11
1-2 ထာဝရဘုရားက၊ သင်တို့သည် သူတို့နှင့်မပေါင်းမသင်းရ။ ပေါင်းသင်းလျှင် ကိုယ့်ဘုရားများဘက်သို့ သင်တို့စိတ်နှလုံးကို မုချငဲ့ပါစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား ကန့်ကွက် တော်မူခဲ့သည့် မောဘ၊ အမ္မုန်၊ ဧဒုံ၊ ဇိဒုန်၊ ဟိတ္တိအမျိုးသမီးတည်းဟူသော မျိုးခြားမိန်းမများကို ဖာရောမင်းသမီးတော်မှတစ်ပါး ရှောလမုန်မင်းနှစ်သက်မှီဝဲသဖြင့်၊
3 မိဖုရားခုနစ်ရာ၊ မောင်းမကိုယ်လုပ်သုံးရာရှိ၍ သူတို့သည်စိတ်တော်ကိုငဲ့စေကြ၏။
4 ရှောလမုန်မင်းအိုမင်းသောအခါ၊ ဆိုခဲ့သောမိန်းမများက၊ အခြားဘုရားများဘက်သို့ စိတ်နှလုံးတော်ကိုငဲ့ပါစေကြသည်နှင့် ခမည်းတော်ဒါဝိဒ်မင်းကဲ့သို့၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားအထံတော်၌ စုံလင်သောစိတ်မရှိဘဲ
5 ဇိဒုန်ဘုရားမအာရှတရက်၊ စက်ဆုပ်ဖွယ်သောအမ္မုန်ဘုရား မိလကုံတို့နောက်သို့လိုက်လျက်
6 ထာဝရဘုရားနောက် ခမည်းတော်ဒါဝိဒ်မင်းစိတ်ပါကိုယ်ရောက်လိုက်ရှာသည့်နည်းတူ၊ မလိုက် မရှာ၊ မျက်မှောက်တော်၌ဆိုးသွမ်းမှုကို ပြုကျင့်လေ၏။
7 ထိုကာလရှောလမုန်မင်းသည် စက်ဆုပ်ဖွယ်သောမောဘဘုရားခေမုရှ၊ အမ္မုန်အမျိုးသားတို့ ဘုရားမောလုတ်တို့အဖို့၊ ယေရုရှလင်မြို့ရှေ့၊ တောင်ပေါ်တွင် မြင့်ရာဌာနကိုပြုပြင်သည့်ပြင်
8 ကိုယ့်ဘုရားများအား ပူဇော်၍ မီးဖြင့်ဆက်ကပ်လေ့ရှိသော မျိုးခြားမိန်းမတကာအတွက်လည်း ပြုပြင်သေး၏။
9-10 နှစ်ကြိမ်မြောက်ထင်ရှားတော်မူလျက် အခြားဘုရားများနောက်သို့မလိုက်ရဟု ကန့်ကွက်တော်မူခဲ့သော ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူချက်ကို မလိုက်နာဘဲ အထံတော်မှစိတ်ပြောင်းလဲသော ရှောလမုန်မင်းအပေါ်တွင် အမျက်ထားတော်မူ၏။
11 ထာဝရဘုရားက၊ သင်သည် ငါမိန့်မှာသော ထုံးဖွဲ့ချက်များနှင့် ပဋိညာဉ်တရားကိုမစောင့်ရှောက်လိုသောကြောင့် နိုင်ငံတော်ကိုသင့်လက်မှ ငါမုချဆုတ်ဖြတ်လျက် သင့်ကျွန်အားပေးမည်။
12 သို့ရာတွင် သင့်အဘဒါဝိဒ်ကို ထောက်ထား၍ သင့်လက်ထက်ငါမဆုတ်ဖြတ်သေး။
13 သင့်သားလက်မှဆုတ်ဖြတ်မည်။ ၎င်းပြင်ကျွန်တော်ရင်း ဒါဝိဒ်နှင့်ငါရွေးချယ်သော ယေရုရှလင် မြို့ကိုထောက်ထား၍ နိုင်ငံလုံးဆုတ်ဖြတ်မည်မဟုတ်။ သင့်သားလက်ဝယ်တစ်နွယ်ကို ထားဦးမည်ဟု ရှောလမုန်မင်းအားဗျာဒိတ်ပေးတော်မူ၏။
14 ထိုအခါ ထာဝရဘုရားသည် ရှောလမုန်မင်းအား ရန်မူမည့်သူ၊ ဧဒုံမင်းမျိုးဟာဒဒ်ကို ပေါ်ထွန်းစေတော်မူ၏။
15-16 ဟာဒဒ်ကား၊ ယမန်ကာလတွင် ဒါဝိဒ်မင်းနှင့်လိုက်ပါသော ဗိုလ်ချုပ်ယွာဘသည် ကျဆုံးသောအလောင်းများကို သင်္ဂြိုဟ်ရန် ဧဒုံပြည်သို့ချီတက်၍ ပြည်သားဟူသမျှကို မသတ်ရမချင်း၊ ဣသရေလအလုံးအရင်းနှင့်တကွ ခြောက်လတိုင်တိုင်စွဲရပ်နေစဉ်
