46
လူမျိုးခြားတို့နှင့်စပ်လျဉ်း၍၊ ပရောဖက်ယေရမိသို့ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုရေးဦးအံ့။
အိဂျစ်ပြည်အကြောင်း၊ ယောရှိမင်းသားတော်၊ ယုဒဘုရင်ယောယကိမ်မင်းနန်းစံလေးနှစ်တွင်၊ ဥဖရတ်မြစ်အနီး၊ ကာခေမိတ်မြို့၌စွဲရပ်စဉ်၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းလုပ်ကြံသော၊ အိဂျစ်ဘုရင်ဖာရောနေခေါမင်း၏ အလုံးအရင်းနှင့်စပ်လျဉ်းသည့်အချက်ကား၊ ဒိုင်းရှည်ဒိုင်းဝန်းများကိုခင်းကျင်းပြီးလျှင်၊ စစ်တက်ကြလော့။ အိုမြင်းရဲတို့၊ မြင်းများကိုက၍ တက်စီးပြီးလျှင်၊ မောက်ရူများကိုဆောင်းလျက်စွဲရပ်ကြလော့။ လှံများကိုတိုက်လျက်၊ သံချပ်များကိုဝတ်ဆင်ကြလော့။ ထိုသူရဲတို့ပျက်ပြားဆုတ်လန်ကြသည်ကို၊ ငါမြင်ရသည်မှာ၊ အသို့နည်း။ သူရဲကောင်းတို့ပင် ဖိနင်းခံ၍၊ မလှည့်မကြည့်ဝံ့ဘဲဆုတ်ပြေးရကြ၏။အဘက်ဘက်ကကြောက်လန့်ဖွယ်ဘေးသင့်ရောက်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ ခြေလျင်တို့ပြေးသွားခွင့်၊ သူရဲကောင်းတို့ဘေးလွတ်ခွင့်မရစေလင့်။ ဥဖရတ်မြစ်အနီး၊ မြောက်ပိုင်း၌၊ ထိခိုက်ကျဆုံးကြလေပြီတကား။ နိလမြစ်တက်သကဲ့သို့တက်ခြင်း၊ လက်ကြားရေခတ်သကဲ့သို့ခတ်ခြင်းကိုပြုသူကား၊ မည်သူနည်း။ အိဂျစ်ဘုရင်သည်၊ နိလမြစ်တက်သကဲ့သို့ တက်ခြင်းကိုလည်းေကာင်း၊ လက်ကြားရေခတ်သကဲ့သို့ခတ်ခြင်းကိုလည်းေကာင်း၊ ပြုလျက်၊ ငါသည် ချီတက်၍မြေတစ်ပြင်လုံးကိုလွှမ်းမိုးရာ၊ မြို့ရွာများကို၊ နေထိုင်သူတို့ပါ၊ ဖျက်ဆီးမည်ဟု ကြိမ်းဝါးသည်တကား။ အိုမြင်းတပ်တို့၊ ချီတက်ကြလော့။ အိုရထားတပ်တို့၊ ကြိမ်းမောင်းကြလော့။ ဒိုင်းလွှားကိုင်ကုရှနှင့်ဖုတလူမျိုး၊ လေးကိုင်တင်တတ်သောလုဒိမ်လူမျိုးတို့၏သူရဲကောင်းများကို ချီထွက်ကြစေ။ 10 သို့ရာတွင်၊ ထိုနေ့ရက်သည်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်၏နေ့တော်၊ ရန်သူတို့အပေါ်တွင် လက်စားချေသောနေ့တော်ဖြစ်သည့်အလျောက်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်သည်၊ ဥဖရတ်မြစ်အနီး၊ မြောက်ပြည်၌၊ ယဇ်ပွဲကိုခံတော်မူသဖြင့်၊ ချင်းတို့အသွေးသည်၊ ယစ်ဝမည့်ဓားစာဖြစ်လိမ့်မည်။ 11 အိုသတို့သမီးကညာအိဂျစ်၊ ဂိလဒ်ပြည်သို့တက်သွား၍ လိမ်းဆေးကိုယူလော့။ ဆေးဝါးများပြားသော်လည်း၊ ကုသ၍မရ၊ အချည်းနှီးဖြစ်လေစွ။ 12 သူရဲကောင်းတို့ပင်အချင်းချင်းထိခိုက်လျက်၊ နှစ်ဦးလုံးအတူကျဆုံးကြသဖြင့်၊ လူမျိုးခြားတို့သည်၊ သင်၏အရှက်ရသတင်းကိုကြားသိ၍၊ မြေတစ်ပြင်လုံးနှံ့၊ သင့်ဟစ်သံနှင့်ပြည့်သည်ဟူ၍တည်း။
