42
1 ထိုအခါတပ်မှူးတို့နှင့်တကွ၊ ကာရာ့သားယောဟနန်၊ ဟောရှဲသားအာဇရိတို့သည်၊ လူကြီးလူငယ်အပေါင်းတို့ပါ၊ ပရောဖက်ယေရမိထံချဉ်းကပ်ပြီးလျှင်၊
2-3 ကျွန်တော်တို့တောင်းပန်ချက်ကိုနာခံပါ။ ကိုယ်တော်ဒိဋ္ဌမြင်ရသည့်အတိုင်း၊ အမြောက်အမြားတို့အနက်၊ အနည်းငယ်မျှ ကြွင်းကျန်နေရစ်သူကျွန်တော်တို့အဖို့၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည်၊ လိုက်အပ်သောလမ်း၊ ပြုအပ်သောအမှုကိုကျွန်တော်တို့အားဖော်ပြတော်မူပါမည့်အကြောင်း ကိုယ်တော့်ဘုရားသခင်ထာဝရဘုရားရှေ့တောင်းလျှောက်ပါဟု တောင်းပန်ကြရာ၊
4 ပရောဖက်ယေရမိက၊ နာခံပါ၏။ တောင်းလျှောက်ချက်အရ၊ သင်တို့ဘုရားသခင်ထာဝရဘုရားထံပဌနာပြုမည်။ သင်တို့အားထာဝရဘုရားတုံ့ပြန်တော်မူသမျှကို မထိမ်မချန်ဖော်ပြမည်ဟု၊ ဝန်ခံသည်နှင့်အညီ၊
5 ကျွန်တော်တို့အဖို့ကိုယ်တော်အားဖြင့်၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားပေးသမျှသောဗျာဒိတ်တော်အတိုင်း မလိုက်မနာကြလျှင်၊ ထာဝရဘုရားသည်၊ ကျွန်တော်တို့ဆန့်ကျင်ဘက်၊ သစ္စာတည်လျက်ဟုတ်မှန်သောသက်သေတော်ဖြစ်ပါစေသော။
6 ကျွန်တော်တို့၏ဘုရားသခင်ထာဝရဘုရားထံ၊ ကိုယ်တော်ကိုတောင်းလျှောက်စေကြသည့်အတိုင်း၊ ဗျာဒိတ်တော်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကိုယ့်ဘုရားသခင် ထာဝရဘုရား၏ဗျာဒိတ်တော်သံကို၊ နာခံ၍ကောင်းစားရအံ့သောငှာ၊ နာခံပါမည်ဟု၊ ယေရမိအားတောင်းပန်ကြ၏။
7 ဆယ်ရက်လွန်ပြီးနောက်၊ ထာဝရဘုရား၏ဗျာဒိတ်တော်ရောက်လာသည်နှင့်အညီ၊
8 ကာရာ့သားယောဟနန်ကို၊ ဘက်ပါတပ်မှူးတို့နှင့်တကွလူကြီးလူငယ်အပေါင်းတို့ပါ၊ ခေါ်ပြီးလျှင်၊
9 ယေရမိဆင့်ဆိုသည်မှာ၊ ရှေ့တော်တွင်သင်တို့တောင်းပန်ချက်ကို၊ တစ်ဆင့်တောင်းလျှောက်စေကြသည့်အတိုင်း၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားက၊
10 သင်တို့သည်၊ ဤပြည်တွင်နေမြဲနေကြလျှင်၊ ငါလည်း၊ စီရင်သောဘေးမှစိတ်တော်ပြောင်းလျက်၊ မဖြိုမဖျက်ဘဲတည်ထောင်ခြင်းကိုလည်းေကာင်း၊ မဆွဲမနုတ်ဘဲစိုက်ပျိုးခြင်းကိုလည်းေကာင်း ပြုဦးမည်။
11 သင်တို့ကြောက်ရွံ့သောဗာဗုလုန်ဘုရင်ကို၊ မကြောက်ရွံ့ကြလင့်။ ငါသည်၊ ထိုဘုရင်လက်မှကယ်ဆယ်၍၊ လွတ်မြောက်စေရန်၊ သင်တို့နှင့်အတူရှိသောကြောင့်၊ မကြောက်ရွံ့ကြလင့်ဟု၊ ငါထာဝရဘုရားမိန့်ဆိုလျက်၊
12 ထိုမင်းသည်၊ သနား၍နေရင်းပြည်သို့ပြန်ပို့စေခြင်းငှာ၊ သင်တို့အပေါ်တွင်ငါကရုဏာသက်မည်ဟု မိန့်တော်မူ၏။