17 ငယ်ရွယ်သူဖြစ်လျက်ဧဒုံအမျိုးသား ခမည်းတော်၏ ကျေးကျွန်သင်းပင်းအချို့နှင့်အတူ အိဂျစ်ပြည်သို့ပြေးသွားရာ
18 မိဒျန်ပြည်မှပါရန်မြို့သို့ ဆိုက်ရောက်သော်၊ ၎င်းမြို့သားအချို့ကို ခေါ်လျက် အိဂျစ်ပြည်၊ ဖာရောမင်းထံရောက်လျှင် ထိုမင်းထံမြေနှင့်အိမ်ကိုရ၍ ရိက္ခာထောက်ပံ့ခံရသူဖြစ်သတည်း။
19 ဖာရောမင်းသည် ဟာဒဒ်ကို အထူးမျက်နှာသာပေးသဖြင့် မိဖုရားတာပနက် ညီမတော်နှင့် ဆောင်နှင်းရာ
20 ညီမတော်ဖွားမြင်သော သားဂေနုဗတ်ကို နန်းတော်တွင် တာပနက်မွေးစားသည်နှင့်အညီ ဂေနုဗတ်သည် ဖာရောမင်းသားတော်များနှင့်အတူ နန်းတော်အတွင်းကြီးပွားလေ၏။
21 ဘေးတော်ဘိုးတော်တို့နှင့်အတူ ဒါဝိဒ်မင်းကျိန်းစက်ကြောင်းကိုလည်းကောင်း၊ ဗိုလ်ချုပ်ယွာဘသေကြောင်းကိုလည်းကောင်း၊ အိဂျစ်ပြည်၌ဟာဒဒ်ကြားလျှင် ကျွန်တော့်ပြည်သို့ပြန်သွားခွင့်ပြုတော်မူပါဟု တောင်းပန်သော်၊
22 ဖာရောမင်းက၊ သင့်ပြည်သို့ပြန်လိုသည်မှာ ငါ့ထံ၌အဘယ်အရာလစ်ဟင်း၍နည်းဟုမေးမြန်းသည့်ကာလ မလစ်ဟင်းပါ။ သို့ရာတွင် ပြန်ခွင့်ပေးတော်မူပါဟု တင်လျှောက်ပြန်၏။
23 ရှောလမုန်မင်းအားရန်မူမည့်သူ၊ ဧလျာဒသားရေဇုန်ကိုလည်း ဘုရားသခင်ပေါ်ထွန်းစေတော်မူ၏။ ထိုသူကား၊ ကိုယ့်သခင်၊ ဇောဘဘုရင် ဟာဒဒေဇာမင်းထံမှ ပြေးပြီးနောက်
24 ၎င်းပြည်သူပြည်သား တို့ကို ဒါဝိဒ်မင်းလုပ်ကြံသည့်ကာလ၊ စုဆောင်းရရှိသောလူများ အပေါ်တွင် ဗိုလ်လုပ်လျက် ဒမာသက် မြို့သို့ချီသွား၍ မင်းပြုသူဖြစ်သတည်း။
25 သူသည် ရှုရိပြည်ကိုအုပ်စိုးလျက် ဟာဒဒ်ပြုသောအဆိုးမှုပြင်၊ ရှောလမုန်မင်းလက်ထက် ကာလပတ်လုံး ဣသရေလလူမျိုးကိုရွံရှာ၍ ရန်မူလေ၏။
26 ထိုပြင် ရှောလမုန်မင်း၏ ကျေးကျွန်ဖြစ်သော ဧဖရိမ့်အနွယ်၊ ဇေရဒရွာနေ၊ နေဗတ်သား ယေရောဗောင်သည် ဘုရင်မင်းတစ်ဘက် လက်ရုံးထောင်သူဖြစ်၏။ အမိကား ဇေရွာအမည်ရှိသော မုဆိုးမတည်း။
27 လက်ရုံးထောင်သည်မှာ မိလ္လောပြအိုးကိုတည်၍ ခမည်းတော်ဒါဝိဒ်မင်းမြို့ရိုးပေါက်ကို ရှောလမုန်မင်းပြုပြင်သောအခါ
28 စွမ်းရည်ကောင်းသောယေရောဗောင်သည် အမှုအရေး၌လုံ့လထုတ်သူဖြစ်ကြောင်းကိုသိမြင် လျှင် ယောသပ်အနွယ်တို့တာဝန်ပေါ်တွင် အကြီးအကြပ်ခန့်ထားလေ၏။
29 တစ်နေ့သ၌ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားစဉ် ဝတ်လုံသစ်ရုံရှိသော ရှိလောမြို့နေပရောဖက်အဟိယနှင့် တွေ့ဆုံ၍ မြို့ပြင်၌နှစ်ယောက်တည်းရှိကြရာ
30 အဟိယသည် ကိုယ်ရုံသောဝတ်လုံသစ်ကိုကိုင်လျက်
