19
ပရောဖက်အပေါင်းတို့အား၊ ဓားဖြင့် ကွပ်မျက်သောအမှုမှစ၍ ဧလိယပြုသမျှကို အာဟပ်မင်းသည် ယေဇဗေလထံကြားပြောလျှင် ယေဇဗေလသည် ခြေလျင်စေ၍ နက်ဖြန်ယခုအချိန်ရောက်သော် ထိုပရောဖက်တို့အသက်ကဲ့သို့ သင့်အသက်ကိုငါမဖြစ်စေလျှင် ဘုရားများတို့သည် ငါ့အပေါ်တွင်သာ၍အပြစ်စီရင်ပါစေသောဟု ဧလိယထံအမှာတော်ရောက်သည်နှင့် ဧလိယကြောက်ရွံ့သဖြင့် ယုဒနယ်၊ ဗေရရှေဘမြို့ရောက်၊ သေဘေးလွတ်ရန်ထသွား၍ ထိုမြို့တွင်ငယ်သားကို ထားခဲ့ပြီးလျှင် သဲကန္တာရသို့တစ်ရက်ခရီးသွားလျက် ချုံရိပ်တွင် ထိုင်၍ အိုထာဝရဘုရား ညီးငွေ့ပါပြီ။ အကျွန်ုပ်အသက်ကိုရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက်မမြတ်ပါဟု သေဆုကိုတောင်းလျှောက်ပြီးသော် ချုံရိပ်တွင်ပင် အိပ်ပျော်လေ၏။ ထိုအခါ စေတမန်တော်တစ်ပါးက၊ ထစားလော့ဟု တို့၍ဆိုသည့်အတိုင်း ဧလိယကြည့်ရာ ခေါင်းရင်း၌ ကင်ပြီးမုန့်လုံးနှင့် ရေဘူးကိုမြင်သဖြင့် စားသောက်ပြီးမှ အိပ်ပြန်လေ၏။ ထာဝရဘုရား၏စေတမန်တော်လာပြန်၍ တို့လျက်၊ အားကုန်လောက်အောင်ခရီးရှည်သော ကြောင့် ထစားဦးလော့ဟု ဆိုသည့်အလျောက် နိုးထစားသောက်ပြီးလျှင်၊ ထိုအစာဖြင့် အားပြည့်လျက် ဟောရပ်ခေါ် ဘုရားသခင့်တောင်တော်ရောက် အရက်လေးဆယ်နေ့ညဉ့်ပတ်လုံးသွားပြီးမှ ဥမင်ထဲသို့ဝင်၍တည်းခိုလေ၏။ ထိုအခါ ထာဝရဘုရား၏ဗျာဒိတ်တော်ရောက်လာသည်ကား ဧလိယ ဤအရပ်သို့အဘယ်ကြောင့် သင်ရောက်လာသနည်းဟု မေးတော်မူရာ 10 ဧလိယက၊ အကျွန်ုပ်သည် ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင့်အတွက် အလွန်မရှုစိတ်ပါပြီ။ အသို့ဆိုသော် ဣသရေလအမျိုးသားတို့သည် ပဋိညာဉ်တရားတော်ကိုစွန့်ပယ်၍ ပူဇော်ရာပလ္လင်တော် များကိုဖြိုဖျက်လျက် ပရောဖက်တော်များကို ဓားဖြင့် ကွပ်မျက်ကြပါပြီ။ တစ်ယောက်တည်းကျန်သော အကျွန်ုပ်အသက်အန္တရာယ်ကိုပင် ရှာကြံကြပါသည်ဟု လျှောက်သော် 11 ထွက်၍၊ ထာဝရဘုရားရှေ့၊ တောင်ပေါ်တွင်ရပ်နေေလာ့ဟု မိန့်တော်မူ၏။ ထာဝရဘုရားကြွချီ တော်မူရာ ပြင်းထန်သောလေမုန်တိုင်းသည် ရှေ့တော်မှတောင်များကိုခွဲ၍ ကျောက်ငူများကို ချိုးဖဲ့၏။ သို့ရာတွင် မုန်တိုင်း၌ထာဝရဘုရားပါတော်မမူ၊ မုန်တိုင်းနောက်မြေလှုပ်၏။ မြေလှုပ်ခြင်း၌လည်း ထာဝရဘုရားပါတော်မမူ။ 12 မြေလှုပ်ခြင်းနောက်မီးလျှံပေါ်၏။ မီးလျှံ၌လည်း ထာဝရဘုရားပါတော်မမူ။ မီးလျှံနောက် သဲ့သဲ့အသံထွက်သည်ကို ဧလိယကြားလျှင် 13 မျက်နှာကိုသင်္ကန်းနှင့်အုပ်လျက် ဥမင်ဝသို့ထွက်၍ရပ်နေရာ၊ ဧလိယ ဤအရပ်သို့အဘယ်ကြောင့် သင်ရောက်လာသနည်းဟူသော မြွက်တော်မူသံကို ကြားသော်၊ 14 ဧလိယက၊ အကျွန်ုပ်သည် ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင့်အတွက် အလွန်မရှုစိတ်ပါပြီ။ အသို့ဆိုသော်၊ ဣသရေလအမျိုးသားတို့သည် ပဋိညာဉ်တရားတော်ကိုစွန့်ပယ်၍ ပူဇော်ရာပလ္လင်တော်များကို ဖြိုဖျက်လျက် ပရောဖက်တော်များကို ဓားဖြင့်ကွပ်မျက်ကြပါပြီ။ တစ်ယောက်တည်းကျန်သောအကျွန်ုပ်အသက်အန္တရာယ်ကိုပင် ရှာကြံကြပါသည်ဟု လျှောက်သော်၊ 15 ထာဝရဘုရားက၊ ဒမာသက်သဲကန္တာရလမ်းဖြင့်ပြန်သွား၍ ရောက်သောအခါ ဟာဇေလကို ရှုရိလူမျိုးအပေါ်တွင် ဘုရင်အဖြစ် ဘိသိက်သွန်းလော့။ 16 နိမ်ရှိသား ယေဟုကို ဣသရေလအမျိုးအပေါ်တွင် ဘုရင်အဖြစ်ဘိသိက်သွန်းလော့။ အာဗေလ မဟောမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စားပရောဖက်အဖြစ် ဘိသိက်သွန်းလော့။ 17 သို့ပြုလျှင် ဟာဇေလဓားနှင့်လွတ်သူတို့ကို ယေဟုကွပ်မျက်လိမ့်မည်။ ယေဟုဓားနှင့်လွတ်သူတို့ကိုလည်း ဧလိရှဲကွပ်မျက်လိမ့်မည်။ 18 သို့ရာတွင် ဗာလနတ်ရှေ့၌ ဒူးထောက်ခြင်း၊ နမ်းရှုပ်ဦးညွတ်ခြင်း၊ ကင်းသူ ဣသရေလအမျိုးသားခုနစ်ထောင်တို့ကို ငါ့အဖို့ကြွင်းစေလိမ့်မည်ဟု မိန့်တော်မူ၏။
19 ဧလိယသည် ထိုအရပ်မှသွား၍ ထယ်ထိုးသောနွားဆယ့်နှစ်ရှဉ်းအနက် နောက်ဆုံးထိုးသူရှာဖတ်သားဧလိရှဲကိုတွေ့မြင်ရာ အနီးသို့ရောက်လျှင် ကိုယ့်သင်္ကန်းကို သူ့အပေါ်သို့ပစ်တင်လိုက်သော်၊ 20 ဧလိရှဲသည် နွားကိုစွန့်၍ ဧလိယနောက်သို့ အသော့လိုက်လျက် မိဘတို့ကိုနမ်းရှုပ်ပါရစေ။ ပြီးမှ နောက်တော်သို့လိုက်ပါမည်ဟု အခွင့်တောင်းရာ ဧလိယက သင်၌မည်သို့ငါပြုဘိသနည်း။၊ ပြန်သွား လော့ဟုဆိုလျှင် 21 ဧလိရှဲပြန်သွား၍ ကိုယ့်နွားတစ်ရှဉ်းကိုစီရင်လျက် ထယ်ကိရိယာများနှင့်ချက်၍ လုပ်သားတို့အား ကျွေးပြီးမှ ဧလိယနောက်သို့ လိုက်လျက်တပည့်ဖြစ်လေ၏။