13 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည်၊ အိဂျစ်ပြည်ကိုချီတက်လုပ်ကြံမည့်အကြောင်း၊ ပရောဖက်ယေရမိအား၊ ထာဝရဘုရားမိန့်တော်မူသောဗျာဒိတ်တော်ကား၊ 14 ပတ်ဝန်းကျင်ရှိပြည်များသည် ဓားစာဖြစ်သောကြောင့်၊ ခင်းကျင်း၍စွဲရပ်ကြလော့ဟု၊ အိဂျစ်ပြည်တွင်ကြော်ငြာလျက်၊ မိဂဒေါလ၊ နောဖ၊ တာပနက်မြို့များ၌ကြားပြောကြလော့။ 15 စွမ်းရည်ကောင်းသောသူရဲတို့သည်၊ အဘယ့်ကြောင့်လဲကျကြသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ မခံမရပ်နိုင်ကြချေ။ 16 တိုက်လဲစေတော်မူသည့်အတိုင်း၊ လူအများတို့သည်၊ တစ်ယောက်အပေါ်သို့တစ်ယောက်ထပ်လျက်၊ ရက်စက်သော ဓားဘေးအတွက် ချက်သိုရာပြည်၊ ဆွေမျိုးသားချင်းတို့ထံ၊ ထပြန်ကြကုန်အံ့ဟူ၍လည်းေကာင်း၊ 17 ထိုက်သင့်ရာအခါကိုလွန်စေပြီးသောအိဂျစ်ဘုရင် ဖာရောမင်းသည်၊ ပြိုပျက်သံမျှသာတကားဟူ၍လည်းေကာင်း၊ ထိုအရပ်၌ပင် ဟစ်အော်ကြလိမ့်မည်။ 18 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟု နာမရှိတော်မူသောဘုရင်မင်းမြတ်က၊ တောင်များအနက်တာဗော်တောင်သဖွယ်၊ သမုဒ္ဒရာအနီးကရမေလတောင်သဖွယ်၊ မင်းတစ်ပါးချီလာမည်ဟု၊ အသက်တော်ကိုတိုင်တည်လျက်၊ ငါမိန့်ဆိုသည်နှင့်အညီ၊ 19 အိဂျစ်ပြည်၌နေထိုင်သောအိုသတို့သမီး၊ နောဖမြို့တော်သည်၊ နေသူမဲ့ဆိတ်ညံရာဖုန်းဆိုးကုန်းဖြစ်အံ့သောကြောင့်၊ သိမ်းသွားခံရရန်၊ ကိုယ်ကိုပြင်ဆင်လော့ဟုမိန့်တော်မူ၏။
20 အိဂျစ်ပြည်သည်၊ အဆင်းလှသောနွားမတန်းဖြစ်သော်လည်း၊ မြောက်ပိုင်းမှ မှက်ဘေးသင့်ရောက်ခဲ့ပြီ။ 21 ဘေးတွေ့ရာနေ့ရက်၊ ဒဏ်သင့်ရာကာလရောက်သဖြင့်၊ ကျွေးထားသောနွားပေါက်သဖွယ် အငှားစစ်သည်တို့မခံရပ်ဘဲ၊ တစ်စုတည်းဆုတ်လန်ထွက်ပြေးကြရာ၊ 22 ထင်းခုတ်သူတို့ကဲ့သို့၊ ရဲတင်းကိုင်သောရန်သူအလုံးအရင်းချီလာသောကြောင့်၊ မြွေတွားသံမျှသာရှိလိမ့်မည်။ 23 ရေတွက်၍မရသောကျိုင်းအုပ်ထက်များပြားသည့်အတိုင်း၊ မထွင်နိုင်သောပိတ်ပေါင်းကိုခုတ်လှဲကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 24 သတို့သမီးအိဂျစ်သည် အရှက်ကွဲလျက်၊ မြောက်ပိုင်းစစ်သားတို့လက်တွင်းသို့ ရောက်ရလတ္တံ့။ 25 ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ နောမြို့ရှိအာမုန်ဘုရားမှစ၍၊ ဖာရောမင်းကိုလည်းေကာင်း၊ အိဂျစ်ပြည်ကိုလည်းေကာင်း၊ ဘုရားများကိုလည်းေကာင်း၊ ဘုရင်များကိုလည်းေကာင်း၊ ဖာရောမင်းနှင့် အားထားသူတို့ပါ၊ ငါဒဏ်ခတ်လျက်၊ 26 အသက်အန္တရာယ်ရှာကြံသူ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမှစသော၊ ကျေးကျွန်သင်းပင်းတို့လက်တွင်းသို့အပ်နှင်းမည်။ ထိုနောက်၊ ယမန်အတိုင်းစည်ကားဦးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
27 ငါ့ကျွန်ရင်းအိုယာကုပ်၊ အိုဣသရေလလူမျိုး၊ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းလျက်နေလော့။ သင့်ကိုအဆက်အနွယ်ပါ၊ သုံ့ပန်းရာဝေးကွာသောပြည်မှငါကယ်လွှတ်သည့်အလျောက်၊ ယာကုပ်လူမျိုးသည် ပြန်လာခွင့်ရလျက်၊ ထိတ်လန့်ရာမဲ့၊ ချမ်းသာငြိမ်သက်စွာနေလိမ့်မည်။ 28 ငါ့ကျွန်ရင်းအိုယာကုပ်၊ ငါသည်သင်နှင့်အတူရှိသောကြောင့်၊ ကြောက်ရွံ့ခြင်းကင်းလျက်နေလော့။ ငါနှင်ထုတ်၍သင်နေခဲ့ရာလူအမျိုးမျိုးကို ငါကုန်ဆုံးစေသော်လည်း၊ သင့်ကိုကား၊ အပြစ်ကင်းသည်ဟုမမှတ်လျက်ပင်၊ တရားသဖြင့်သာဆုံးမလျက်၊ ကုန်ဆုံးစေမည်မဟုတ်ဟု၊ ထာဝရဘုရားမိန့်တော်မူသည်ဟူ၍တည်း။