17
1 ဂိလဒ်နယ်၊ တိရှဘိမြို့သားဧလိယက၊ ငါခစားလျက်နေသော ဣသရေလလူမျိုး၏ ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း နှစ်ကာလရှည်သမျှအတွင်း ငါမဆင့်မချင်း မိုးနှင်းကျ ရွာမည်မဟုတ်ဟု အာဟပ်မင်းအား ဆင့်ဆိုပြီးနောက်
2 ထာဝရဘုရား၏ဗျာဒိတ်တော်သည် ဧလိယသို့ရောက်လာသည်ကား
3 ဤအရပ်မှ အရှေ့သို့သွား၍ ယော်ဒန်မြစ်တစ်ဘက်၊ ခေရိတ်ချောင်းအနီး၊ ပုန်းနေလျက်၊
4 ငါမိန့်မှာသည့်အတိုင်းကျီးအတို့ပေးလာသောအာဟာရကိုစား၍ ချောင်းရေကိုသောက်လော့ဟု မိန့်တော်မူသည့်အလျောက်
5 ဧလိယသွား၍ ယော်ဒန်မြစ်တစ်ဘက်၊ ခေရိတ်ချောင်းအနီးတွင်နေရာ
6 နံနက်တစ်ကြိမ်၊ ညဉ့်တစ်ကြိမ်၊ ကျီးအတို့ပေးလာသော မုန့်နှင့်ဟင်းလျာကိုစား၍ ချောင်းရေကို သောက်ရလေ၏။
7 အတန်ကြာသော် မိုးမရွာသောကြောင့် ချောင်းရေခန်းခြောက်သတည်း။
8 ထိုအခါ ဧလိယသို့ထာဝရဘုရား၏ဗျာဒိတ်တော်ရောက်ပြန်သည်ကား၊
9 ဇိဒုန်ပိုင်ဇရတ္တမြို့ရောက်ထသွား၍နေလော့။ ထိုမြို့၌ သင့်ကိုအာဟာရကျွေးစေရန် မုဆိုးမတစ်ယောက်အား ငါမိန့်မှာပြီဟုမိန့်တော်မူသည့်အတိုင်း
10 ဇရတ္တမြို့ရောက်ထသွားလျက် မြို့တံခါးဝအနီးသို့ရောက်၍ ထင်းခွေသောမုဆိုးမကို တွေ့မြင်လျှင် ငါသောက်ရန် ခွက်နှင့်ရေအနည်းငယ်ယူခဲ့ပါဟု ဟစ်တောင်းသည်နှင့်အညီ
11 သွားယူမည်ပြုရာ စားဖွယ်အနည်းငယ်ကိုလည်း သင့်လက်တွင် ယူခဲ့ပါဦးလော့ဟု ထပ်မံဟစ်ပြန်လျှင်
12 မိန်းမက၊ ကိုယ်တော့်ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည့်အတိုင်း အိုးတွင်မုန့်ညက်တစ်လက်ဆွန်း၊ ဘူးတွင်ဆီအနည်းငယ်မှတစ်ပါး၊ မုန့်တစ်လုံးမျှမရှိပါ။ တပည့်တော်မတို့သားအမိ ဖုတ်စားပြီးနောက်သေရန် ထင်းနှစ်ချောင်းကို ခွေရသည်တကားဟု ပြန်ပြောသော်၊
13 ဧလိယက၊ မစိုးရိမ်လင့်။ သင်ပြောသည့်အတိုင်းသွား၍လုပ်လော့။ ဦးစွာငါ့အဖို့မုန့်ငယ်လုပ်၍ ယူခဲ့ပါ။ သင်တို့သားအမိအဖို့နောက်မှလုပ်လော့။
14 ဤမြေကြီးပေါ်တွင် ထာဝရဘုရားမိုးရွာစေတော်မမူမချင်း၊ အိုး၌မုန့်ညက်မကုန်၊ ဘူး၌ဆီမလျော့ရဟု ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုလျှင်
15 ဧလိယစကားအတိုင်းသွား၍လုပ်ပြီးနောက် ဧလိယနှင့်သားအမိတို့ပါ ကာလရှည်ကြာစွာစားရ၍
16 ဧလိယအားဖြင့် ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း အိုး၌မုန့်ညက်မကုန်၊ ဘူး၌ဆီမလျော့ချေ။
17 ထိုနောက် အိမ့်ရှင်မ၏သားသည် ရောဂါကပ်၍ ပြင်းပြစွာဝေဒနာတိုးတက်သည့်အတွက် နိဇီဝ သဘောသို့ရောက်လျှင်
18 မိခင်က၊ အိုဘုရားသခင့်လူယုံတော်၊ ကိုယ်တော်သည် တပည့်တော်မနှင့်မည်သို့ဆိုင်ပါသနည်း။ သားကိုသေစေလျက် ကိုယ့်အပြစ်ကိုတပည့်တော်မသတိရစေရန် ရောက်လာပြီတကားဟုဆိုရာ
19 ဧလိယက၊ သားကို အပ်ပေးလော့ဟုဆိုလျက် ရင်ခွင်မှဆောင်ယူ၍ တည်းခိုရာအထက်ဆင့်ရှိ ကိုယ့်အိပ်ရာပေါ်တွင်ထားပြီးလျှင်
20 အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တည်းခိုရသူ၊ ဤမုဆိုးမ၏သားကို သေစေ၍ ဒုက္ခပေးတော်မူပါသလောဟု ထာဝရဘုရားထံ ပဌနာပြုပြီးနောက်
21 သူငယ့်အပေါ်တွင် သုံးကြိမ်ဝပ်လျက်၊ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤသူငယ်၏ဇီဝကို ပြန်သွင်းတော်မူပါဟု
22 ထပ်မံပြုသောပဌနာကို ထာဝရဘုရားနားညောင်းတော်မူသဖြင့် သူငယ်သည် သဇီဝသဘောသို့ ပြန်ရောက်လေ၏။
23 ဧလိယလည်း သူငယ်ကို အထက်ဆင့်မှအောက်ဆင့်သို့ယူသွား၍ ကြည့်လော့။ သင့်သားအသက်ရှင်ပြီဟုဆိုလျက် မိခင်အားအပ်ပေးရာ
24 ထိုမိန်းမက၊ ကိုယ်တော်သည် ဘုရားသခင့်လူယုံတော်ဖြစ်မှန်းကိုလည်းကောင်း၊ ကိုယ်တော်ဆင့်ဆိုသော ဘုရားသခင့်ဗျာဒိတ်တော်မှန်ကြောင်းကိုလည်းကောင်း၊ ယခုတပည့်တော်မ သိပါပြီဟု ဧလိယအားလျှောက်ဆိုသတည်း။