41
1 သတ္တမလတွင်၊ မင်းမျိုးမင်းနွယ်ဖြစ်သူဘုရင်မင်း၏ဗိုလ်မှူးတစ်ဦးဧလိရှမာ့မြေး၊ နာသနိသားဣရှမေလသည်၊ လူတစ်ကျိပ်နှင့်တကွ၊မိဇပါမြို့ရှိအဟိကံ့သားဂေဒလိထံရောက် လာလျက်၊ ထိုမြို့၌ အတူစားသောက်ကြစဉ်၊
2 နာသနိသားဣရှမေလသည် ဘက်ပါလူတစ်ကျိပ်နှင့်ထ၍၊ ပြည်ပေါ်တွင်၊ ဗာဗုလုန်ဘုရင်ခန့်ထားခဲ့သူရှာဖန့်မြေး၊ အဟိကံ့သား၊ ထိုဂေဒလိကို၊ ဓားဖြင့်လုပ်ကြံပြီးလျှင်၊
3 မိဇပါမြို့ရှိအပေါင်းပါယူဒလူမျိုးနှင့်၊ တွေ့သမျှသောခါလဒဲသူရဲတို့ကို လုပ်ကြံလေ၏။
4 မည်သူမျှမသိဘဲ၊ ဂေဒလိကိုသတ်သောနောက်နေ့၌၊
5 မုတ်ဆိတ်ရိတ်ခြင်း၊ အဝတ်ဆုတ်ခြင်း၊ ကိုယ်ကိုထိရှခြင်းပြုပြီးသော၊ ရှေခင်၊ ရှိလော၊ ရှမာရိမြို့သားရှစ်ကျိပ်တို့သည်၊ ဗိမာန်တော်၌ဆက်ကပ်ရန် ပူဇော်သက္ကာနှင့်လောဗန်စေးများကိုဆောင်သွားကြစဉ်၊
6 နာသနိသားဣရှမေလသည်၊ မရပ်မစဲငိုကြွေးလျက်ကြိုဆိုရန်၊ မိဇပါမြို့မှထွက်သွား၍တွေ့ဆုံသော်၊ အဟိကံ့သားဂေဒလိထံဝင်ပါဦးဟု၊ ခေါ်ဖိတ်သည့်အတိုင်း၊ မြို့တွင်းသို့ရောက်ကြလျှင်၊
7 နာသနိသားဣရှမေလသည်၊ ဘက်ပါလူတို့နှင့်တကွ၊ ထိုသူတို့ကိုလုပ်ကြံလျက်၊ ရေတွင်း၌ပစ်ချလိုက်၏။
8 သို့ရာတွင်၊ ထိုသူတို့အနက်၊ ကျွန်တော်တို့သည်၊ တောအရပ်၌ဂျုံ၊ မုရော၊ ဆီ၊ ပျားရည်များကိုသိုထားပါပြီ။ သတ်တော်မမူပါလင့်ဟု၊ ဣရှမေလအားတောင်းပန်ကြသောလူ တစ်ကျိပ်တို့ကို၊ ဆွေမျိုးသားချင်းတို့နှင့်တကွမသတ်ဘဲ၊ ချမ်းသာပေးလေ၏။
9 ဂေဒလိအလောင်းနှင့်တကွ၊ လုပ်ကြံပြီးသောအလောင်းဟူသမျှကို၊ ဣရှမေလပစ်ချသောတွင်းကား၊ ဣသရေလဘုရင်ဗာရှာမင်းအရေးကြောင့်၊ အာသမင်းတူးဖော်ခဲ့သောတွင်းတည်း။ နာသနိသားဣရှမေလသည်၊ ထိုတွင်းကိုအသေကောင်များနှင့်ပြည့်စေသတည်း။
10 ထို့နောက်နာသနိသားဣရှေမေလသည်၊ အဟိကံ့သားဂေဒလိသို့၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်လွှဲအပ်ခဲ့သောမင်းသမီးတို့မှစ၍၊ မိဇပါမြို့၌နေရစ်သူအကြွင်းအကျန် အပေါင်းတို့ကိုသုံ့ဘမ်း၍၊ အမ္မုန်အမျိုးသားတို့ပြည်သို့ကူးဝင်ရန်အကြံနှင့်ထွက်သွားလေ၏။
11 သို့ရာတွင်၊ ကာရာ့သားယောဟနန်သည်၊ ဘက်ပါတပ်မှူးတို့နှင့်တကွ၊ နာသနိသားဣရှေမလပြုသမျှသောဆိုးသွမ်းမှူကိုကြားလျှင်၊
12 တပ်သားအပေါင်းတို့ကိုခေါ်၍၊ နာသနိသား ဣရှမေလကိုတိုက်ခိုက်ရန်ချီသွားလျက်၊ ဂိဗောင်ရေကန်ကြီးအနီးတွင်မီသဖြင့်၊
13-14 မိဇပါမြို့မှဣရှမေလသိမ်းသွားရာပါရှိသူအပေါင်းတို့သည်၊ ကာရာ့သားယောဟနန်နှင့်ဘက်ပါတပ်မှူးတို့ကိုမြင်လျှင်၊ အားရရွှင်လန်းစွာလှည့်၍၊ ကာရာ့သားယောဟနန့်ထံပြန်ဝင်ကြ၏။
15 နာသနိသားဣရှမေလမူကား၊ သူရဲရှစ်ယောက်တို့ပါ၊ ယောဟနန်လက်မှလွတ်မြောက်လျက်၊ အမ္မုန်အမျိုးသားတို့ပြည်သို့သွားရောက်လေ၏။
16 ထို့နောက်၊ ကာရာ့သားယောဟနန်သည်၊ ဘက်ပါတပ်မှူးတို့နှင့်တကွ၊ အဟိကံ့သားဂေဒလိကိုလုပ်ကြံခဲ့သူ၊ နာသနိသားဣရှေမေလလက်မှရ၍၊ ဂိဗောင်မြို့ကထုတ်ဆောင်သူများ၊ မိဇပါမြို့နေလူမျိုးတော်အကြွင်းအကျန်တည်းဟူသောစစ်သူရဲ၊ မိန်းမ၊ သူငယ်၊ မိန်းမစိုးများတို့ကိုခေါ်၍၊
17-18 ပြည်ပေါ်တွင်၊ ဗာဗုလုန်ဘုရင်ခန့်ထားခဲ့သော၊ အဟိကံ့သားဂေဒလိကို၊ နာသနိသားဣရှမေလလုပ်ကြံသည့်အတွက်၊ ခါလဒဲလူမျိုးတို့ကိုကြောက်ရွံ့၍၊ အိဂျစ်ပြည်သို့ခိုဝင်ရန်အကြံနှင့်၊ ဗက်လင်မြို့အနီး၊ ခိမဟံစားခန်းတို့သို့သွားရောက်ရပ်တန့်ကြ၏။