ကျွန်မဆက်သပါမည်ဟု တင်လျှောက်ပြီးနောက်
8 အာဟပ်မင်းတံဆိပ်၊ အမည်တော်ဖြင့်စာရေး၍ နာဗုတ်နေသောမြို့ရှိမှူးမတ်နှင့် လူကြီးများထံ ပို့လိုက်လေ၏။
9 အမိန့်တော်စာကား၊ အစာရှောင်ရာနေ့ကို ကြော်ငြာလျက်၊ ပရိသတ်အထက်၌နာဗုတ်ကို တင်ထားစေ။
10 သူ့ရှေ့တွင် တရားမဲ့သူနှစ်ယောက်ကိုထား၍ ဘုရားသခင်နှင့်ဘုရင်မင်းကို သင်ပုတ်ခတ်လေပြီဟု သက်သေခံစေပြီးမှ ထုတ်၍ခဲပစ်သတ်ဒဏ်ခတ်ကြလော့ဟူသတည်း။
11 ယေဇဗေလပေးလိုက်သောအမိန့်တော်စာပါသည့်အတိုင်း နာဗုတ်နေသောမြို့ရှိမှူးမတ်နှင့် လူကြီးတို့ပြုကြသည်မှာ
12 အစာရှောင်ရာနေ့ကိုကြော်ငြာလျက် ပရိသတ်အထက်၌ နာဗုတ်ကိုတင်ထားပြီးလျှင်
13 တရားမဲ့သူနှစ်ယောက်ဝင်လာ၍ သူ့ရှေ့တွင်ထိုင်လျက် ဘုရားသခင်နှင့်ဘုရင်မင်းကို နာဗုတ် ပုတ်ခတ်လေပြီဟု လူပရိသတ်ရှေ့သက်သေခံချက်အရ မြို့ပြင်သို့ထုတ်၍ ခဲပစ်သတ်ဒဏ်ခတ်ကြ၏။
14 ထိုအခါ ခဲပစ်ဒဏ်ဖြင့် နာဗုတ်သေကြောင်း မိဖုရားယေဇဗေလထံေလျှာက်ကြားလိုက်သည့် အတိုင်း
15 ယေဇဗေလကြားသိသော်၊ တန်ဖိုးနှင့်မဆက်လိုသောယေဇရေလမြို့သား နာဗုတ်၏စပျစ်ခြံကို ထ၍သိမ်းယူတော်မူပါ။ နာဗုတ်ကွယ်လွန်၍သေဆုံးပါပြီဟုလျှောက်၏။
16 နာဗုတ်သေလွန်ကြောင်း အာဟပ်မင်းကြားလျှင် ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် ထသွားလေ၏။
17 ထိုအခါ တိရှဘိမြို့သားဧလိယသို့ ထာဝရဘုရား၏ဗျာဒိတ်တော်ရောက်လာသည်မှာ
18 ရှမာရိမြို့နေ ဣသရေဘုရင်အာဟပ်မင်းကို တွေ့ဆုံရန် ထသွားလော့။ သူသည်နာဗုတ်၏ စပျစ်ခြံကိုသိမ်းယူရန်သွားရောက်လေပြီ။
19 သင်ကလည်း၊ လူကိုကွပ်မျက်၍ဥစ္စာကိုသိမ်းယူပြီလောဟူ၍လည်းကောင်း၊ နာဗုတ်၏အသွေးကို ခွေးများလျက်ကြရာအရပ်၌ပင်၊ သင့်အသွေးကိုလည်းလျက် ကြလိမ့်မည်ဟူ၍လည်းကောင်း၊ ငါထာဝရဘုရား မိန့်တော်မူကြောင်း ဆင့်ဆိုလော့ဟူသော ဗျာဒိတ်တော်နှင့်ရောက်သော်၊
20 အာဟပ်မင်းက၊ အချင်းရန်သူ၊ ငါ့ကိုတွေ့ပြီလောဟုဆိုလျှင် ဧလိယက၊ ငါတွေ့ရပြီ။ သင်သည် ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကို ပြုလို၍ ကိုယ်ကိုရောင်းလေပြီဖြစ်သောကြောင့်
21 သင်အာဟပ်၌ ကျွမ်းလောင်ရာဘေးကို ငါသင့်စေလျက် ဣသရေလနိုင်ငံတွင် အာဟပ်နှင့်တော်စပ်သူ အကျဉ်းသား၊ အလွတ်သား၊ ယောက်ျားဟူသမျှကိုသုတ်သင်လျက်
22 ငါ့အားအမျက်တော်တိုက်သောကြောင့်လည်းကောင်း၊ ဣသရေလအမျိုးကိုပြစ်မှားစေသောကြောင့်လည်းကောင်း၊ သင့်အမျိုးအနွယ်ကို နေဗတ်သားယေရောဗောင်မင်းမျိုးနှင့် အဘိယသားဗာရှာမင်းမျိုးကဲ့သို့ဖြစ်စေ လျက်
23-24 မြို့တွင်းသေအလောင်းများမှာ ခွေးစာ၊ မြို့ပြင်သေအလောင်းများကို ငှက်စာဖြစ်စေမည်ဟူ၍လည်းကောင်း၊ ယေဇဗေလကိုရည်သောအမိန့်ကား၊ ယေဇရေလမြို့ရိုးအနီး၊ သူ့အလောင်းကိုခွေးများစားကြလိမ့်မည်ဟူ၍လည်းကောင်း၊ ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုလေ၏။
25 မိဖုရားယေဇဗေလတိုက်တွန်းသည့်အလျောက် ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကို ပြုလို၍ ကိုယ်ကိုရောင်းသောအာဟပ်မင်းနှင့်တူသူမရှိချေ။
26 ဣသရေလလူမျိုးရှေ့မှ၊ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိအမျိုးသားတို့ပြုသမျှ အတိုင်း ရုပ်ပွားဆင်းတုနောက်သို့လျှောက်လိုက်လျက် စက်ဆုပ်ရွံရှာဖွယ်အမှုကိုလည်း ပြုလေ့ရှိ၏။
27 သို့ရာတွင် ဗျာဒိတ်တော်ကိုကြားလျှင် အာဟပ်မင်းသည် ဝတ်လဲတော်ဆုတ်ခြင်း၊ လျှော်တေဝတ်ခြင်း၊ အစာရှောင်ခြင်း၊ လျှော်တေခင်း၍ အိပ်ခြင်းများကိုပြုလျက် ဖြည်းညှင်းစွာသွားလာသဖြင့်
28 တိရှဘိမြို့သားဧလိယထံ ထာဝရဘုရား၏ဗျာဒိတ်တော်ရောက်ပြန်သည်ကား
29 အာဟပ်သည် ငါ့ရှေ့တွင် နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့နှိမ့်ချသည့်အတွက် ဆိုခဲ့သောဘေးဒဏ်ကို သူ့လက်ထက်၌ ငါသင့်စေမည်မဟုတ်။ သားလက်ထက်၊ သူ့အမျိုးအနွယ်ပေါ်တွင် သင့်ရောက်စေမည်ဟု မိန့်တော်မူ၏။