34
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် အလုံးအရင်းနှင့်တကွ အုပ်စိုးရသမျှသော၊ မြေပေါ်ရှိတိုင်းနိုင်ငံလူအမျိုးမျိုးတို့ပါ၊ ယေရုရှလင်မြို့နှင့်ဆိုင်ရာမြို့များကိုတိုက်ခိုက်နေစဉ်၊ ယေရမိသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကိုရေးဦးအံ့။ ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရားက၊ ယုဒဘုရင်ဇေဒကိထံသွား၍ဆင့်ဆိုရမည်မှာ၊ မီးတိုက်မည့်ဗာဗုလုန်ဘုရင့်လက်တွင်းသို့ ဤမြို့ကိုငါအပ်နှင်းသည့်အလျောက်၊ သင့်ကိုယ်တိုင်မလွတ်မမြောက်ဘဲ သုံ့ပန်းခံရသဖြင့် ထိုမင်း၏လက်တွင်းသို့ရောက်၍၊ မျက်မှောက်ထင်ထင်ရှုမြင်ပြောဆိုပြီးလျှင် ဗာဗုလုန်မြို့သို့လိုက်သွားရမည်ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း။ သို့ရာတွင်၊ ယုဒဘုရင်အိုဇေဒကိမင်း၊ ဗျာဒိတ်တော်ကိုနာခံဦးလော့။ ငါထာဝရဘုရားဗျာဒိတ်ပေးခဲ့သည်နှင့်အညီ သင်သည်ဓားလက်နက်ဖြင့်မသေ။ ချမ်းသာစွာကွယ်လွန်ခွင့်ရ၍ ယမန်မင်းပြုခဲ့သောသင်၏ဘိုးဘေးတို့ခံရကြသည့်နည်းတူ၊ နံသာပေါင်းရှို့ခြင်း၊ အိုအရှင်ဘုရားဟူ၍မြည်တမ်းခြင်းများကိုခံရမည်ဟု၊ သင့်အားရည်လျက် ထာဝရဘုရားမိန့်တော်မူကြောင်းများကိုဆင့်ဆိုရန်အမိန့်တော်အတိုင်း၊ 6-7 ယေရုရှလင်မြို့မှစ၍ ယုဒပြည်ရှိခံမြို့များအနက် ကျန်သေးသောလာခိရှနှင့်အဇကာမြို့များကို ဗာဗုလုန်ဘုရင်၏အလုံးအရင်းတိုက်ခိုက်နေစဉ်ပင်၊ ယုဒဘုရင်ဇေဒကိမင်းထံ ယေရုရှလင်မြို့တွင် ထိုဗျာဒိတ်ချက်ဟူသမျှကို ပရောဖက်ေယရမိဆင့်ဆိုလေ၏။
8-9 ဆွေမျိုးသားချင်းယုဒလူမျိုးကို မစေစားဘဲလွတ်ခွင့်ကြော်ငြာ၍ အရှင်ဟူသမျှသည် ဟေဗြဲလူမျိုးဖြစ်သူ၊ ကိုယ့်ကျွန်ယောက်ျားကျွန်မိန်းမအား၊ လွတ်သွားခွင့်ပေးကြမည့်အကြောင်း ယေရုရှလင်မြို့သူမြို့သားတို့နှင့်ဇေဒကိမင်းပဋိညာဉ်ပြုသည့်အတိုင်း ဆက်လက်မစေစားဘဲ၊ 10 ကိုယ်ပိုင်ကျွန်ယောက်ျားကျွန်မိန်းမကို အသီးအသီးလွတ်သွားခွင့်ပေးရန်၊ ထိုပဋိညာဉ်ကိုဝန်ခံသောမှူးမတ်တို့နှင့်မြို့သူမြို့သားတို့သည်နာခံနားထောင်လျက်လွှတ်ကြပြီးနောက် သဘောပြောင်း၍၊ 11 လွှတ်ပြီးသောကျွန်ယောက်ျား ကျွန်မိန်းမတို့ကိုပြန်ခေါ်လျက်၊ ကျွန်ခံစေသောကြောင့်၊ 12 ယေရမိသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား။ 