15
1-2 နေဗတ်သား ယေရောဗောင်မင်းနန်းစံဆယ့်ရှစ်နှစ်တွင် အဘိယံမင်းနန်းတက်၍ ယေရုရှလင်မြို့၌ ယုဒနိုင်ငံကို သုံးနှစ်သာစိုးစံရ၏။ မယ်တော့်အမည်ကား အဘိရှလုံ့သမီးမာခါတည်း။
3 ခမည်းတော်ပြုခဲ့သောဒုစရိုက်ကို ပြုမြဲပြုလျက် ဘေးတော်ဒါဝိဒ်မင်းကဲ့သို့၊ ကိုယ့်ဘုရားသခင် ထာဝရဘုရားအထံတော်၌ စုံလင်သောစိတ်မရှိချေ။
4-5 သို့ရာတွင် ဟိတ္တိလူမျိုးဥရိယအမှုမှတစ်ပါး၊ ထာဝရဘုရားမိန့်မှာတော်မူချက်များကို တစ်သက်ပတ်လုံး မလွှဲမရှောင်ဘဲ မျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်ခဲ့သော ဒါဝိဒ်ကိုထောက်ထား၍ ကိုယ့်ဘုရားသခင်ထာဝရဘုရားသည် အလင်းမကွယ်စေရန် မြစ်အားဆက်ခံစေလျက် ယေရုရှလင်မြို့ကို တည်မြဲစေတော်မူ၏။
6 ရောဗောင်မင်းနှင့် ယေရောဗောင်မင်းတို့သည် အသက်ထက်ဆုံးစစ်ဖြစ်ကြသည့်နည်းတူ အဘိယံမင်းနှင့် ယေရောဗောင်မင်းတို့လည်း စစ်ဖြစ်ကြကုန်၏။
7 အဘိယံမင်းပြုမူစီရင်သမျှ အကြွင်းအကျန်သည် ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။
8 အဘိယံမင်းသည် ဘေးတော်ဘိုးတော်တို့နှင့် အတူကျိန်းစက်လျက် ဒါဝိဒ်မြို့တော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်အာသသည် အရိုက်အရာ၌နန်းစံလေ၏။
9-10 ဣသရေလဘုရင် ယေရောဗောင်မင်းနန်းစံ နှစ်ဆယ်တွင် အာသမင်းနန်းတက်၍ ယေရုရှလင် မြို့၌ ယုဒနိုင်ငံကို လေးဆယ့်တစ်နှစ်စိုးစံလေ၏။ ဘွားတော့်အမည်ကား အဘိရှလုံ့သမီး မာခါတည်း။
11 အာသမင်းသည် ဘီတော်ဒါဝိဒ်မင်းအလိုက် ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာ ပြုကျင့်လျက်
12 ပြည်တန်ဆာယောက်ျားများကို ပြည်တော်မှနှင်ထုတ်၍ ဘေးတော်ဘိုးတော်တို့တည်လုပ်ခဲ့သော ရုပ်တုရှိသမျှကို ပယ်ရှားသည့်ပြင်
13 စက်ဆုပ်ဖွယ်သောအရှဲရာရုပ်ပွားလုပ်ခဲ့သော ဘွားတော်မာခါကို အိမ်နိမ့်သို့ချထားပြီးလျှင် ဆိုခဲ့သောရုပ်ပွားကို ဖြိုလှဲလျက် ကေဒြုန်ချိုင့်တွင် မီးတိုက်လေ၏။
14 မြင့်ရာဌာနများကို မပယ်သော်လည်း အာသမင်းသည် လက်ထက်တော်ကာလပတ်လုံး၊ ထာဝရဘုရားအထံတော်၌စုံလင်သောစိတ်ရှိ၏။
15 ခမည်းတော်သီးသန့်ထားခဲ့သောဘဏ္ဍာများနှင့် ကိုယ်တိုင်သီးသန့်ထားသော ရွှေ၊ ငွေ၊ အသုံး အဆောင်များပါ ဗိမာန်တော်သို့သွင်းထားသတည်း။
16 အာသမင်းနှင့် ဣသရေလဘုရင်ဗာရှာမင်းတို့သည် အသက်ထက်ဆုံး စစ်ဖြစ်ကြသည်နှင့် အညီ
17 ဣသရေလဘုရင်ဗာရှာမင်းသည် ယုဒပြည်နယ်စပ်သို့ ချီသွားပြီးလျှင် ယုဒဘုရင်အာသမင်းထံ ထွက်ဝင်ခွင့်မရှိကြစေရန် ရာမမြို့ကို တည်ရာ
18 အာသမင်းသည် ဗိမာန်တော်၊ နန်းတော်၌၊ ကြွင်းသမျှ ဘဏ္ဍာ၊ ရွှေငွေများကိုထုတ်ယူ၍ အပ်လိုက်သူရာဇသံတို့လက်ဖြင့် ဒမာသက်မြို့စံ၊ ရှုရိဘုရင်၊ ဟေဇယုန်မင်းမြေးတော်၊ တာဗရိမ္မုန် မင်းသားတော်၊ ဗင်္ဟာဒဒ်မင်းထံ ပေးပို့လျက်
19 ကျွန်ုပ်သည် အကြည်တော်နှင့်လည်းကောင်း၊ ခမည်းတော်သည် အကြည်တော့်ခမည်းတော်နှင့်လည်းကောင်း မဟာမိတ်ဖြစ်ကြသည့်အလျောက် လက်ဆောင်တော်ရွှေငွေများကို ကျွန်ုပ်ပေးပို့ပါ၏။ ကျွန်ုပ်နယ်စပ်မှဣသရေလဘုရင် ဗာရှာမင်းထွက်သွားစေရန် သူနှင့်ဖွဲ့ခဲ့သော မဟာမိတ်ကိုဖျက်၍ ကူညီပါဟူသော အမှာတော်ကို
