14
1 ထိုကာလယေရောဗောင်မင်းသားတော် အဘိယမကျန်းမမာသည့်အတွက်
2-3 မိဖုရားအား ယေရောဗောင်မင်းက၊ သင်သည်မိဖုရားမှန်းမသိစေရန် အသွင်ပြောင်းပြီးလျှင် မုန့်ဆယ်လုံး၊ မုန့်ခြောက်၊ ပျားရည်ဘူးများကို လက်ဝယ်ဆောင်လျက် ဤလူမျိုးအပေါ်တွင် မင်းပြုရ မည်ဟု ငါ့အားဗျာဒိတ်ပြန်ကြားဘူးသူ ပရောဖက်အဟိယနေရာရှိလောမြို့သို့ထသွား၍ သူငယ်၌မည်သို့ ဖြစ်မည်ကို ေဖာ်ပြစေရန် သူ့ထံဝင်လော့ဟု မိန့်မှာသည့်အတိုင်း
4 မိဖုရားသည် ရှိလောမြို့နေ အဟိယအိမ်သို့ထသွားလေ၏။ မမြင်နိုင်အောင် မျက်ပျဉ်းကျလျက် အိုမင်းသောအဟိယအား
5 ထာဝရဘုရားက၊ အသွင်ပြောင်း၍ မကျန်းမမာသောသားအတွက် မေးမြန်းရန် သင့်ထံလာရောက်အံ့သော ယေရောဗောင်၏မိဖုရားအား ဤအတိုင်းပြန်ပြောလော့ဟု မိန့်တော်မူသည့်အရ
6 တံခါးဝသို့ဝင်သောခြေသံကိုအဟိယကြားလျှင် အိုယေရောဗောင်မင်း၏မိဖုရား၊ ဝင်ခဲ့လော့။ အသွင်ပြောင်း၍ အဘယ်ကြောင့်လာသနည်း။ သင့်အားငါပြန်ကြားရမည်ကား နစ်နာသောစကားဖြစ်၏။
7-8 ယေရောဗောင်မင်းထံပြန်သွား၍ ကြားပြောရမည်မှာ နိုင်ငံတော်ကိုသင့်အားအပ်နှင်းရန်၊ ဒါဝိဒ်မင်းမျိုးမှ ဆုတ်ဖြတ်ပြီးလျှင် ပြည်သားတို့အနက် သင့်ကို ဣသရေလလူမျိုးတော့်အပေါ်တွင် ငါမင်းမြှောက်သော်လည်း မျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်သူ၊ စိတ်နှလုံးအကြွင်းမဲ့ ငါ့နောက်လိုက်လျှောက်သူ၊ ပညတ်တော်များကိုစောင့်ထိန်းသူ၊ ငါ့ကျွန်ရင်းဒါဝိဒ်ကဲ့သို့ သင်မပြုဘဲ
9 ငါ့ကိုကျောခိုင်း၍ အခြားဘုရားများနှင့် ရုပ်တုများကိုလုပ်လျက် သင့်အရင်ဖြစ်ခဲ့သူအပေါင်းတို့ထက်ဆိုးသွမ်းမှုကို အမျက်တော်တိုက်ပြုလေစွတကား၊
10 သို့ဖြစ်၍ ယေရောဗောင်မင်းမျိုး၌ ဘေးသင့်စေလျက် ဣသရေလနိုင်ငံတွင် ယေရောဗောင်နှင့် တော်စပ်သူ အကျဉ်းသား၊ အလွတ်သား၊ ယောက်ျားဟူသမျှကိုသုတ်သင်၍ အမှိုက်ကျွမ်းလောင်ဘိ သကဲ့သို့ ယေရောဗောင်မင်းမျိုးကို အကြွင်းမဲ့ငါကျွမ်းလောင်စေမည်။
11 မြို့တွင်းသေအလောင်းများမှာ ခွေးစာ၊ မြို့ပြင်သေအလောင်းများမှာ ငှက်စာ၊ ငါထာဝရဘုရား အမိန့်တော်အတိုင်းဖြစ်လိမ့်မည်ဟု ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူကြောင်း ပြန်ကြားလော့။
12 သင်မူကား၊ စံနန်းတော်သို့ထသွားလော့။ မြို့ဝင်လျှင်ဝင်ချင်း မင်းသားသေလိမ့်မည်။
13 ဣသရေလတစ်မျိုးလုံးလည်း မြည်တမ်း၍ စျာပနပြုကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးတွင် ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ကြည်ညိုသူဖြစ်သောကြောင့် ဤမင်းသားတစ်ပါး သာသင်္ဂြိုဟ်ခြင်းခံရလိမ့်မည်။
14 ထာဝရဘုရားသည် အချိန်စေ့သည့်အလျောက် ယေရောဗောင်မင်းမျိုးကို ပယ်ရှားအံ့သော ဣသရေဘုရင်တစ်ပါး ပေါ်ထွန်းစေတော်မူမည်ကား
15 ယခုပင်တည်း။ ထာဝရဘုရားအမျက်တော်တိုက် တံခွန်တိုင်များကို စိုက်ထူသော ဣသရေလ လူမျိုးအား ရေ၌ကျူပင်လှုပ်ရှားသကဲ့သို့ ဒဏ်ခတ်တော်မူ၍ ဘိုးဘေးတို့အားပေးတော်မူခဲ့သော ပြည်ကောင်းမှ မြစ်ကြီးတစ်ဘက်သို့ ကွဲလွင့်ေစတော်မူမည်။
