16
1 ထာဝရဘုရား၏ဗျာဒိတ်တော်သည် ဗာရှာမင်းကိုရည်၍ ဟာနန့်သားယေဟုသို့ ရောက်လာသည်မှာ၊
2 ဣသရေလလူမျိုးတော့်အပေါ်တွင် မြေမုန့်ထဲမှသင့်ကိုငါမင်းမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်လမ်းအတိုင်း လိုက်လျှောက်၍ အမျက်တော်တိုက်ပြစ်မှုများကို ဣသရေလအမျိုးပြစ်မှားစေသောကြောင့်
3 သင်ဗာရှာနှင့် အမျိုးအနွယ်ပါ ငါကျွမ်းလောင်စေ၍ နေဗတ်သား ယေရောဗောင်၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေလျက်
4 မြို့တွင်းသေအလောင်းများမှာ ခွေးစာ၊ မြို့ပြင်သေအလောင်းများမှာ ငှက်စာဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
5 ဗာရှာမင်းပြုမူစီရင်သမျှ အကြွင်းအကျန်နှင့် လက်ရုံးရည်ပါ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
6 ဗာရှာမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် တိရဇာမြို့တွင် စျာပနပြုခြင်းကိုခံရလျှင်၊ သားတော်ဧလာသည် အရိုက်အရာ၌နန်းစံလေ၏။
7 ထိုသို့ပင် ယေရောဗောင်မင်းမျိုးကဲ့သို့ အမျက်တော်တိုက်သော ကာယကံမှုဖြင့် ထာဝရဘုရား မျက်မှောက်တော်တွင် ဗာရှာမင်းပြုသမျှသော ဆိုးသွမ်းမှုကြောင့်လည်းကောင်း၊ လုပ်ကြံမှုကြောင့်လည်းကောင်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်သည် ဟာနန့်သားပရောဖက်ယေဟုအားဖြင့် ဗာရှာမင်းနှင့်အမျိုးအနွယ်ပါရည်၍ ရောက်လာသတည်း။
8 ယုဒဘုရင်အာသမင်း နန်းစံနှစ်ဆယ့်ခြောက်နှစ်တွင် ဗာရှာမင်းသားတော်ဧလာမင်းနန်းတက်၍ တိရဇာမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံပြီးနောက်
9-10 ၄င်းမြို့ရှိလက်သုံးတော်ချုပ်အာဇအိမ်တွင် သောက်စားယစ်မူးလျက်ရှိစဉ်၊ ယုဒဘုရင်အာသမင်း နန်းစံနှစ်ဆယ့်ခုနစ်နှစ်၌ လက်စွဲစစ်ရထားတပ်ဗိုလ်ဇိမရိသည် အတွင်းမီးထ၍ ဝင်ရောက်လုပ်ကြံပြီးလျှင် နန်းတက်လေ၏။
11 ရာဇပလ္လင်တက်၍ နန်းစံလျှင် စံချင်း ဗာရှာမင်း၏ဆွေတော်မျိုးတော်၊ အစွယ်အပွား ယောက်ျားတစ်ဦးတစ်ယောက်မကျန်၊ မင်းမျိုးဟူသမျှကိုကွပ်မျက်လေ၏။
12-13 ထိုသို့ပင်၊ ဗာရှာမင်းနှင့်သားတော်ဧလာမင်းတို့သည် ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုး ကိုလည်း ပြစ်မှားစေသောပြစ်မှုဟူသမျှကြောင့်လည်းကောင်း၊ ချင်းတို့ရုပ်ပွားဆင်းတုများဖြင့် ဣသရေလ လူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမျက်တော်တိုက်ကြသောကြောင့်လည်းကောင်း ဗာရှာမင်းကိုရည်၍ ပရောဖက်ယေဟုအားဖြင့် ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း မင်းမျိုးအပေါင်းတို့ကို ဇိမရိမင်းသုတ်သင်သတည်း။
14 ဧလာမင်းပြုမူစီရင်သမျှ အကြွင်းအကျန်သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
15-16 ယုဒဘုရင်အာသမင်းနန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ဇိမရိမင်းသည် တိရဇာမြို့၌ ခုနစ်ရက်သာ စိုးစံရ၏။ ဇိမရိသည် အတွင်းမီးထ၍ ဘုရင်မင်းကိုလုပ်ကြံပြီဟု ဖိလိတ္တိပိုင်ဂိဗ္ဗသုန်မြို့ကို ဝန်းဝိုင်းစွဲရပ်သော ဣသရေလတပ်သားတို့ကြားသော်၊ ဗိုလ်ချုပ်သြမရိကို ဣသရေလအပေါ်၌ ထိုနေ့ချင်းတွင် တစ်တပ်လုံးမင်းမြှောက်ကြပြီးလျှင်
17 သြမရိမင်းနှင့်ဣသရေလအလုံးအရင်းပါ ဂိဗ္ဗသုန်မြို့မှထွက်ချီလျက် တိရဇာမြို့ကိုဝိုင်းထားကြရာ