20 ဗင်္ဟာဒဒ်မင်းလိုက်နာလျက် ဣသရေလမြို့ရွာများသို့ တပ်ဗိုလ်တို့ကိုချီတက်စေသည့်အတိုင်း ဣယုန်၊ ဒန်၊ အာဗေလ၊ ဗက်မာခါမြို့များမှစ၍ ဂေင်္နသရက်ချိုင့်တစ်ဝှမ်းလုံးနှင့် နဿလိတစ်နယ်လုံးကို လုပ်ကြံကြ၏။
21 ထိုသတင်းကို ဗာရှာမင်းကြားသော် တည်ဆဲဖြစ်သော ရာမမြို့ကို လက်လွှတ်၍
22 တိရဇာမြို့၌ စံနေစဉ် အာသမင်းသည် ယုဒတစ်မျိုးလုံးအား တစ်ယောက်မကျန်၊ အမိန့်တော်ထုတ်ဆင့်ပြီးလျှင် ဗာရှာမင်းတည်ဆဲဖြစ်သောရာမမြို့မှကျောက်၊ သစ်သားများကို သယ်ယူ၍ မိဇပါမြို့နှင့်ဗင်္ယာမိန့်နယ်ရှိ ဂေဗမြို့များကိုချဲ့တည်လေ၏။
23 အာသမင်းပြုမူစီရင်သမျှ အကြွင်းအကျန်နှင့်လက်ရုံးရည်ရှိသမျှ၊ တည်ထောင်သောမြို့များပါ ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ အိုမင်းသောအခါမှာမူ ခြေတော်တွင် အနာရောက်လေ၏။
24 အာသမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ဘီတော်ဒါဝိဒ်မြို့တော်ရှိ သင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်ယောရှဖတ်သည် အရိုက်အရာ၌နန်းစံ လေ၏။
25 ယုဒဘုရင်အာသမင်းနန်းစံနှစ်နှစ်တွင်း ယေရောဗောင်မင်းသားတော် နာဒပ်မင်းနန်းတက်၍ ဣသရေလနိုင်ငံကို နှစ်နှစ်သာစိုးစံရာ
26 ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းမှုကိုပြုကျင့်လျက် ဣသရေလအမျိုးကိုပြစ်မှားစေ သောခမည်းတော်၏ဒုစရိုက်လမ်းအတိုင်း လိုက်လျှောက်လေ၏။
27-28 ဖိလိတ္တိပိုင် ဂိဗ္ဗသုန်မြို့ကို နာဒပ်မင်းနှင့်တကွ ဣသရေလအလုံးအရင်းတို့ဝိုင်းထားကြစဉ် ယုဒဘုရင်အာသမင်းနန်းစံသုံးနှစ်တွင် ဣသခါ့အနွယ်၊ အဟိယသားဗာရှာသည် အတွင်းမီးထ၍ နာဒပ်မင်းကို လုပ်ကြံပြီးလျှင် နန်းတက်လေ၏။
29-30 ယေရောဗောင်မင်းကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသောပြစ်မှု များကြောင့်လည်းကောင်း၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမျက်တော်တိုက်သောကြောင့် လည်းကောင်း၊ ရှိလောမြို့နေကျွန်တော်ရင်းအဟိယအားဖြင့် ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ် တော် အတိုင်း ဗာရှာမင်းနန်းတက်လျှင်တက်ချင်း ယေရောဗောင်မင်းနှင့်တော်စပ်သော ဇီဝသက်ရှိ တစ်ယောက်မကျန်၊ မင်းမျိုးဟူသမျှကို ကွပ်မျက်သုတ်သင်လေ၏။
31 နာဒပ်မင်းပြုမူစီရင်သမျှအကြွင်းအကျန်သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
32 အာသမင်းနှင့်ဣသရေလဘုရင်ဗာရှာမင်းတို့သည် အသက်ထက်ဆုံးစစ်ဖြစ်ကြသတည်း။
33 ယုဒဘုရင်အာသမင်းနန်းစံသုံးနှစ်တွင် အဟိယသားဗာရှာမင်းနန်းတက်၍ တိရဇာမြို့၌ ဣသရေလနိုင်ငံလုံးကို နှစ်ပေါင်းနှစ်ဆယ့်လေးနှစ်စိုးစံလေ၏။
34 ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက် ဣသရေလအမျိုးကိုပြစ်မှား စေသောယေရောဗောင်မင်း၏ ဒုစရိုက်လမ်းအတိုင်း လိုက်လျှောက်သည့်အတွက်