31-32 ဆယ့်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင် ယေရောဗောင်အား ဆယ်ပိုင်းကိုယူလော့။ ဣသရေလ လူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန့်လက်မှ ငါဆုတ် ဖြတ်လျက် ကျွန်တော်ရင်းဒါဝိဒ်ကိုလည်းကောင်း၊ ဣသရေလအနွယ်ၙအၙေပၙၙါင်းတို့ေနရာမြို့ရွာများအနက်ငါေရွးချယ်ေသာေယရုရှလင်မြို့ကိုလည်းေကာင်း၊ ေထာက်ထား၍တစ်နွယ်ကိုသူ့လက်၀ယ်ချန်လျက်ဆယ်နွယ် ကို သင့်အားငါအပ်ပေးမည်။
33 ထိုသူသည် ငါ့ကိုစွန့်၍ ဇိဒုန်ဘုရားမအာရှတရက်၊ မောဘဘုရားခေမုရှ၊ အမ္မုန်အမျိုးသားတို့ ဘုရားမိလကုံများကိုရှိခိုးလျက်၊ အဘဒါဝိဒ်ကဲ့သို့ ငါ့နည်းလမ်းများ၌ လိုက်လျှောက်ခြင်း၊ ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာကျင့်ခြင်း၊ ငါ့ထုံးဖွဲ့ဆုံးဖြတ်ချက်များအတိုင်း စောင့်ထိန်းခြင်းများကို ပြုတော့သည်မဟုတ်။
34 သို့ရာတွင် ငါ့မိန့်မှာထုံးဖွဲ့ချက်များကို စောင့်ရှောက်သူ၊ ရွေးချယ်သောကျွန်တော်ရင်း ဒါဝိဒ်ကိုထောက်ထား၍ သူ့လက်မှနိုင်ငံလုံးကို မနုတ်သေးဘဲ
35 အသက်ထက်ဆုံးမင်းပြုစေလျက်၊ သူ့သားလက်မှနိုင်ငံကိုနုတ်ပြီးလျှင်၊ ဆယ်နွယ်ကိုသင့်အားငါပေးမည်။
36 နာမတော်တည်ရန် ငါရွေးချယ်သောယေရုရှလင်မြို့တွင် ကျွန်တော်ရင်းဒါဝိဒ်သည် ငါ့မျက်မှောက်၌ ကာလအစဉ်အလင်းရစေရန် ရှောလမုန်သားသို့ တစ်နွယ်ကိုငါပေးထား၏။
37 ငါရွေးယူသည်နှင့်အညီ သင်လည်းသဘောရှိတိုင်း အုပ်စိုးခွင့်ရ၍ ဣသရေလအပေါ်တွင် ဘုရင်ဖြစ်လိမ့်မည်။
38 သင်သည် ငါ့မိန့်မှာတိုင်း နားထောင်၍ ကျွန်တော်ရင်းဒါဝိဒ်ကဲ့သို့၊ ငါ့နည်းလမ်းများ၌ လိုက်လျှောက်ခြင်း၊ ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာကျင့်ခြင်း၊ ငါ့ထုံးဖွဲ့မိန့်မှာချက်များအတိုင်း စောင့်ထိန်းခြင်းများကိုပြုလျှင်၊ သင်နှင့်အတူငါရှိလျက် ဒါဝိဒ်အမျိုးအနွယ်တည်မြဲစေခဲ့သည့်နည်းတူ သင့်အမျိုးအနွယ်လည်း တည်မြဲစေ၍ ဣသရေလနိုင်ငံကိုအပ်ပေးမည်။
39 ဆိုခဲ့သောပြစ်မှုကြောင့် ဒါဝိဒ်အနွယ်ကို ငါရှုတ်ချသော်လည်း အစဉ်ရှုတ်ချမည်မဟုတ်ဟု မိန့်တော်မူကြောင်း ဆင့်ဆိုလေ၏။
40 ထိုကြောင့်၊ ယေရောဗောင်ကို ကွပ်မျက်ရန် ရှောလမုန်မင်းရှာကြံရာ ယေရောဗောင်သည် အိဂျစ်ပြည်၊ ရှိရှက်မင်းထံပြေးဝင်၍ ရှောလမုန်မင်းကွယ်လွန်သည့်တိုင်အောင် အိဂျစ်ပြည်၌ ခိုနေလေ၏။
41 ရှောလမုန်မင်းပြုမူစီရင်သမျှ အကြွင်းအကျန်နှင့်ဉာဏ်ပညာပါ ရှောလမုန်အရေးတော်ပုံတွင် ရေးထားလျက်ရှိ၏။
42 ရှောလမုန်မင်းသည် ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံလုံးကို နှစ်ပေါင်းလေးဆယ်စိုးစံပြီးမှ
43 ဘေးတော်ဘိုးတော်တို့နှင့်အတူကျိန်းစက်လျက် ခမည်းတော်ဒါဝိဒ်မြို့တော်တွင် စျာပနပြုခြင်းကိုခံရလျှင် သားတော်ရောဗောင်သည် အရိုက်အရာ၌နန်းစံလေ၏။