16 ကိုယ်တိုင်ပြစ်မှား၍ ဣသရေလလူမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်မင်း၏ပြစ်မှုများကြောင့် ၎င်းလူမျိုးကိုစွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုသော်
17 မိဖုရားသည် တိရဇာမြို့ရောက်ထသွား၍ စံနန်းတံခါးခုံကို ကျော်မိလျှင် သူငယ်သေလေ၏။
18 ကျွန်တော်ရင်း ပရောဖက်အဟိယအားဖြင့် ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော် အတိုင်း ဣသရေလတစ်မျိုးလုံး စျာပနပြု၍ မြည်တမ်းမှုကို ပြုကြကုန်၏။
19 ယေရောဗောင်မင်းပြုသမျှ အကြွင်းအကျန်နှင့် စစ်တိုက်ခြင်း၊ မင်းပြုခြင်းအမှုများပါ ဣသရေလရာဇဝင်တွင် ရေးထားလျက်ရှိ၏။
20 ယေရောဗောင်မင်းသည် နှစ်ပေါင်းနှစ်ဆယ့်နှစ်နှစ်နန်းစံပြီးမှ ဘေးတော်ဘိုးတော်တို့နှင့်အတူကျိန်းစက်လျှင် သားတော်နာဒပ်သည် အရိုက်အရာ၌နန်းစံလေ၏။
21 ယုဒနိုင်ငံ၌ နန်းစံသူ၊ ရှောလမုန်မင်းသားတော်ရောဗောင်မင်းသည် အိမ်နိမ့်လေးဆယ့် တစ်နှစ်ရှိသော် နန်းတက်၍ ဣသရေလအနွယ်အပေါင်းတို့နေရာမြို့ရွာများအနက် နာမတော်တည်ရန် ထာဝရဘုရားရွေးချယ်တော်မူသော ယေရုရှလင်မြို့၌ ဆယ့်ခုနစ်နှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား အမ္မုန်အမျိုးသမီးနေမတည်း။
22 ယုဒအမျိုးလည်း ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်၍ ဘိုးဘေးတို့ ပြစ်မှားသမျှထက်၊ အမျက်တော်တိုက်ပြစ်မှားကြရာ
23 အရပ်ရပ်ရှိမြင့်လှသော တောင်ပေါ်စိမ်းလန်းသော သစ်ပင်အောက်များ၌ မြင့်ရာဌာန၊ ကျောက်တိုင်နှင့်တံခွန်တိုင်များကို တည်လုပ်သည့်ပြင်
24 ပြည်တန်ဆာယောက်ျား မိန်းမများကို သီးသန့်ထားလျက် ဣသရေလအမျိုးသားတို့ရှေ့ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော လူမျိုးခြားတို့ရွံရှာဖွယ်ဓလေ့ဟူသမျှ အလိုက်ပြုကျင့်ကြကုန်၏။
25 ရောဗောင်မင်းနန်းစံငါးနှစ်တွင် အိဂျစ်ဘုရင် ရှိရှက်မင်းသည် ယေရုရှလင်မြို့သို့ချီတက်၍
26 ဗိမာန်တော်၊ နန်းတော်၊ ဘဏ္ဍာရှိသမျှနှင့် ရှောလမုန်မင်းလုပ်ထားခဲ့သော ရွှေဒိုင်းလွှားများပါသိမ်းသွားလေ၏။
27 ရောဗောင်မင်းသည် ရွှေဒိုင်းလွှားများအစား ကြေးဒိုင်းလွှားများကိုလုပ်ပြီးလျှင် နန်းတော် တံခါးဗိုလ်ဖြစ်သော ရှေ့တော်ပြေးမှူးတို့ထံ အပ်ထားလျက်
28 ဗိမာန်တော်သို့ဘုရင်မင်းကြွချီတိုင်း ရှေ့တော်ပြေးတို့သည် ဒိုင်းလွှားများကိုဆောင်ကိုင်ပြီးနောက်၊ ကိုယ့်အဆောင်တွင်ပြန်ထားရကြ၏။
29 ရောဗောင်မင်းပြုမူစီရင်သမျှ အကြွင်းအကျန်သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
30 ရောဗောင်မင်းနှင့် ယေရောဗောင်မင်းတို့သည် အစဉ်စစ်ဖြစ်ကြ၏။
31 အမ္မုန်အမျိုးသမီးနေမ၏သားရောဗောင်မင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူကျိန်းစက်လျက် ဒါဝိဒ်မြို့တော်ရှိ သင်္ချၖိုင်းတော်တွင်စျာပနပြုခြင်းကို ခံရလျှင် သားတော်အဘိယံသည် အရိုက်အရာ၌ နန်းစံလေ၏။