35
1-2 ရေခပ်အနွယ်သားတို့နေရာသို့သွား၍ နှုတ်ဆက်ပြီးလျှင်၊ ဗိမာန်တော်ရှိ အခန်းတစ်ခန်းအတွင်းခေါ်၍ စပျစ်ရည်ကိုတိုက်လော့ဟု၊ ယောရှိမင်းသားတော်၊ ယုဒဘုရင်ယောယကိမ်မင်းလက်ထက်၊ ငါယေရမိသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း။ ငါသည်ဟာဗဇိညာ့မြေး၊ ယေရမိသားယာဇညာမှစ၍၊ သားများ၊ ဆွေမျိုးသားချင်းများ၊ ရေခပ်အနွယ်သားရှိသမျှကို၊ ဗိမာန်တော်တွင်အထွက်အဝင်ကြည့်ရှုရသူ၊ ရှလ္လုံသားမာသေယ၏အခန်းအထက် မှူးတော်မတ်တော်တို့အခန်းအနီး၊ ဘုရားသခင့်လူယုံတော်ဣဂဒါလိမြေး၊ ဟာနန့်သားတို့၏အခန်းအတွင်းသို့ခေါ်သွားပြီးလျှင်၊ စပျစ်ရည်ပြည့်သောမြူအိုးနှင့်ဖလားများကို၊ ထိုရေခပ်အနွယ်သားတို့ရှေ့တည်လျက်၊ စပျစ်ရည်သောက်ကြပါဟုတိုက်တွန်းသော်၊ 6-7 ကျွန်တော်တို့သည် စပျစ်ရည်မသောက်ကြပါ။ အနွယ်၏အဘဖြစ်သူရေခပ်သားယောနဒပ်က၊ တည်းခိုရာပြည်၌တာရှည်စွာနေရကြရန် သင်တို့မှစ၍သားစဉ်မြေးဆက်တို့သည် ကာလအစဉ်စပျစ်ရည်သောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ မျိုးကြဲခြင်း၊ ခြံလုပ်ခြင်း၊ အပိုင်ထားခြင်းများကိုမပြုရ၊ တစ်သက်ပတ်လုံးတဲရှင်နှင့်သာနေရကြမည်ဟုမှာထားပါ၏။ 8-9 ကျွန်တော်တို့သည် အဘဖြစ်သူရေခပ်သားယောနဒပ်မှာထားသမျှကိုနားထောင်၍ စပျစ်ရည်သောက်ခြင်း၊ နေအိမ်ဆောက်ခြင်း၊ ခြံ၊ လယ်ယာမျိုး၊ အပိုင်ထားခြင်းများကို၊ မယားသားသမီးတို့ပါ တစ်သက်ပတ်လုံးမပြုဘဲ၊ 10 တဲရှင်နှင့်သာလျက်၊ အဘယောနဒပ်မှာထားသမျှအတိုင်း လိုက်နာပြုကျင့်ကြပါ၏။ 11 သို့ရာတွင်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ပြည်တော်သို့ချီတက်သည့်ကာလ၊ ခါလဒဲအလုံးအရင်း၊ ရှုရိအလုံးအရင်းများအတွက်ကြောင့် ယေရုရှလင်မြို့သို့ ခိုဝင်ကြကုန်အံ့ဟုဆိုကြသည့်အလျောက် ယေရုရှလင်မြို့၌ နေထိုင်ရပါသည်ဟု၊ ထိုသူတို့ပြန်ဆိုကြ၏။
12 ထိုအခါ၊ ယေရမိသို့ရောက်ပြန်သော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကား။ 13 ဣသရလလူမျိုး၏ဘုရားသခင်၊ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားက၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့ရှိရာသို့သွားပြီးလျှင် ဗျာဒိတ်တော်ချက်များကိုနားထောင်ရန်၊ အဆုံးအမကိုမနာယူသလော။ 14 စပျစ်ရည်မသောက်ရဟူ၍၊ ရေခပ်၏သားယောနဒပ်မှာထားချက်သည်အတည်ဖြစ်လျက် အဘ၏ အမိန့်ကိုနားထောင်သဖြင့်၊ ယခုတိုင်တိုင်သားစဉ်မြေးဆက်တို့ မသောက်ဘဲနေကြ၏။ သင်တို့မှာမူ ငါဝိရိယစိုက်၍မိန့်မှာသော်လည်း နားမထောင်ကြချေ။ 15 ဘိုးဘေးများမှစ၍ သင်တို့အား ငါပေးခဲ့သောပြည်တွင်နေထိုင်ခွင့်ရကြရန်၊ အခြားဘုရားများနောက်မလိုက်မလျှောက်၊ ဝတ်မပြုဘဲ၊ ဆိုးသွမ်းသောကိုယ့်အလေ့အလာ များမှ၊ အသီးအသီးပြောင်းလဲ၍ အကျင့်အကြံများကို ပြုပြင်ကြလော့ဟု၊ ဆင့်ဆိုရသော ကျွန်တော်ရင်းပရောဖက်တို့ကို ငါဝိရိယစိုက်၍စေလွှတ်သော်လည်း နာခံနားထောင် ခြင်းမပြုဘဲ၊ သင်တို့နေကြလေစွ။ 16 သို့ဖြစ်၍ ရေခပ်သားယောနဒပ်သားစဉ်မြေးဆက်တို့သည် အဘမှာထားချက်ကိုအတည်ပြုလျက်နှင့် ငါ၏ဗျာဒိတ်ကို ဤလူမျိုးနားမထောင်ဘဲနေကြသည့်အတွက်ကြောင့်၊ 17 ဣသရေလလူမျိုး၏ ဘုရားသခင်၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားသခင်က၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့သည် ငါမိန့်မှာသောအခါ၊ နားမထောင်။ ငါခေါ်သော အခါ၊ မထူးဘဲနေကြသည့်အတွက် ပြဋ္ဌာန်းသမျှသောဘေးကို၊ ငါသင့်ရောက်စေမည်ဟုမိန့်ဆိုကြောင်း ဆင့်ဆိုလော့ဟူ၍တည်း။ 18-19 ရေခပ်အနွယ်သားတို့အားလည်း ယေရမိက၊ သင်တို့သည် အဘယောနဒပ်မှာထားခဲ့သမျှသောအချက်များကို လိုက်နာပြုကျင့်စောင့်ရှောက်ကြသောကြောင့် ရှေ့တော်တွင်အစဉ်ခစားရသော၊ ရေခပ်သားယောနဒပ်၏အဆက်အနွယ်မပြတ်ရဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်မိန့်တော်မူကြောင်း ဆင့်ဆိုလေ၏။