13 သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗျာဒိတ်တော်သံကိုနားမထောင်ဘဲလျက်၊ ဤပြည်တွင်ငါတို့မနေဟူ၍လည်းေကာင်း၊
14 နေမည်မဟုတ်။ စစ်မှုတွေ့ခြင်း၊ တံပိုးမှုတ်သံကြားခြင်း၊ အစာမွတ်သိပ်ခြင်းများကိုမခံစားရသောအိဂျစ်ပြည်သို့ ခိုဝင်နေထိုင်မည်ဟူ၍လည်းေကာင်း၊ ဆိုကြလျှင်မူကား၊
15 အိုယုဒလူမျိုးအကြွင်းအကျန်တို့၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနားထောင်ကြဦး။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ အိဂျစ်ပြည်သို့မျက်နှာမူမြဲမူလျက်၊ ဝင်ရောက်တည်းခိုကြလျှင်၊ ကြောက်သောသတ္တန္တရကပ်သည်၊
16 ထိုအိဂျစ်ပြည်၌ပင်၊ သင်တို့ကိုအုပ်မိလျက်၊ ရွံ့သောဒုဗ္ဘိက္ခန္တရကပ်လည်း၊ ထက်ကြပ်လိုက်သဖြင့်၊ ထိုပြည်တွင်သေရကြလတ္တံ့။
17 အိဂျစ်ပြည်သို့မျက်နှာမူလျက်ဝင်ရောက်တည်းခိုသူအပေါင်းတို့သည်၊ ထိုအတိုင်းသတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များကြောင့်သေရကြသဖြင့်၊ ငါသင့် စေမည့်ဘေးနှင့်လွတ်ကင်းကြွင်းကျန်သူမရှိချေဟုမိန့်တော်မူ၏။
18 အသို့ဆိုသော်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ ယေရုရှလင်မြို့သူမြို့သားတို့အပေါ်၌၊ အမျက်ဒေါသကို ငါသွန်းလောင်းခဲ့သည့်နည်းတူ၊ အိဂျစ်ပြည်သို့ဝင်ရောက်ကြသော်၊ ဒေါသသွန်းလောင်းခံရမည့်သင်တို့သည်၊ ကျိန်ဆိုရာ၊ ဆဲရေးရာ၊ ကဲ့ရဲ့ရာ၊ အံ့ဖွယ်သရဲဖြစ်သည့်အလျောက်၊ ဤပြည်ကိုနောက်နောင်မြင်ခွင့်ရကြတော့မည်မဟုတ်ဟုမိန့်တော်မူ၏။
19 အိုယုဒလူမျိုးအကြွင်းအကျန်တို့၊ အိဂျစ်ပြည်သို့မသွားကြလင့်ဟု၊ သင်တို့နှင့်စပ်လျဉ်း၍ထာဝရဘုရားဗျာဒိတ်ပေးတော်မူကြောင်း၊ ယနေ့ငါသက်သေခံသည်ကိုသိမှတ်ကြလော့။
20-21 သင်တို့သည်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားထံ၊ ငါ့ကိုတောင်းလျှောက်စေလျက်၊ ကျွန်တော်တို့အဖို့၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားထံတောင်းလျှောက်ပါ။ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်းဖော်ပြလျှင်၊ လိုက်နာပါမည်ဟုဝန်ခံကြသည်နှင့်အညီ၊ ယနေ့ငါဖော်ပြသော်လည်း၊ ငါ့အားဖြင့်သင်တို့ ဘုရားသခင်ထာဝရဘုရားပေးတော်မူလေရာရာ၊ ဗျာဒိတ်တော်သံကိုနားမထောင်သည့်အတွက်၊ လမ်းလွဲ၍ အသက်အန္တရာယ်ရှာရာရောက်ကြပြီ။
22 သို့ဖြစ်၍၊ သင်တို့သွားရောက်တည်းခိုရန်အလိုရှိသောပြည်၌ပင်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များကြောင့်၊ သေရမည်ကိုသိမှတ်ကြလော့ဟုဆင့်ဆိုလေ၏။