13-14 ဣသရေလလူမျိုး၏ဘုရားသခင်ငါထာဝရဘုရားက၊ ကိုယ်ကိုရောင်းချ၍ ခြောက်နှစ်အစေခံပြီးသောဆွေမျိုးသားချင်းဟေဗြဲလူမျိုးကို သတ္တမနှစ်တွင်လွတ်သွားခွင့် ပေးကြရမည့်အကြောင်း၊ ကျွန်ခံနေရာအိဂျစ်ပြည်မှထုတ်ဆောင်သောနေ့ရက်ကာလ၌ သင်တို့ဘိုးေဘးများနှင့်ပဋိညာဉ်ကိုငါဖဲ့ွေသာ်လည်းနာခံနားထောင်ခြင်းမပြုကြချေ။ 15 ယခုမှာလည်း သင်တို့သည် သဘောပြောင်း၍ အချင်းချင်းအားလွတ်ခွင့်ကြော်ငြာသဖြင့်မျက်မှောက်တော်တွင်ဖြောင့်မှန်စွာပြုကျင့်လျက်၊ နာမတော်ဖြင့်သမုတ်ခံသောဗိမာန်တော့်အတွင်း၊ ရှေ့တော်၌ပဋိညာဉ်ကိုဝန်ခံကြသော်လည်း၊ 16 အသီးအသီးတို့သဘောဖောက်ပြန်၍၊ အလိုအလျောက်လွတ်သွားခွင့်ပေးပြီးသော၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမကို၊ ပြန်ခေါ်လျက်ကျွန်ခံစေသဖြင့်၊ နာမတော်ကိုညှိုးပုတ်စေကြပြီတကားဟုမိန့်ဆို၏။ 17 သို့ဖြစ်၍ငါထာဝရဘုရားက၊ သင်တို့သည်အပေါင်းအဖော်ချင်း၊ ဆွေမျိုးသားချင်းတို့အား၊ လွတ်သွားခွင့်ကြော်ငြာရန်ဗျာဒိတ်တော်ကိုနားမထောင်ကြသည့်အတွက် ငါလည်းသင်တို့ကို သတ္တန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်များအတွင်းသို့၊ လွတ်သွားခွင့်ကြော်ငြာသည့်အလျောက်၊ မြေပေါ်ရှိတိုင်းနိုင်ငံအရပ်ရပ်တွင်ထိတ်လန့်ဖွယ်ထားမည်။​ 18 ပဋိညာဉ်တော်ကိုဖောက်ကျော်သူ၊ နွားသားငယ်ကိုထက်ခြမ်းခွဲပြီးလျှင်၊ ခွဲခြမ်းကြားတွင်လျှောက်သွားလျက်၊ ရှေ့တော်၌ဝန်ခံသောပဋိညာဉ်ချက်ကိုအတည်မပြုသူတည်း ဟူသော။ 19 ထိုနွားခြမ်းကြားတွင်လျှောက်သွားသူယုဒပြည်ယေရုရှလင်မြို့မှူးမတ်များမှစ၍၊ မိန်းမစိုးများ၊ ပရောဟိတ်များနှင့် ပြည်သူပြည်သားများကို၊ 20 အသက်အန္တရာယ်ရှာကြံသူရန်ဘက်တို့လက်တွင်းသို့ငါအပ်နှင်းသဖြင့်၊ အလောင်းများသည် လေသတ္တဝါ၊ မြေသတ္တဝါတို့အစာဖြစ်ကြလတ္တံ့။ 21 ယုဒဘုရင်ဇေဒကိကိုလည်း မှူးမတ်များပါ၊ အသက်အန္တရာယ်ရှာကြံသူရန်ဘက်၊ ဆုတ်ခွာပြီးဗာဗုလုန်ဘုရင်၏ အလုံးအရင်းလက်တွင်းသို့ငါအပ်နှင်းမည်။ 22 ငါအမိန့်ရှိသဖြင့်၊ ထိုအလုံးအရင်းသည် ဤမြို့ကိုပြန်တက်တိုက်ခိုက်သိမ်းယူ၍၊ ကျွမ်းလောင်စေသည့်အလျောက်၊ ယုဒပြည်မြို့ရွာများကိုလည်း၊နေသူမဲ့ဆိတ်ညံရာ ဖြစ်စေမည်ဟု၊ ငါထာဝရဘုရားမိန့်ဆိုသည်ဟူ၍တည်း။