18 မြို့ကိုသိမ်းယူပြီဟု ဇိမရိမင်းသိသောအခါ မြေနန်းဆောင်သို့ဝင်၍ ကိုယ်တော်တိုင်မီးတိုက်လျက်သေရသည်မှာ
19 ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းသောပြစ်မှုများကို ပြုကျင့်သောကြောင့်လည်းကောင်း၊ ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသောယေရောဗောင်မင်း၏ ဒုစရိုက်လမ်းအတိုင်းလိုက်လျှောက်သောကြောင့်လည်းကောင်း၊ ဖြစ်သတည်း။
20 ဇိမရိမင်းပြုမူသမျှ အကြွင်းအကျန်နှင့် အတွင်းမီးထခြင်းပါ ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏။
21 ထိုအခါ ဣသရေလပြည်သားတို့ကွဲပြား၍ အချို့ကား ဂိနတ်သားတိဗနိကို မင်းမြှောက်ရန် လိုက်ပါကြ၏။ အချို့ကား သြမရိမင်းဘက်သို့လိုက်ပါကြ၏။
22 သြမရိမင်းဘက်လိုက်ပါသူတို့သည် ဂိနတ်သားတိဗနိဘက်ပါလူတို့ကိုနိုင်နင်းရာ တိဗနိကျဆုံး၍ သြမရိမင်းနန်းစံလေ၏။
23 ယုဒဘုရင်အာသမင်းနန်းစံသုံးဆယ့်တစ်နှစ်တွင် သြမရိမင်းနန်းတက်၍ တိရဇာမြို့၌ ဣသရေလနိုင်ငံကို စိုးစံရသောဆယ့်နှစ်နှစ်အတွင်း ခြောက်နှစ်စံပြီးမှ
24 ရှမာရိတောင်တော်ကို တောင့်ရှင်ရှမာရထံ ငွေချိန်ခွက်ခြောက်ဆယ်နှင့်ဝယ်၍ တောင်ပေါ်တွင် မြို့တည်ရာ တောင့်ရှင်ရှမာရအမည်ကိုအစွဲပြုလျက် ရှမာရိဟုတွင်သတည်း။
25-26 သြမရိမင်းသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းမှုကို ပြုကျင့်လျက် ဣသရေလ အမျိုးကိုပြစ်မှားစေသော နေဗတ်သားယေရောဗောင်မင်း၏ ဒုစရိုက်လမ်းအတိုင်း လိုက်လျှောက်၍ ချင်းတို့ရုပ်ပွားဆင်းတုများဖြင့် ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမျက်တော်တိုက်သဖြင့် အရင်ဖြစ်ခဲ့သောမင်းအပေါင်းတို့ထက်ဆိုးသွမ်း၏။
27 သြမရိမင်းပြုမူစီရင်သမျှ အကြွင်းအကျန်နှင့် လက်ရုံးရည်ပါ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
28 သြမရိမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ရှမာရိမြို့တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်အာဟပ်သည် အရိုက်အရာ၌နန်းစံလေ၏။
29 ယုဒဘုရင်အာသမင်းနန်းစံသုံးဆယ့်ရှစ်နှစ်တွင် သြမရိမင်းသားတော်အာဟပ်မင်းနန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်ဆယ့်နှစ်နှစ်စိုးစံလေ၏။
30 သြမရိမင်းသားတော်အာဟပ်မင်းသည် အရင်ဖြစ်ခဲ့သောမင်းအပေါင်းတို့ထက် ထာဝရဘုရား မျက်မှောက်တော်တွင်ဆိုးသွမ်းမှုကိုပြုကျင့်လျက်
31 နေဗတ်သား ယေရောဗောင်မင်း၏ပြစ်မှုများအတိုင်း လိုက်သည်ကို အပ္ပ၀ဇ္ဇဟု ထင်မှတ်သည့်ပြင် ဇိဒုန်ဘုရင်ဧသဗာလမင်းသမီးတော် ယေဇဗေလကို မိဖုရားမြှောက်သည့် အလျောက် ဗာလနတ်အား ဝတ်ပြုရှိခိုး၍
32 ရှမာရိမြို့တွင် ကိုယ်တိုင်တည်ဆောက်သော ဗာလ၏ဗိမာန်၌ ဗာလအဖို့ပူဇော်ရာပလ္လင်ကို တည်၏။
33 တံခွန်တိုင်ကိုလည်းစိုက်ထူ၍ အရင်ဖြစ်ခဲ့သောဣသရေလဘုရင်အပေါင်းတို့ထက် ဣသရေလ လူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမျက်တော်တိုက်ပြစ်မှားချေ၏။
34 အာဟပ်မင်းလက်ထက် ဗေသလမြို့နေဟိဧလသည် ယေရိခေါမြို့ကို တည်ပြန်ရာ နုန့်သား ယောရှုအားဖြင့် ထာဝရဘုရားထားတော်မူခဲ့သောဗျာဒိတ်တော်အတိုင်း မြို့အတည်တွင်သားဦးအဘိရံ၊ တံခါးရွက်အတပ်တွင် သားထွေးစေလုပ်သေလေ၏။