36
ယောရှိမင်းသားတော်၊ ယုဒဘုရင်ယောယကိမ်မင်းနန်းစံလေးနှစ်တွင် ယေရမိသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား။ ပေလိပ်ကိုယူပြီးလျှင် ယောရှိမင်းလက်ထက်၊ ငါမိန့်ဆိုသည့်နေ့ကစ၍ယခုတိုင်အောင်၊ ဣသရေလလူမျိုး၊ ယုဒလူမျိုး၊ အခြားသောလူမျိုးတို့အားရည်လျက် ငါမိန့်ဆို သမျှသောဗျာဒိတ်ချက်များကိုရေးတင်လော့။ ငါပြဋ္ဌာန်းသမျှသောမကောင်းကျိုးကိုကြားသိလျှင် အပြစ်ဒုစရိုက်ကိုငါဖြေလွှတ်ရစေခြင်းငှာ၊ ယုဒအမျိုးသားအသီးသီးတို့သည် ကိုယ့်မကောင်းလမ်းမှကြဉ်ရှောင်ကောင်း ကြဉ်ရှောင်ကြလိမ့်မည်ဟုရောက်လာသော်၊ ယေရမိခေါ်သော၊ နေရိသားဗာရုတ်သည်၊ ထာဝရဘုရားမိန့်တော်မူသမျှသောဗျာဒိတ်ချက်များကို၊ ယေရမိနှုတ်ထွက်အတိုင်း ပေလိပ်တွင်ရေးတင်၏။ ထို့နောက်ယေရမိက၊ ငါသည်ကန့်ကွက်ခံရသဖြင့်၊ ဗိမာန်တော်သို့မသွားရ။ သင်မှာမူသွား၍ငါ့နှုတ်ထွက်အတိုင်း၊ ပေလိပ်တွင်ရေးတင်သော၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ချက်များကို၊ အစာရှောင်သောနေ့၌၊ မြို့ရွာများမှရောက်လာသော ယုဒပြည်သူပြည်သားတို့နှင့်၊ ဗိမာန်တော်ရှိလူပရိသတ်ရှေ့၊ ဖတ်ရွတ်လော့။ ဤလူမျိုးအပေါ်၌ထာဝရဘုရားပြဋ္ဌာန်းတော်မူသော အမျက်ဒေါသပြင်းထန်လှသည်ကိုထောက်၍၊ အသီးအသီးတို့သည် ထာဝရဘုရားရှေ့ အသနားတော်ခံလျက်၊ ကိုယ့်မကောင်းလမ်းမှကြဉ်ရှောင်ကောင်းကြဉ်ရှောင်ကြလိမ့်မည်ဟု၊ ပရောဖက်ယေရမိမှာလိုက်သမျှအတိုင်း၊ နေရိသားဗာရုတ်သည်နာယူလျက် ထိုကျမ်းပါထာဝရဘုရား၏ဗျာဒိတ်တော်ချက်များကို၊ ဗိမာန်တော်တွင်ဖတ်ရွတ်လေ၏။
ယောရှိမင်းသားတော်၊ ယုဒဘုရင်ယောယကိမ်မင်းနန်းစံငါးနှစ်၊ နဝမလတွင်၊ ယေရုရှလင်မြို့သူမြို့သားတို့နှင့်၊ ယုဒပြည်မြို့ရွာများမှ မြို့တော်သို့ရောက်လာသူအပေါင်းတို့သည်၊ အစာရှောင်ရာနေ့ကိုကြော်ငြာကြသည့်အလျောက်၊ 10 ဗိမာန်တော်အထက်တံတိုင်းအတွင်း၊ တံခါးတော်သစ်ဝအနီး သံတော်ဆင့်ရှာဖန်၏သား ဂေမရိအခန်း၌၊ ကျမ်းပါသောယေရမိပြန်ကြားချက်များကို၊ လူပရိသတ်ရှေ့၊ ဗာရုတ်ဖတ်ရွတ်သည့်အတိုင်း၊ 11 ရှာဖန့်မြေး၊ ဂေမရိသားမိက္ခာယသည်၊ ထိုကျမ်းပါသမျှသောထာဝရဘုရား၏ဗျာဒိတ်တော်ချက်ကိုကြားလျှင်၊ 12 သံတော်ဆင့်ဧလိရှမာ၊ ေရှမာယသားဒေလာယ၊ အာခဗော်သားလေနာသန်၊ ရှာဖန့်သားဂေမရိ၊ ဟာနနိသားဇေဒကိမှစသောမှူးမတ်အပေါင်းတို့ထိုင်ေနရာ၊ နန်းတော်ရှိသံတော်ဆင့်၏အခန်းတွင်းသို့ဝင်သွားလျက်၊ 13 လူပရိသတ်ရှေ့ဗာရုတ်ဖတ်ရွတ်ရာ ကြားသမျှသောကျမ်းများကိုပြန်ကြားလေ၏။ 14 ထိုအခါ၊ မှူးမတ်တို့သည်ကုရှိမြစ်၊ ရှေလမိမြေး၊ နာသနိသားယေဟုဒိကို၊ ဗာရုတ်ထံစေလွှတ်လျက်၊ လူပရိသတ်ရှေ့ဖတ်ရွတ်ခဲ့ရာကျမ်းလိပ်ကိုကိုင်ယူခဲ့လော့ဟုဆင့်ခေါ်သည့်အတိုင်း၊ နေရိသားဗာရုတ်သည် ကျမ်းလိပ်ကိုကိုင်ယူရောက်လာသော်၊ 15 ငါတို့ရှေ့ထိုင်နေဖတ်ရွတ်ဦးလော့ဟုဆိုကြသဖြင့် ဗာရုတ်ဖတ်ရွတ်လေ၏။ 16 ထိုကျမ်းချက်ဟူသမျှကိုကြားကြလျှင် အချင်းချင်းအံ့အားသင့်လျက်၊ ဤအချက်အလုံးစုံကိုဘုရင်မင်းမြတ်ထံမုချတင်လျှောက်မည်ဟု၊ ဗာရုတ်အားဆိုကြပြီးနောက်၊ 17 ပရောဖက်နှုတ်ထွက်အတိုင်း၊ ထိုအချက်အလုံးစုံကိုမည်သို့ရေးကြောင်းဖော်ပြလော့ဟုဆိုကြရာ၊ 18 ဗာရုတ်က၊ ကျွန်တော်သည် ပရောဖက်နှုတ်မြွက်ဆင့်ဆိုသမျှဤအချက်များကို မင်ဖြင့်ကျမ်းဂန်ရေးသားပါပြီဟုပြန်လျှောက်သော်၊ 19 သင်နှင့်ယေရမိနှစ်ဦးလုံးသွား၍ နေရာကိုတစ်ဦးတစ်ယောက်မျှမသိစေဘဲပုန်းရှောင်ကြဟု၊ မှူးမတ်တို့သတိပေးလျက်၊ 20 ကျမ်းလိပ်ကိုသံတော်ဆင့်ဧလိရှမာ၏အခန်းတွင်သိုထားပြီးလျှင်၊ နန်းမြို့ရိုးအတွင်းစံနေသောဘုရင်မင်းထံတိုးဝင်၍ အမှုအရေးကိုအလုံးစုံတင်လျှောက်ကြသည့်အတိုင်း၊ 21 ကျမ်းလိပ်ကိုယူဆောင်ရန် ဘုရင်မင်းလွှတ်လိုက်သောယေဟုဒိသည် သံတော်ဆင့်ဧလိရှမာ၏အခန်းထဲမှယူဆောင်ပြီးလျှင် ဘုရင်မင်းနှင့်ခစားသောမှူးမတ်တို့ရှေ့ဖတ်ရွတ်လေ၏။ 22 နဝမလဖြစ်သည့်အလျောက်၊ ဘုရင်မင်းသည်၊ သုဘနန်းဆောင်တွင်၊ မီးအိုးကင်းအနီး၊ မီးလှုံလျက်စံနေစဉ်၊ 23 သုံးလေးကန့်တိုင်ယေဟုဒိဖတ်မိလျှင်၊ အိုးကင်းရှိမီး၌ကျမ်းလိပ်မကုန်မချင်း၊ ဓားမျှောင်နှင့်အကြိမ်ကြိမ်လှီးဖြတ်၍ပစ်ရှို့လေ၏။ 24-25 ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် ထိုကျမ်းလိပ်ကိုမကျွမ်းစေခြင်းငှာ၊ အသနားခံကြသော်လည်း၊ ဘုရင်မင်းနားမဝင်သည့်ပြင်၊ ထိုကျမ်းချက်အလုံးစုံကိုကြားရသူ၊ ကျေးကျွန်သင်းပင်းတို့နှင့်တကွ၊ မကြောက်မရွံ့၊ အဝတ်မဆုတ်ဘဲနေလေ၏။ 26 ပရောဖက်ယေရမိနှင့်ကျမ်းရေးသူဗာရုတ်တို့ကိုဖမ်းဆီးရန်၊ မင်းသားယေရမေလ၊ အာဇရေလသားစရာယ၊ အာဗဒေလသားရှေလမိတို့အား၊ ဘုရင်မင်းအမိန့်ထုတ်သော်လည်း ထာဝရဘုရားဝှက်ထားတော်မူသတည်း။
27 ယေရမိနှုတ်ထွက်အတိုင်း ဗာရုတ်ရေးတင်ပြီးအချက်များပါသောကျမ်းလိပ်ကို၊ ဘုရင်မင်းကျွမ်းစေပြီးနောက်၊ ယေရမိသို့ရောက်ပြန်သော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကား။ 28 ပေတစ်လိပ်ကိုယူ၍၊ ယုဒဘုရင်ယောယကိမ်ကျွမ်းစေခဲ့သော၊ မူလကျမ်းလိပ်ပါသမျှအချက်အရ၊ ရေးဦးလော့။ 29 ယုဒဘုရင်ယောယကိမ်ကိုရည်လျက်၊ ဆရာက၊ ဗာဗုလုန်ဘုရင်သည် ဤပြည်ကိုမုချချီဝင်ဖျက်ဆီးရာ၊ လူသူတိရစ္ဆာန်များပပျောက်စေမည့်အကြောင်း၊ အဘယ့်ကြောင့်ရေးသနည်းဟုဆိုလျက် မူလကျမ်းလိပ်ကို သင်ကျွမ်းစေသောကြောင့်၊ 30 ထိုယုဒဘုရင်ယောယကိမ်သည် ဒါဝိဒ်မင်း၏နန်းကိုဆက်ခံသူ အမျိုးအနွယ်မကျန် နေ့အခါ၌နေပူသို့လည်း‌ေကာင်း၊ ညဉ့်အခါ၌နှင်းခဲသို့လည်း‌ေကာင်း အသေကောင်ပစ်ချခံရမည့်ပြင်၊ 31 ထိုမင်းမှစ၍ အဆက်အနွယ်နှင့်ကျေးကျွန်သင်းပင်းတို့ဒုစရိုက်အတွက်ကြောင့်ဒဏ်ခတ်၍၊ ယေရုရှလင်မြို့သူယုဒပြည်သားတို့နှင့်တကွ၊ ချင်းတို့မနာခံလျက်ပင်၊ ငါ ပြဋ္ဌာန်းသမျှသောဘေးကိုသင့်ရောက်စေမည့်အကြောင်း၊ ငါထာဝရဘုရားမိန့်ဆိုသည်ဟုဆင့်ဆိုရန် မိန့်တော်မူသည့်အလျောက်၊ 32 ပေတစ်လိပ်ကိုယေရမိယူ၍ နေရိသား၊ ကျမ်းရေးသူဗာရုတ်အားအပ်ပေးပြီးလျှင်၊ ဗာရုတ်သည် ယုဒဘုရင်ယောယကိမ်မင်းကျွမ်းစေသော၊ ကျမ်းပါအချက်အလုံးစုံကို၊ အလားတူအချက်များပါ၊ ယေရမိနှုတ်ထွက်အတိုင်းရေးပြန်သတည်း။